ဘောလုံးကစားခြင်း

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

လူသိများသော ကစားခုန်းစား[ပြင်ဆင်ရန်]

အနောက်တိုင်းများတွင် လူကြိုက်အများဆုံးသော ကစားနည်းဖြစ်သည့် ဘောလုံးကစားခြင်းကို မြန်မာနိုင်ငံကလည်း လက်ခံကာ ရာသီမရွေး ကစားနေလေပြီ။ ထိုကစားနည်းမှာ တစ်ဦးကောင်း တစ်ယောက်ကောင်း မဟုတ်ဘဲ အများနှင့် အဖွဲ့လိုက် ကစားရသည့်ပြင် အားကစာစိတ်ဓာတ်ကို လှုံ့ဆော် ပေးလေသည်။

ဘောလုံးကစားခြင်း[ပြင်ဆင်ရန်]

အပြည်ပြည်ဆိုင်ရာ ကစားနည်း ဥပဒေဖြင့် ကစားကွင်းအတွင်း၌ တစ်ဘက်နှင့် တစ်ဖက် ဘောလုံးကို အပြိုင်အဆိုင် အရှုံးအနိုင်ကန်၍ ဂိုးသွင်းကစား ခြင်းကို ဘောလုံးကစားခြင်းဟု ခေါ်သည်။ ဘောလုံးကို ခြေဖြင့် ကန်၍ ကစားရသောကြောင့် အင်္ဂလိပ်ဘာသာဖြင့် ဖွတ် (ခြေ) ဘော (ဘောလုံး) ဟုခေါ်သည်။

ဘောလုံး ကစားရာတွင် ဆော့ကာနှင့် ရပ်ဗီဟူ၍ ဘောလုံးကစားနည်း ၂ မျိုးရှိသည်။ ဆော့ကာ ဘောလုံးကစား နည်းသည် ယခု မြန်မာနိုင်ငံ၌ လူသိများ၍ ခေတ်စားသော ဘောလုံးကစားနည်း ဖြစ်၍ ရပ်ဗီ ဘောလုံး ကစားနည်းသည် အမေရိကန် ဘောလုံးကစားနည်းဟု မြန်မာတို့ခေါ်ကြသည့် ကစားနည်းဖြစ်သည်။

ဆော့ကာ ဘောလုံးကစားနည်း[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ၌ ခေတ်စားသော ဆော့ကာ ဘောလုံးကစားနည်းသည် ရှေးဗက် ဗီလုံးနှင့် အီဂျစ်လူမျိုးများ ခေတ်ကောင်းချိန် အခါကပင် ပေါ်ပေါက်ခဲ့ပြီး ဖြစ်သည်။ ထို့နောက် ဂရိနိုင်ငံမှ စပါး တန်းစစ်သည်တော်များ ကစားကြသည်မှစ၍ ရောမနိုင်ငံဘက်သို့ကူးစက်လာသည်။

ရောမနိုင်ငံကြီး ယိုင်လဲသွား သောအခါ ဘောလုံးကစားခြင်း အလေ့ပျောက်သကဲ့သို့ဖြစ်သွားပြီးမှ ၁၉၆၁ ခုနှစ်တွင် အီတလီနိုင်ငံကြီးကို သွေးစည်း ထူထောင်နိုင်လာသောအခါ တစ်ဖန်ခေတ်စားလာပြန်သည်။ အင်္ဂလန်ပြည်သို့ရောမစစ်သည် တို့သွားရောက်တိုက်ခိုက်သောအခါ ယင်းဘောလုံး ကစားခြင်း အလေ့သည် အင်္ဂလန်ပြည်သို့ရောက်သွားသည်။ သို့ရာတွင် ၁၄ ရာစုနှင့် ၁၅ ရာစုနှစ်များအတွင်း တတိယ အက်ဒွပ် ဘုရင်၊ ဒုတိယ ရစ်ချတ်ဘုရင်နှင့် စတု· ဟင်နရီဘုရင်များ လက်ထက်က ဘောလုံးကစားခြင်းသည် ကြမ်းတမ်းသော ကစားနည်းတစ်မျိုး ဖြစ်သည်ဟု ယူဆကာ၊ ရာဇဝတ်ပြစ်မှု နည်းတူ တရားဥပဒေဖြင့် တားမြစ်ခဲ့ဘူးသည်။ ထိုအချိန်က ဘောလုံးကစားပုံမှာ ယခုခေတ်ကဲ့သို့မဟုတ်ဘဲ၊ ဂိုးပေါက် တစ်ခုနှင့်တစ်ခု ၂ မိုင် ၃ မိုင်ကွာ၍ တစ်ခါကစားလျှင် မွန်းလွဲ ၂ နာရီချိန်မှ ညနေ နေဝင်ချိန်အထိ ကြာသည်။

သို့ရာတွင် ၁၉ ရာစုနှစ် ရောက်သောအခါ အင်္ဂလိပ် လူမျိုးတို့သည် စည်းစံနစ် ကျနစွာ သတ်မှတ်၍ ဘောလုံး ကစားလာကြရာ၊ ယခုအခါ လောလုံးကစားခြင်းသည် အင်္ဂလိပ် လူမျိုးတို့၏ ကစားနည်းကဲ့သို့ဖြစ်လာသည်။ ၁၈၉၆ ခုနှစ် တွင် ကျင်းပသော အိုလင်းပစ် အားကစားပြိုင်ပွဲကြီးမှစ၍ အပြည်ပြည် ဆိုင်ရာ စည်းမျဉ်းဥပဒေတစ်ခု သတ်မှတ်၍ ဘောလုံးကစားသည့် အလေ့ပေါ်ပေါက်လာသည်။

မြန်မာနိုင်ငံသို့မူ ဘောလုံးကစားခြင်း အလေ့သည် ဗြိတိသျှတို့သိမ်းပိုက်အုပ်စိုးစမှ စတင်ရောက်ရှိလာသည်။ ၁၈၉၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဝါတာလော့ ဒိုင်းဆုလုပွဲ စတင်ပေါ်ပေါက်လာသည်။ ၁၉ဝဝ ပြည့်နှစ်တွင် စီနီယာတန်း နှင့် ဂျူနီယာတန်း ဘောလုံးအမှတ်ပေး ပြိုင်ပွဲစတင် ကျင်းပ သည်။ ထိုအချိန်အထိ မြန်မာဘောလုံး အသင်းဟူ၍ ကျကျနန မရှိသေးဘဲ၊ အင်္ဂလိပ် စစ်တပ်များမှ ဂေါ်ရာများသာ ကစား လျက် ရှိကြသည်ကို တွေ့ရ သည်။ ၁၉ဝ၃ ခုနှစ်မှ စတင်၍ မြန်မာ ဘောလုံးအသင်းများ ပေါ်ပေါက်လာသည်။ ၁၉၁၄ ခုနှစ်မှစ၍ အထက် မြန်မာပြည်နှင့် အောက်မြန်မာပြည် လက်ရွေးစင် အသင်းချင်း ယှဉ်ပြိုင်ကစားပွဲ ပေါ်လာရာ ၁၉၃၉ ခုနှစ်အထိ ဖြစ်သည်။ ၁၉၁၂ ခုနှစ်တွင် ခရိုင်လက်ရွေးစင် အသင်းချင်း ယှဉ်ပြိုင်ကစားပွဲ ပေါ်လာခဲ့၍ ၁၈၃၃ ခုနှစ်အထိ ကစားခဲ့ကြသည်။ ၁၉၄၉ ခုနှစ်တွင် ဝါတာလေ့ ဒိုင်းလုပွဲကို ဒန်းလော့ဒိုင်းလုပွဲဖြင့် အစားထိုးခဲ့၏။ ထိုမှတစ်ဖန် ၁၉၅၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း ဒိုင်းလုပွဲဖြစ်လာကာ နှစ်စဉ် ကျင်းပလျက်ရှိသည်။ ၁၉၅၂ ခုနှစ်မှစ၍ တိုင်းနှင့် ပြည်နယ် ဘောလုံးပွဲများ ကျင်းပကာ၊ အထက်အောက် မြန်မာပြည် လူငယ် ဘောလုံးပွဲများ၊ နိုင်ငံခြား ဘောလုံးအသင်းများနှင့် ယှဉ်ပြိုင်ကစားပွဲများလည်း နှစ်စဉ်ကျင်းပနိုင်ခဲ့သည်။ အာရှ အားကစားပြိုင်ပွဲ များလည်း နှစ်စဉ်ကျင်းပနိုင်ခဲ့သည်။

အာရှကစားပြိုင်ပွဲနှင့် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစား ဘောလုံး ပွဲများသို့လည်း မြန်မာဘောလုံး အသင်းများ သွားရောက်ယှဉ်ပြိုင်နိုင်ခဲ့ကြသည်။ ၁၉၆၁ ခုနှစ် ဧပြီလတွင် ယိုးဒယားနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပသော တတိယအကြိမ်မြောက် အာရှလူငယ် ဘောလုံးဗိုလ်လုပွဲ၌ မြန်မာ လူငယ်အသင်းက တစ်ပွဲမျှ ရှုံးနိမ့်ခြင်းမရှိဘဲ၊ ရွှေဖလားဆုကြီးကို ဆွတ်ခူးရရှိခဲ့သည်။

၁၉၆၁ ခုနှစ် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကျင်းပခဲ့သော ဒုတိယအကြိမ်မြောက် အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲတော်တွင် မြန်မာအသင်းက ဒုတိယငွေတံဆိပ်ဆု ဆွတ်ခူးခဲ့သည်။ ထို့ပြင် ၁၉၆၃ ခုနှစ် ဧပြီလတွင် မယုနိုင်ငံ၌ ကျင်းပခဲ့သော ပဉ္စမ အကြိမ်မြောက် အာရှလူငယ် ဘောလုံးပွဲတွင်လည်း မြန်မာ လူငယ်အသင်းသည် တစ်ပွဲမျှ မရှုံးဘဲ၊ ရွှေဖလားဆုကြီးကို ဆွတ်ခူးရရှိခဲ့ပြန်လေသည်။

ဆော့ကာဘောလုံးကစားသည့်အခါ အဖွဲ့၂ ဖွဲ့ယှဉ်ပြိုင် ကစားရသည်။ တစ်ဖွဲ့တွင် ၁၁ ယောက်စီ ယှဉ်ပြိုင်ကစားရ၍ ရှေ့တန်းတွင် လူ ၅ ယောက်၊ အလယ်တန်းလူ ၃ ယောက်၊ နောက်ဆုံးတန်းတွင် လူ ၂ ယောက်နှင့် ဂိုးစောင့်တစ်ယောက် ရှိသည်။ ထို့ကြောင့် မြန်မာတို့က နားလည်လွယ်အောင် ငါး ယောက်တန်း၊ သုံးယောက်တန်း၊ နှစ်ယောက်တန်း၊ ဂိုးစောင့် ဟုခေါ်သည်။ ကစားသူများသည် ဘောလုံးကို ခြေဖြင့်သာ ကန်၍ ကစားရသည်။ ဂိုးစောင့်သူမှတစ်ပါး ကျန်ကစားသူ များသည် ဘောလုံးကို လက်ဖြင့် မထိရချေ။ ဆော့ကာ ဘောလုံးကစားရာ၌ သုံးသော ဘောလုံးသည် လုံးဝိုင်း၍ လုံးပတ် ၂၇ လက်မမှ ၂၈ လက်မအထိရှိသည်။ အလေးချိန် ၁၃ အောင်စမှ ၁၅ အောင်စအထိရှိသည်။ ဘောလုံးသည် အတွင်းမှ လေသွင်းထားသော ကြက်ပေါင်စေး ဘောလုံးဖြစ်၍ အပြင်မှသားရေဖြင့် ချုပ်ထားသော ဘောလုံးစွပ်ထားသည်။

ဘောလုံးကစားကွင်း၏ အလျားမှာ အနည်းဆုံး ကိုက် ၁ဝဝ နှင့် အများဆုံး ကိုက် ၁၃ဝ အတွင်းရှိ၍၊ အနံမှ နည်းဆုံး ကိုက် ၅ဝ နှင့် အများ ဆုံး ကိုက် ၁ဝဝ အတွင်းရှိသည်။ ဘောလုံးကွင်း၏ နယ်နိမိတ်များကို မျဉ်းကြောင်းတို့ဖြင့် သတ်မှတ်ထားလေသည်။

ဂိုးတိုင်များသည် တည့်မတ်နေရ၍ ဂိုးတိုင်နှစ်တိုင်မှ ဘောလုံးကွင်း၏ ထောင့်နှစ်ခုသို့အကွာအဝေးမှာ တစ်ဘက် နှင့် တစ်ဖက် တူညီရလေသည်။ တိုင်နှစ်တိုင်ကြားရှိ ဂိုး ပေါက်သည် ၈ ကိုက်ကျယ်၍ အမြင့် ၈ ပေရှိလေသည်။ ဂိုးတိုင်နှစ်ခု၏ ဘေးဘက် ၆ ကိုက်စီကွာဝေးဒသည့် နေရာ များမှ ကွင်းထဲသို့ထောင့်မှန်မျဉ်းကြောင်းကို ၆ ကိုက်မျှ ဝေးအောင်ဆွဲပြီးလျှင် ထောင့်လေးခုကို ဆက်ထားသော မျဉ်း ကြောင်းအတွင်းရှိ ဧရိယာ သည် ဂိုးဧရိယာ၊ သို့မဟုတ် ဂိုးသမား၏ နယ်ဖြစ်သည်။ ပင်နယ်တီ ဧရိယာဆိုသည်မှာ ဂိုးတိုင် နှစ်ခု၏ ဘေးဘက် ၁၈ ကိုက်ကွာ ဂိုးမျဉ်းကြောင်း ပေါ်မှနေ၍ ကွင်းထဲသို့ထောင့်မှန်မျဉ်းကြောင်းများကို ၁၈ ကိုက်မျှ အရည်ရှိအောင် ဆွဲပြီးလျှင် ထိုနေရာလေးခုကို ဆက်ထားသော မျဉ်းကြောင်းများ အတွင်းရှိ ဧရိယာ ဖြစ်လေသည်။ ပင်နယ်တီဘောလုံး ထားရမည့် နေရာမှာ ဂိုးပေါက်၏ အလည်တည့်တည့်မှ ကွင်းအတွင်းဘက်သို့၁၂ ကိုက်ကွာ ဝေးသည်။

ဘောလုံးစတင် မကစားမီ မည်သည့် အသင်းက ဘောလုံးကွင်း၏ မည်သည့်ဘက်မှ ကစားရမည် သို့မဟုတ် မည်သည့်အသင်းက ဘောလုံးစတင်ပေး၍ ကစားရမည် စသည်တို့ကို ခရာကိုင် ဒိုင်လူကြီးက မျောက်ပန်းလှန်ခြင်း ဖြင့် ဆုံးဖြတ်ပေးသည်။ မျောက်ပန်းလှန်ရာတွင် နိုင်သည့် အသင်းက ကြိုက်သည့်ဘက်မှ စတင်ကစားနိုင်သည်။

မျောက်ပန်းလှန်ရာတွင် ရှုံးသည့်အသင်းက ဘောလုံးစတင်ပေး၍ ကစားရသည်။ ဘောလုံးကစားသူများ၏ ရည်ရွယ်ချက်မှာ ဘောလုံးကို မိမိတို့ဘက်သားအချင်းချင်း အပေးအယူ ပြုလုပ် ကာ တစ်ဖက်ရှိ ဂိုးအနီးသို့အရောက်ယူဆောင်ပြီးနောက် ဂိုးပေါက်ထဲသို့ဝင်အောင် ကန်သွင်းရန် ဖြစ်လေသည်။ ဘောလုံး ကစားရာတွင် ဂိုးအများဆုံး ရသည့်ဘက်မှ အနိုင်ရ လေသည်။


ဘောလုံးပွဲ စတိုင်း ဘောလုံးကို စတင်ကန်ရသူမှာ ငါးယောက်တန်း အလယ်လူ ဖြစ်လေသည်။ ဘောလုံး ကစား နေစဉ် တစ်ဖက်မှ ကန်လိုက်သော ဘောလုံးသည် တစ်ဖက်ရှိ ဂိုးပေါက်ထဲသို့စည်းကမ်းနှင့် လျော်စွာ ဝင်ရောက်သွားလျှင် ဂိုးရလေသည်။ အကယ်၍ တစ်ဖက်မှ သွင်းလိုက်သောဘောလုံး သည် ဂိုးပေါက်ထဲသို့မဝင် ဘဲ ဂိုးတိုင်၊ သို့မဟုတ် ဂိုးတိုင် အပေါ်တန်းကို ထိမှန်၍ ကွင်းထဲသို့ပြန်ကျလာလျှင် ကစားမြဲ ကစားသွားရ၏။ ဘောလုံးသည် ကွင်းနယ်နိမိတ်ဖြစ်သော ဘေးနှစ်ဘက် မျဉ်းကြောင်းအပြင်ဘက်သို့ရောက်ရှိသွားလျှင် ဒိုင်လူကြီး က ခရာမှုတ်၍ အချက်ပေးရသည်။ ထိုအခါ ထိုသို့ဘောလုံးအပြင်ဘက်သို့ထွက်သွားသည့်အတွက် တာဝန် မရှိ သည့်ဘက်မှ ကစားသူ တစ်ယောက်သည် ဘောလုံး ထွက်သွားသည့် နေရာမျဉ်းကြောင်း နောက်နားတွင် တည့်မတ် စွာရပ်၍ ဘောလုံးကို လက်နှစ်ဖက်နှင့် ကိုင်ကာ ခေါင်းပေါ်သို့ မြေ|ာက်ပြီးလျှင်မိမိဘက်သားရှိရာ ကွင်းထဲသို့ပစ်ပေးရသည်။

ထိုသို့ပစ်ပေးသည့်အခါ ခြေထောက်နှစ်ဖက်စလုံးသည် မြေ ကြီးမှ ကြွမသွားစေရချေ။ ဤသို့ပစ်လိုက်သောဘောလုံးသည် ကွင်းထဲရှိ ကစားသူတစ်ယောက်နှင့် ထိပြီးမှသာ ဘောလုံး ပစ်သူသည် ဘောလုံးကို ဆက်လက်ကန်နိုင်ခွင့်ရှိ၏။ ဘောလုံး ကစားသူ တစ်ယောက်သည် ဘောလုံးကစားနေစဉ် တစ်ဖက်မှ ကစားသူများ၏ နောက်ဘက်ဂိုးမျဉ်းကြောင်းအနီးသို့ရောက်နေ လျှင် စည်းကျော်သည်ဟု ခေါ်သည်။ ထိုသို့စည်းကျော်သွား လျှင် ဒဏ်အပေးခံရလေသည်။

တစ်ဖက်မှ ကန်လိုက်သော ဘောလုံးသည် အခြား တစ်ဖက်ရှိ ဂိုးမျဉ်းကြောင်းအပြင်သို့ရောက်သွားလျှင် ဘောလုံး ကို ကောက်ယူလာကာ ဘောလုံးထွက်သွားသည့်ဘက် ဂိုးတိုင် အနီးကွင်းထဲရှိ ဂိုးမျဉ်းကြောင်းထောင့်တွင် ဘောလုံးတည်ကာ ဘောလုံးထွက်သွားသည့်ဘက်မှ ဂိုးစောင့်သူက ဖြစ်စေ၊ နှစ်ယောက်တန်း လူတစ်ဦးဦးက ဖြစ်စေ တစ်ဖက်သို့ကန် ထုတ်ရသည်။ ထိုသို့ကန်ရသည်ကို ဂိုးကန်ဟု ခေါ်၏။

အကယ်၏ ဘောလုံးသည် တစ်ဖက်မှ ကစားသူကြောင့် မဟုတ်ဘဲ၊ မိမိတို့ဘက်မှ ကစားသူ တစ်ယောက်ယောက် ကြောင့် မိမိတို့၏ ဂိုးမျဉ်းကြောင်း အပြင်သို့ရောက်ရှိသွား ခြင်း ဖြစ်ပါမူ ထောင့်ကန်အပြစ်အပေးခံရသည်။ ထိုအခါက တစ်ဖက်မှ ကစားသူ တစ်ယောက်သည် ဘောလုံးအပြင်သို့ ထွက်သည့် နေရာနှင့် အနီးဆုံးဖြစ်သော အလံထောင်ထားသည့် ဘောကွင်း ထောင့်အနီးမှနေ၍ ဘောလုံးကို ဂိုးဆီသို့ကန်ပို့ရ သည်။ ထိုသို့ထောင့်မှ ကန်ပို့ခြင်းကို ထောင့်ကန်ဟု ခေါ် သည်။

ဂိုးသမားသည် ပင်နယ်တီ ဧရိယာအတွင်းတွင် လက်များကို အသုံးပြုနိုင်ခွင့် ရှိသည်။ သို့ရာတွင် ဘောလုံးကို လက်တွင်ကိုင်၍ သယ်ယူသွားခြင်း မပြုနိုင်ပေ။ ဂိုးသမားသည် ဘောလုံးကို ယှဉ်ပြိုင်ကစားသူထံမှ လုယူနေစဉ် ဂိုးသမား၏ လက်ထဲသို့မရောက်ခင်တွင် လည်းကောင်း၊ ဂိုးသမားသည် ဂိုးဧရိယာအပြင်ဘက်သို့ရောက်ရှိနေစဉ်တွင် လည်းကောင်း၊ ကစားသူများက ဘောလုံးကို ဝင်ရောက်တိုက်ခိုက် ကန် ကြောက်နိုင်လေသည်။ ဂိုးသမားက မြဲမြံစွာ ဖမ်းမိထားပြီးလျှင် ကား မည်သူမျှ ဝင်မလုနိုင်ပေ။ ဂိုးသမားမဟုတ်သော အခြား ပါဝင်ကစား သူ တစ်ယောက်ယောက်သည် ဘောလုံးကို လက် ဖြင့် ထိကိုင်ပုတ်ခတ်မိလျှင် ထိသည့်နေရာမှ ဘောလုံးကိုထိသူ ၏ဘက်သို့အခြားတစ်ဖက်မှ ကန်ပို့ခွင့်ရလေသည်။ ကစားသူ တစ်ယောက်သည် မိမိနှင့် ယှဉ်ပြိုင်ကစားသူ တစ်ယောက်အား လက်နှင့်ဆွဲခြင်း တွန်းခြင်းစသည်တို့ကို မပြုလုပ်ရ။ ထို့ပြင် နောက်မှနေ၍ အတင်းဝင်ရောက် တိုက်ခိုက်ခြင်း မပြုရ။

ဖော်ပြခဲ့ပြီးသော အပြစ်များကို ကျူးလွန်လျှင် ဖရီးကစ်ခေါ် ဘောလုံးကို အပြစ်ကျူးလွန်သည့် နေရာမှနေ၍ မိမိဘက်သို့ အသားလွတ် ကန်ပို့ခြင်း ခံရလေသည်။ ယင်းအပြစ်များကို ပင်နယ်တီ ဧရိယာအတွင်း ကျူးလွန်ခဲ့လျှင် ပင်နယ်တီ ပေးခြင်း ခံရ၏။ ပင်နယ်တီရသောအခါ ရသည့်ဘက်မှ ကစား သူ တစ်ဦးဦး သည် ပင်နယ်တီဘောလုံး ထားသည့် ၁၂ ကိုက် ကွာ ပင်နယ်တီအမှတ်မှနေ၍ ပင်နယ်တီ အပေးခံရသည့် ဘက် ၏ ဂိုးထဲသို့ဘောလုံးကို ကန်သွင်းရ၏။ ထိုသို့ကန်သွင်းစဉ် ဘောလုံးကို ဂိုးသမားမှ တစ်ပါး အခြားမည်သူမျှ တားဆီးနိုင် ခွင့် မရှိချေ။

အင်္ဂလန်ပြည်တွင် ဘောလုံးတစ်ခါ ကစားလျှင် မိနစ် ၉ဝ ကြာသည်။ ယခင်က မြန်မာနိုင်ငံတွင် တစ်နာရီသာကစား သော်လည်း ယခုအခါတွင် တစ်ကမ္ဘာလုံးတွင် ကစားနေသကဲ့ သို့မိနစ် ၉ဝ ပင် ကစားသည်။ ကစား၍ ၄၅ မိနစ်ရှိလျှင် ၁ဝ မိနစ်မျှ အနားပေးသည်။ အနားပေးပြီးနောက် ဂိုးနေရာ ချင်း ပြောင်းလဲ၍ နောက်ထပ် ၄၅ မိနစ် ဆက်လက် ကစား ကြလေသည်။

ရပ်ဗီဘောလုံးကစားခြင်း[ပြင်ဆင်ရန်]

ရပ်ဗီ ဘောလုံးကစားနည်းကို ၁၈၄၁ ခုနှစ်တွင် ရပ်ဗီမြို့၌ စတင်တီထွင်ကစားရာမှထိုအမည် ရလာခြင်းဖြစ်သည်။ ၁၈၂၃ ခုနှစ်တွင် အင်္ဂလန်ပြည် ရပ်ဗီမြို့၌ ဘောလုံးကန်ကစားပြိုင်ပွဲ ကျင်းပစဉ် ဘောလုံးသမားတစ်ဦး သည် ဘောလုံးကို ခြေဖြင့် ကန်ရုံဖြင့် အားမရ၍ လက်ဖြင့်ပါ ထိကိုင်ပုတ်ခတ် ကစားခဲ့ သည်။ ဘောလုံးကန်ကစားရာ၌ ဘောလုံးကို လက်ဖြင့်ကိုင်ခြင်းသည် စည်းမျဉ်မကျသော်လည်း ကစား၍ ကောင်းကြောင်းကို ထိုအခါမှစ၍ သိသဖြင့် ယင်း ကစားနည်း ပေါ်ပေါက်လာခဲ့သည်။ ရပ်ဗီ ဘောလုံးကစားသည့် အခါ ဘောလုံကို ခြေဖြင့် ကန်ရုံသာမဟုတ် လက်ဖြင့်လည်း ပုတ်ခတ် သယ်ယူကစားနိုင်သည်။ ဆော့ကာ ဘောလုံးကစား သကဲ့သို့ပင် အဖွဲ့၂ ဖွဲ့ယှဉ်ပြိုင်ကစားကြရသည်။ သို့ရာတွင် တစ်ဖွဲ့လျှင် ရှေ့တန်း ၈ ယောက်၊ အလယ်တန်း ၂ ယောက်၊ နောက်ဆုံးတန်း ၂ ယောက်နှင့် ဂိုးစောင့် တစ်ယောက် ပေါင်း ၁၅ ယောက်စီထက် မများ ကစားလေ့ရှိသည်။

ရပ်ဗီဘောလုံးကစားရာ၌ မိနစ် ၈ဝ ကြာသည်။ ကစား၍ မိနစ် ၄ဝ ကြာလျှင် ၅ မိနစ်မျှ နားပေးရသည်။ နားပေးပြီးနောက် ဂိုးနေရာချင်းလဲ၍ နောက်ထပ် မိနစ် ၄ဝ ထပ်ကစားရသည်။

ရပ်ဗီဘောလုံး ကစားရာ၌ ဘဲဥပုံ ဘောလုံကိုသုံး သည်။ ဘောလုံးသည် အလျား ၁၁ လက်မမှ ၁၁ ၁/၄ လက်မအထိရှည်၍ အဝန်း ၂၄ လက်မမှ ၂၅ ၁/၂ လက်မထိရှိသည်။ အလေးချိန်အားဖြင့် ၁၃ ၁/၂ မှ ၁၅ အောင်စအထိရှိသည်။

ရပ်ဗီဘောလုံးကစားကွင်းသည် အလျားကိုက် ၁၁ဝ၊ အနံ ၇၅ ကိုက်ရှိသည်။ ဂိုးပေါင်များ၏ နောက်တွင် ဘောလုံး သေစည်းနှင့် သတ်မှတ်ထားသော မြေကွက်ငယ် တစ်ခုစီ ရှိသည်။ ဂိုးပေါက်အကျယ်မှာ ၁၈ ၁/၂ ပေရှိ၍ ဖြတ်တင်ထား သော တန်းအမြင့်မှာ ၁ဝ ပေမြင့်သည်။

ကစားသူများသည် ဘောလုံးကို ဂိုးသွင်းခြင်းဖြင့် လည်းကောင်း၊ တစ်ဖက်ရှိ ဂိုးစည်းအပြင်ဘက်သို့ဘောလုံးကို လက်နှင့်ကိုင်၍ ထိစေခြင်းဖြင့် လည်းကောင်း ထရိုင်းခေါ် အမှတ်ရအောင် လုပ်ရသည့် ဘောလုံးကို ဂိုးတိုင် ၂ တိုင်ကြား ဖြတ်တင်ထားသော တန်းပေါ်မှကျော်၍ ဝင်အောင် ကန်နိုင်လျှင် ဂိုးတစ်ဂိုးရသည်။ ဘောလုံးသည် ဂိုးတိုင်၊ ဂိုးတန်းတို့ကို ထိသွားသည်ဖြစ်စေ၊ ကျော်ထွက်ပြီးမှ ပြန်ဝင်လာသည် ဖြစ်စေ တန်းကျော်လျှင် ဂိုးရသည်။ ရပ်ဗီကစားရာ၌ အနိုင်အရှုံးကို အမှတ်ဖြင့် ဆုံးဖြတ်သည်။ တစ်ဖက် ဂိုးစည်းပြင်ဘက်သို့ ဘောလုံးကို ကိုင်၍ လက်နှင့် ထိစေနိုင်က ၃ မှတ်ရ၍ သာမန်ဂိုးတစ်ဂိုးအတွက်လည်း ၃ မှတ်ရသည်။ အထူး ဂိုးဖြစ်လျှင် ၄ မှတ်ပေးသည်။

ရပ်ဗီ ဘောလုံးကစားခြင်းသည် ကစားရာ၌ ကြမ်း တမ်းနိုင်၍၊ မြန်မာတို့စိတ်ဝင်စားခြင်း မရှိသဖြင့် မြန်မာ နိုင်ငံ၌ ခေတ်မစားချေ။ အင်္ဂလန်နှင့် အမေရိကန် နိုင်ငံတို့တွင် အထူးခေတ်စားသော ကစားနည်းမျိုးဖြစ်သည်။[၁]

မြန်မာ့ဘောလုံး အစ[ပြင်ဆင်ရန်]

လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်က ဖြစ်ပါသည်။ ရန်ကုန်မြို့၏ ကျောင်းတကျောင်းမှ ကစားကွင်းထဲသို့ လူကောင် ခပ် သေးသေး စကော့လူမျိုး ဆရာတယောက် လျှောက်ဝင်လာပြီး အိန္ဒိယ ရာဘာနှင့် ပြုလုပ်ထားသော အလုံးတလုံးကို အပူပိုင်းဒေသ၏ လေထု အတွင်း သို့ ကန်တင်လိုက်သည်။ ထိုနှစ်က ၁၈၇၈ ခုနှစ်ဖြစ်သည်။ ထိုဆရာ၏ အမည်က ဂျိမ်း ဂျော့စကော့ (J. George Scott) ဖြစ်ပြီး စကော့တလန်နိုင်ငံ Fife မှ တရားဟောဆရာ တဦး၏ သားဖြစ်သည်။ ကိုလိုနီခေတ် မြန်မာနိုင်ငံသို့ ဘောလုံးအားကစားကို သူ ယူဆောင်လာခဲ့သည်။ သို့သော် ယခုအခါ တမျိုးသားလုံး အရူးအမူး စွဲလန်းသည့် အားကစားနည်းကို စတင်မိတ်ဆက်ပေးလိုက်သူသည် ဂျိမ်း ဂျော့စကော့ ဖြစ်ကြောင်း သိရှိသူ မြန်မာနိုင်ငံတွင် အလွန်နည်းပါလိမ့်မည်။

ဘာသာစကားများကို လေ့လာရာတွင ်ပါရမီထူးချွန်သော ဂျိမ်း ဂျော့စကော့သည် သူ၏ ၀န်ထမ်းဘဝ၌ ကိုလိုနီနယ်များတွင် အုပ်ချုပ်ရေးမှူးအဖြစ် အများဆုံး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ သူက လူကောင်သေးသော်လည်း စိတ်ဓာတ် မာကျောပြီး အကြောက်အရွံ့ကင်းသည်။ ထိုစဉ်က ဦးခေါင်းဖြတ်သူများ၏ သိကြသည့် ‘၀’လူရိုင်းများနှင့် တွေ့ရန်အတွက် တောင်တန်းများပေါ်သို့ တက်ခဲ့သည်။ ထိုစဉ်က နယ်နိမိတ် မရေးဆွဲရသေးသည့် တရုတ်-မြန်မာနယ်စပ်သို့ ခရီးသွားရင်း လူသားစား စပါးကြီးမြွေကြီးများနှင့် ရဲဝံ့စွာ ရင်ဆိုင်ခဲ့သည်။“ပျော့ပြီး ချော်ထွက်နေတဲ့ တစုံတရာပေါ်မှာ လျှောက်ခဲ့ရတယ်။ မီးခြစ် ခြစ်ကြည့်လိုက်တော့ တရုတ်တယောက် အလောင်းကိုတွေ့ရတယ်” ဟု သူ၏ တောတွင်း နေ့စဉ်မှတ်တမ်းတွင် ဂျိမ်း ဂျော့စကော့က ရေးသားခဲ့သည်။

ဂျိမ်း ဂျော့စကော့အတွက် ဘောလုံးအားကစားက ၀ါသနာတခုသာမဟုတ် ဗြိတိန် အင်ပါယာတည်ဆောက်ရေး အတွက် အသုံးဝင်သည့် ကိရိယာတခုဖြစ်သည်။ သန့်ရှင်းစွာ ကစားခြင်းနှင့် အာဏာပိုင်များကို လေးစားတတ်ရန် အတွေးအခေါ်များ ဖြန့်ဖြူးပေးသည့် နည်းလမ်းတခုလည်း ဖြစ်ပါသည်။ အလွန်အကျွံ စိတ်ဝင်စားခြင်းနှင့် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု များကြောင့် ၀ လူမျိုးများအား ဘောလုံးကစားနည်းသင်ကြားပေးခြင်းကို ရပ်တန့်ခဲ့သော်လည်း လူမျိုးစု ခေါင်းဆောင်များ ၏ နောက်လိုက်နောက်ပါများ အတွင်းတွင် ဘောလုံးပွဲများ စီစဉ်ပေးခဲ့သည်။ မြန်မာများနှင့် လည်း ပြင်းထန်သည့် ပြိုင်ပွဲ များ ယှဉ်ပြိုင်ခဲ့သည်။ ဘောလုံးသည် တိုက်ပွဲနှင့် တူသည့်အတွက် မြန်မာများက နှစ်ချိုက်ကြသည်ဟု ဂျိမ်း ဂျော့စကော့က မှတ်ချက်ပြုခဲ့သည်။

အမှန်တကယ်အားဖြင့် ကိုလိုနီခေတ် မြန်မာနိုင်ငံ၌ အဆင့်မီ ဘောလုံးကွင်းများ မရှိခဲ့ပါ။ သစ်၊ ကျောက်မျက်ရတနာ နှင့် တွင်းထွက်များက ဗြိတိန်နိုင်ငံ၏ ဘဏ္ဍာတိုက်ကို ဖြည့်ပေးခဲ့သော်လည်း မြန်မာအများစု၏ ဘဝမှာ နိမ့်ကျပါသည်။ ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေး ရရှိခဲ့ပြီးနောက် မြန်မာနိုင်ငံအတွက် ရွှေခေတ်ဟု ခေါ်နိုင်သည့် ကာလ တခု ရရှိခဲ့သည်။ အမျိုးသားလက်ရွေးစင် အသင်းက အာရှ၏ အကောင်းဆုံးအသင်းများထဲတွင် စာရင်းဝင်ခဲ့သလို ယဉ်ကျေးမှုနှင့် သယံဇာတ အရင်းအမြစ် ကြွယ်ဝသည့် နိုင်ငံအတွက် စီးပွားရေး အလားအလာများလည်း ကျယ်ပြန့်စွာ ရှိခဲ့သည်။

ဂျိမ်း ဂျော့စကော့ကိုတော့ တောဆောင်းဦးထုပ်များ၊ အမဲလိုက်ပွဲများနှင့်အတူ ကြာမြင့်စွာမေ့လျော့ထားခဲ့ကြသည်။ သို့ သော်လည်း ၀ိတိုရိယခေတ်က သူစတင်မိတ်ဆက်ပေးခဲ့သော အားကစားနည်းကတော့ မြန်မာပြည်သူတွေကို ကျယ်ပြန့် သော ကမ္ဘာနှင့် ဆက်သွယ်ပေးနိုင်ဆဲဖြစ်ပါသည်။

(၂၀၀၆ ခုနှစ် ဇွန်လ ၄ ရက် TIME မဂ္ဂဇင်းတွင် Andrew Marshall ရေးသားခဲ့သော Fair Play in Burma ကို ဆီလျော်အောင် ဖြည့်စွက်ဘာသာပြန်ဆိုပါသည်)

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)