ဘုံဘေဘားမား ကုန်သွယ်ရေး ကော်ပိုရေးရှင်း

ဝီကီပီးဒီးယား မှ

၁၈၆၃ ခုနှစ်တွင် ဝေါလေ့ညီနောင်များက စတင်ထူထောင်သည့် ကုန်သွယ်ရေးကုမ္ပဏီ ဖြစ်သည်။ အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲ ဖြစ်ပွားစေသည့် အကြောင်းအရင်းတခုအနေဖြင့် လူသိများသည်။

ကုမ္ပဏီ ဖြစ်ပေါ်လာပုံ[ပြင်ဆင်ရန်]

ဘုံဘေဘားမား ကုန်သွယ်ရေး ကော်ပိုရေးရှင်း လီမိတက် (ဘုံဘေဘားမား ကုမ္ပဏီ ဟု လူသိများ) ကို ဝေါလေ့ညီနောင်တို့က ၁၈၆၃ ခုနှစ်တွင် စတင်ထူထောင်သည်။ ကနဦ:က ဝီလီယံ ဝေါလေ့ (William Wallace) ဝယ်ယူထားသည့် မြန်မာပြည်မှ လက်ဖက်များကို အင်္ဂလန်သို့ ပြန်လည်တင်သွင်းသည့် အများပိုင်ကုမ္ပဏီတစ်ခုသာ ဖြစ်သည်။

ဝေါလေ့ညီနောင်တို့မှာ အီဒင်ဘာ့မှ စကော့လူမျိုးကုန်သည်များ ဖြစ်သည်။ ၁၈၄၀ ဝန်းကျင်၌ ဘုံဘေ (ယခု မွန်ဘိုင်း) သို့ ညီအစ်ကို ခြောက်ဦး ရောက်လာသည်။ ၁၈၄၈ ခုနှစ်တွင် ဝေါလေ့ညီနောင်များ ကုမ္ပဏီ (Wallace Bros & Co.) ဟူ၍ ဘုံဘေ၌ လုပ်ငန်းမှတ်ပုံတင်သည်။ ၁၈၅၀ နှစ်လယ်ပိုင်းတွင် ရန်ကုန်တွင်လည်း ကုမ္ပဏီထောင်ကာ ဘုံဘေသို့ လက်ဖက်များ တင်ပို့သည်။ ၁၈၆၃ ခုနှစ်တွင် ဘုံဘေဘားမား ကုန်သွယ်ရေး ကော်ပိုရေးရှင်း (Bombay Burmah Trading Corporation) ဟူ၌ အမည်ပြောင်းသည်။ ရှယ်ယာအချို့ကို အိန္ဒိယကုန်သည်များအား ရောင်းချထားသော်လည်း အများစုကို ဝေါလေ့ညီအစ်ကိုတို့က ထိန်းချုပ်ထားသည်။

လုပ်ဆောင်ချက်များ[ပြင်ဆင်ရန်]

အစောပိုင်းကာလက မြန်မာမှ လက်ဖက်ကို အိန္ဒိယသို့တင်သွင်းရန် ထူထောင်သည့် ကုမ္ပဏီမျှသာ ဖြစ်သည်။ နှောင်းပိုင်း ၁၈၇၀ ခုနှစ်များတွင် မြန်မာနှင့် ထိုင်းတို့မှ ကျွန်းသစ်ထုတ်သည့် အဓိကကုမ္ပဏီတခု ဖြစ်လာသည်။ ဝါ၊ ရေနံနှင့် ကုန်သွယ်ရေးလုပ်ငန်းများလည်း လုပ်ဆောင်သည်။

စစ်ပွဲ၏ အကြောင်းရင်း[ပြင်ဆင်ရန်]

ဘုံဘေဘားမား ကုမ္ပဏီနှင့် မြန်မာတို့အကြား ပဋိပက္ခများက အင်္ဂလိပ်တို့ကို အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲဟူ၍ စစ်မျက်နှာဖွင့်စေသည့် အကြောင်းရင်းတချက် ဖြစ်လာသည်။ မြန်မာနှင့် ပြင်သစ်တို့အကြား ပတ်သက်မှုကို စုံစမ်းရန်အတွက် မျက်နှာဖုံးတခုအနေနှင့်လည်း အသုံးတော်ခံခဲ့သည်။

၁၈၈၀ ခုနှစ်များတွင် လန်ဒန်အတွက် ငွေကြေးဝင်ထွက်ရာ အဓိကနေရာမှာ ဝေါလေ့ညီနောင်များ ကုမ္ပဏီပင် ဖြစ်သည်။

မျက်မှောက် အခြေအနေ[ပြင်ဆင်ရန်]

ယခုအခါ ဝါဒီယာ (Wadia) ကုမ္ပဏီအုပ်စု၏ လုပ်ငန်းတစ်ခုအဖြစ် ပါဝင်လျက်ရှိသည်။

ထပ်မံ သိရှိလိုပါက[ပြင်ဆင်ရန်]

  • Arnold Cecil Pointon, "Bombay Burmah Trading Corporation 1863-1963", Millbrook Press, 1964
  • RH Macaulay, "History of Bombay Burmah Trading Corporation 1864-1910", 1934
  • Anthony Webster, "Gentlemen Capitalists: British Imperialism in South East Asia 1770-1890", Tauris Academis Studies, 1998

ကိုးကား[ပြင်ဆင်ရန်]