ဘေဘီလုံကုန်းတိုက်ပွဲ

ဝီကီပီးဒီးယား မှ

ဘေဘီလုံကုန်းတိုက်ပွဲ (အင်္ဂလိပ်: Battle of Babylon Hill ) သည် အဆုံးအဖြတ်မပေါ်ခဲ့သော ပဋိပက္ခတခုဖြစ်ပြီး အင်္ဂလန်အနောက်တောင်ပိုင်း၊ ယိုဗယ်မြို့ (Yeovil) အနီးတွင် ဖြစ်ပွားသည်။ ၁၆၄၂ ခု၊ စက်တင်ဘာလ ၇ ရက်၌ ဘုရင့်သစ္စာခံများနှင့် ပါလီမန်လိုလားသည့်တပ်များ တိုက်ကြခြင်းဖြစ်ပြီး ပထမအင်္ဂလိပ်ပြည်တွင်းစစ်၏ အစောပိုင်းအဖြစ်အပျက်များအနက် တခုအဝင်အပါတည်း။

ဘုရင့်သစ္စာခံများ တပ်စွဲထားသည့် ရှာဘုန်း (Sherborne) ကို ပါလီမန်လိုလားသည့်တပ်က စီးနင်းရာတွင် မအောင်မြင်။ သို့ဖြင့် အနီးရှိ ယိုဗယ်သို့ ပြန်ဆုတ်ရသည်။ ထိုအခါ ဘုရင့်သစ္စာခံတပ်ဘက်မှ အင်အား ၃၅၀ ခန့်လွှတ်ကာ လိုက်စစ်ဆင်သည်။ ဆာ ရာ့ဟော့ပတန် (Ralph Hopton) ဦးဆောင်သော ထိုတပ်သည် ယိုဗယ်မြို့ပြင်ရှိ ဘေဘီလုံကုန်းတွင် တပ်ချ၍ နေသည်။ နေမဝင်မီ တနာရီခွဲခန့်အလိုတွင် တပ်ပြန်ဆုတ်ရန် ဆုံးဖြတ်ကာ ခြေလျင်တပ်များ စထွက်သည်။ ထိုစဉ် ပါလီမန်လိုလားသည့်တပ်ဘက်မှ ချဉ်းကပ်ကာသည်ကို တွေ့ရ၏။ သို့ဖြင့် ဆုတ်ရန်ပြင်သည့်အနေအထားမှ ရင်ဆိုင်တွေ့သည့်အခြေအနေသို့ ပြောင်းသွားသည်။ တိုက်ပွဲမှာ အတွေ့အကြုံနည်းသောတပ်သားတို့ကြောင့် အသေအပျောက်များသည်။ နှစ်ဘက်အင်အားမှာ အတူပင်ဖြစ်ရာ ပါလီမန်လိုလားသည့်တပ်ဘက်မှ ချပ်ဝတ်ဆင်တပ်သားတို့ဖြင့် ၃ ကြိမ်ထိုးသော်လည်း ဘုရင့်သစ္စာခံတို့က ကောင်းစွာတွန်းလှန်နိုင်သည်။ ညဉ့်ဝင်လာသည်နှင့်အမျှ တပ်ချင်းရောကာ အထိအခိုက်များမည်စိုးသဖြင့် အမှောင်ကိုကွယ်ကာ နှစ်ဘက်လုံး ပြန်ဆုတ်ကြ၍ ရလဒ်မပေါ်ခဲ့။ နှစ်ဘက်စလုံးမှာ အခြားဘက်တွင် အလွန်အဆုံးအရှုံးများမည်ဟု ပြောဆိုကြသော်လည်း ခန့်မှန်းသည်မှာ ဘုရင့်သစ္စာခံဘက်မှ ၂၀ ခန့်၊ ပါလီမန်လိုလားသည့်တပ်မှ ၅၀ ခန့် ကျရှုံးမည် ဟူသတတ်။ နောက် ပါလီမန်လိုလားသည့်တပ်သည် ယိုဗယ်မှ တောင်ဘက်ရှိ ဒေါချက်စတာ (Dorchester) သို့ ထပ်ဆုတ်သည့်နည်းတူ ဘုရင့်သစ္စာခံဘက်မှလည်း ၂ ပတ်အကြာတွင် ဘေဘီလုံကုန်းကို လုံးဝစွန့်ခွါသွားသည်။

ကိုးကား[ပြင်ဆင်ရန်]