ဘုရားပွဲတော်များ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

စာလုံးအစောင်း==ဘုရားပွဲတော်များ== ကမ္ဘာပေါ်ရှိ ဗုဒ္ဓအယူဝါဒ၌ သက်ဝင်ယုံကြည်သော နိုင်ငံများအနက် မြန်မာနိုင်ငံသည် စေတီပုထိုးဘုရားကျောင်းကန် အများအပြားဆုံး ဖြစ်သည်။ မည်မျှပင် ဆင်းရဲနွမ်းပါးသော ကျေးရွာကလေးဖြစ် စေကာမူ၊ ထုံးဖြူဖြူ စေတီနှင့် ဘုရားတန်ဆောင်း၊ ဘုန်းကြီးကျောင်းတို့ကို တွေ့ရမြဲဖြစ်သည်။

သီဝေမြင့်ခေါင်၍ အသွားအလာ ခက်ခဲသော တောင်ထိပ်ကမ်းပါးတို့နှင့် လူသူအရောက်အပေါက် နည်းပါး လှသော တောကြိုအုံကြားတို့၌ပင် စေတီပုထိုးများကို တွေ့ကြ ရသည်။ ဗုဒ္ဓအယူဝါဒီ မြန်မာတိုင်းရင်းသားတို့သည် မိမိတို့၏ နောင် တမလွန်ကောင်းကျိုးချမ်းသာအတွက် ဗုဒ္ဓဘုရားရှင်၏ ကိုယ်စား စေတီဘုရားတည်ထား ကိုးကွယ်ပြီးလျှင် ကုသိုလ် ကောင်းမှုပြုကြရန် အလွန်ဝါသနာထုံကြသည်။ ဘုရားစေတီ များကို တည်ထားပြီးသည့်နောက်တွင် ဓလေ့ ထုံးစံအရ လည်းကောင်း၊ ဘုရင်စိုးမင်းတို့၏ အမိန့်အရလည်းကောင်း ထိုဘုရားစေတီများ၌ ဘုရားပွဲတော်များကို နှစ်စဉ် ကျင်းပရ ခြင်းသည်လည်း တာဝန်တစ်ရပ် ဖြစ်နေပေသည်။ တစ်မြို့ တစ်ရွာတည်း၌ပင် ဘုရားပုထိုး စေတီတို့သည် တစ်ဆူ နှစ်ဆူမက ရှိတတ်လေရာ၊ ဘုရားပွဲတော်များသည် အမြင့် အတွေ့များသော ပွဲတော်မျိုး ဖြစ်လေသည်။

မင်းဘူး ရွှေစက်တော်၊ မကွေးမြသလွန်၊ ညောင်ဦးရွှေစည်းခုံ၊ ကျိုက်ထိုမှ ကျိုက်ထီးရိုးစသော တန်ခိုး ကြီး ဘုရားပွဲတော်များသည်။


နိုင်ငံအစိုးရ ကိုယ်တိုင် ကြပ်မ၍ နိုင်ငံနှင့် အဝန်းချီပြီးလျှင် ကြီးကျယ်စည်ကားစွာ ကျင်းပသည့် ဘုရားပွဲတော်များ ဖြစ်သကဲ့သို့ပင်၊ ကျေးလက်တောရွာနှင့် တောကြို အုံကြားမှ ဘုရားပွဲတော်ကလေးများသည်လည်း နီးစပ်ရာ ကျေးရွာများမှ လူထုအတွက် ကုသိုလ်လည်းရ၊ ပျော်လည်းပျော်ကြရသော ပွဲတော်များ ဖြစ်ကြလေသည်။

ဘုရားပွဲတော်များ ကျင်းပခြင်းသည် ဆိုင်ရာရပ်ရွာ လူထုတို့စုပေါင်းညီညာစွာ ဆိုင်ရာ ဘုရားပုထိုးစေတီတို့၌ ကုသိုလ်ကောင်းမှု ပြုကြခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် မိမိတို့တနွေတမိုး ဝမ်းရေးအတွက် ရှာဖွေလုပ်ကိုင်ခဲ့ပြီး နောက်တွင် စုရုံးညီညာကုသိုလ်ကောင်းမှု ပြုကြပြီးသော် စိတ်ပန်းကိုယ်ပန်းဖြေကာ ပျော်ရွှင်ကြခြင်း ဖြစ်သည်။ ဘုရားပွဲတော်ချိန်တွင် ဘုရားပွဲတော်ကျင်းပသည့် ဘုရား၊ ပုထိုး၊ စေတီအား သပ်ရပ်သန့်ရှင်းကြည်ညိုဖွယ်ရာ ဖြစ်အောင် ဆင်ယင်မွမ်းမံခြင်း၊ လှပဆန်းကြယ်သော ဆွမ်းတော်တင်ခုံများ ပြုလုပ်ခြင်း၊ ညဉ့်အခါ လှပကြည် နူးဖွယ်ရာ မီးပူဇော်ခြင်း စသည်တို့ကို ဆိုင်ရာ ရပ်ကွက်လူထု က တာဝန်ယူကာ ဆောင်ရွက်ကြသည်။ ယင်းသို့ကုသိုလ်ရေး အတွက် ဆောင်ရွက်ကြပြီးနောက်၊ ညဉ့်ဘက်တွင် ဇာတ်၊ အငြိမ့်၊ ရုပ်သေးသော ပျော်ပွဲရွှင်ပွဲများ ကျင်းပကာ ဘုရား ပွဲတော်ကို စည်ကားသိုက်မြိုက်စေသည်။ ဇာတ်ပွဲစသည်တို့ ရှိသဖြင့် ပွဲဈေးတန်းများလည်း ရှိပေရာ၊ အစားအသောက်ဆိုင်၊ ကုန်ပစ္စည်းအမျိုးမျိုး ရောင်းချသောဆိုင်၊ လက်တည့်စမ်း ကစားနည်း အမျိုးမျိုး၊ ကလေး များ ပျော်စရာ ဝင်္ကပါ စသည်တို့လည်း ပါဝင်သည်။ ကျင်းပသော ဘုရားပွဲတော်ကြီး ကျယ်လျှင် ကြီးကျယ်သည့် အလျောက် ပွဲဈေးများလည်း ကြီး ကျယ်ကြသည်။ ရှမ်းပြည်နယ်မှ ဘော်ကြိုဘုရားပွဲတော်ဆိုလျှင် ဆိုင်ရာအာဏာပိုင်များ ခွင့်ပြု ချက်အရ၊ အနီထောင် လေးကောင်ဂျင်စသော လောင်းကစား ဝိုင်းများ ပါဝင်သဖြင့် အလွန်နာမည်ကြီးသော ဘုရားပွဲတော် တစ်ခု ဖြစ်ခဲ့ဖူးလေသည်။

ရှေးအခါက အချိန်မှန် ခင်းကျင်းသော ဈေးကဲ့သို့ သော ကုန်သွယ်ရေး ဗဟိုဌာနများ အလွန်နည်းပါးသည်။ အရောင်းအဝယ် ပြုရာတွင်လည်း ငွေအသပြာဖြင့် ရောင်းဝယ် ခြင်းနည်းပါး၍၊ ကုန်ပစ္စည်းချင်း ဖလှယ်မှုကို သာအပြုများ သည်။ ထို့ကြောင့်နှစ်စဉ် အချိန်မှန် ကျင်းပလေ့ရှိသော ဘုရားပွဲတော်များတွင် ကုန်ပစ္စည်း ရောင်းဝယ် ဖလှယ်ကြသော ပွဲဈေးများကို ခင်းကျင်းကြသည်။ တောင်သူယာလုပ်တို့က မိမိတို့လယ်ယာထွက် ပစ္စည်းများကို လည်းကောင်း၊ ငါးပိ၊ ငါးခြောက်လုပ်သူ၊ ဆားချက်သူတို့ကလည်း ငါးပိ၊ ငါးခြောက်၊ ဆားစသည်တို့ကို လည်းကောင်း၊ အိုးထိန်းသည်၊ ရက်ကန်း သည်တို့ကလည်း မိမိတို့လက်ဖြစ်ပစ္စည်းများကို လည်းကောင်း ပွဲဈေးသို့ယူဆောင်လာပြီးလျှင် မိမိတို့အလိုရှိအပ်သော အစား အသောက် အသုံးအဆောင် ပစ္စည်းများဖြင့် ဖလှယ်ကာ၊ အရောင်းအဝယ် ပြုကြသည်။ ထို့ကြောင့် ထိုခေတ်အခါက ဘုရားပွဲတော်များ၏ ပွဲဈေးများသည် လူနေမှုကိစ္စတွင် အရေးပါကြပေသည်။

ငွေအသပြာသုံးသည့် ယခုခေတ်တိုင်အောင်ပင် မြန်မာ နိုင်ငံအလယ်ပိုင်း၌ ဘုရားပွဲတော်နှင့် ဈေးကိုတွဲထား လေ့ရှိကြ သေးသည်၊ ထို့ကြောင့် အညာဘုရားပွဲတော်များသည် တစ်လ ကိုးသီတင်း စည်ကားလေ့ရှိသည်။ ရွှေစက်တော် ဘုရားပွဲတော် သည် တစ်လကျော် နှစ်လနီးပါး စည်ကားသည်။ မကွေး မြသလွန်၊ မင်းဘူး ကျောင်းတော်ရာ၊ ပခုက္ကူမှ မြောင်းဘုရား ပွဲတော်တို့သည် ၁ဝ ရက်ထက်မနည်း စည်ကားကြသည်။ အရောင်းအဝယ်များလည်း ကြီးကျယ်ကြ၍၊ ဘုရားပွဲတစ်ခုပြီး လျှင် တစ်ခုသို့ပြောင်း၍ ပွဲဈေးတည်ခင်းကြခြင်းလည်း ရှိလေသည်။

အညာမှ ဘုရားပွဲတော်များ၌ ဘုရားပွဲသွားသူတို့သည် မိမိတို့၌ရှိသော ရောင်းကုန်များကို ဘုရားပွဲသို့ယူဆောင်သွား ကြပြီးသော်၊ ဆိုင်ခင်းကျင်းရောင်းချကြသည်။ တစ်ဦးတွင် ပါလာ သော ပစ္စည်းကို တစ်ဦးကဝယ်၍၊ ကုန်ပစ္စည်းချင်း ဘုရားပွဲ၌ ဖလှယ်လေ့ရှိကြသည်။ တနွေတမိုးစာ အစားအသောက် အသုံးအ ဆောင်များကို ဘုရားပွဲ၌ လာရောက်ဝယ်ယူ လေ့ရှိကြသည်။ ထိုအချိန်များတွင် မြို့တွင်း၌ ဈေးများ ဆိုင် များ အားလုံးလိုလိုသည် ဘုရားပွဲ၌ သွားဝယ်ကြရသည်။

အရောင်းအဝယ်များကို နံနက်ခင်း၌ ပြုလုပ်ကြပြီးနောက် ညနေ မိုးချုပ်လျှင် ပွဲကြည့်သူကြည့်၊ ဘုရားဖူးသူက ဖူးကြသည်။ ထိုဘုရားပွဲများသို့အနီးအနားရွာများနှင့် မိုင်သုံးလေးဆယ် မကသော ဒေသများမှပင် လှည်းများဖြင့် လာရောက်ကြသည်။ ဘုရားပွဲအနီး ကွင်းပြင်များထဲတွင် ကိုယ့်လူစုနှင့် ကိုယ့်လှည်း ဝိုင်းကြီးများချကာ၊ ချက်ပြုတ်စားသောက်ပြီးလျှင်၊ အရောင်း အဝယ် ပြုသည့်အခါပြု၊ ပွဲကြည့်သည့်အခါကြည့်နှင့် တပျော် တပါးပင် ဖြစ်လေသည်။

အချို့တောင်သူ လယ်လုပ်တို့သည် ဘုရားပွဲအချိန်တွင် လယ်အချခံခြင်း၊ ငွေချေးယူခြင်း၊ အကြွေးဆပ်ခြင်း၊ ပေါင်နှံ ခြင်းတို့ကို ပြုကြသည်။ မြို့တွင် တစ်စုံတစ်ရာ ဆောင်ရွယ် ဖွယ်ရှိလျှင်၊ ဘုရားပွဲတိုင်အောင် စောင့်ဆိုင်းလေ့ ရှိကြသည်။ ဘုရားပွဲအချိန်ကျမှသာလျှင် ဘုရားပွဲသို့လာယင်း၊ ဆောင်ရွက် ဖွယ် ရှိသည်တို့ကို ဆောင်ရွက်သွားကြလေသည်။

ရှေးခေတ်ဥရောပနိုင်ငံ စသည်တို့တွင် အယူဝါဒရေး ဆိုင်ရာ ပွဲလမ်းသဘင်များ၌ ပွဲဈေးတည်ခင်းခဲ့ကြရာမှ နောင်အခါ စီးပွားရေးဘက်ကာ၊ တိုးတက်ကြီးကျယ်အောင် ပြုခဲ့ကြသဖြင့်၊ နိုင်ငံခြား စီးပွားရေးသမားများ၊ ကုန်သည်များ၊ နိုင်ငံခြားဝင်ငွေများကိုပင် ဆွဲဆောင်နိုင်သော ပြပွဲ ပွဲဈေးများ ခေတ်စားလာခဲ့သည်။ ( ပွဲဈေး။) မြန်မာနိုင်ငံတွင်မူ ထိုအခြေအနေ အဆင့်အတန်းမျိုးသို့ကား မရောက်သေးပေ။ ဒုတိယကမ္ဘာစစ် မတိုင်မီ ခေတ်က၊ ရွှေတိဂုံ စေတီတော်၏တပေါင်းပွဲတော်သည် အလွန်ကြီးကျယ် စည်ကား၍ ဘုရားပွဲတော်ကြီးနှင့် တွဲဘက်၍ ကျင်းပသော လက်မှုပညာ ပြပွဲကြီးများ ရှိခဲ့သည်။ သို့သော် နိုင်ငံခြာမှ ပြပွဲကြီးများ အခြေအနေသို့ကား မရောက်ခဲ့ပေ။ မြန်မာဘုရားပွဲတော်များကား ပျော်ရွှင်မှုဘက်သော ကုသိုလ်ရေးပွဲတော် အနေဖြင့်သာ ရှိနေလေသည်။

ဘုရားပွဲတော်များသည် ဆိုင်ရာ ဘုရားပုထိုးစေတီများ ၌ တစ်နှစ်တစ်ကြိမ် ကျင်းပရာ၊ ကျင်းပသည့်အခါ ကာလ နေ့ရက်တို့သည် အမျိုးမျိုးဖြစ်သည်။ အစဉ်အလာ ရှိခဲ့သဖြင့် လည်းကောင်း၊ ဘုရင်စိုးမင်းတို့သတ်မှတ်ခဲ့ ၍ လည်းကောင်း၊ ဘုရားပွဲတော် ကျင်းပသည့် အရပ်ဒေသ အခြေအနေနှင့် ထိုဒေသမှ လူတို့အတွက် သင့်လျော် လျောက်ပတ်သောအခါ ကာလကိုလည်းကောင်း ရွေးချယ်သတ်မှတ်ကျင်းပကြသည်။ ဘုရားတစ်ဆူအတွက် ဘုရား ပွဲတော်ကို သီတင်းကျွတ်လတွင် ကျင်းပခဲ့လျှင်၊ နောင်အစဉ်အဆက် ထိုလ၌ပင် ကျင်းပသွားလေ့ ရှိသည်။ အချိန် မှန် ကျင်းပသွားနိုင်အောင်လည်း ကြိုးပမ်းကြ ရသည်။ မကျင်းပနိုင်လျှင် ဆိုင်ရာရပ်ရွာလူထုအတွက် မျက်စိ မျက်နှာ မလှသော ကိစ္စတစ်ရပ်ဖြစ်သည်။ စီးပွားရေး ချောင် လည်သည့် ကာလတွင် ဘုရားပွဲများကို နှစ်စဉ် မှန်မှန်ကျင်းပ နိုင်ကြလေသည်။

အောက်မြို့ကျေးရွာများတွင် ဘုရားပွဲတော်များကို ခြေခင်းလက်ခင်း သာယာသည့်လများမှစတင်၍ ကျင်းပ လေ့ရှိ ကြပြီးလျှင်၊ မိုးကာလဖြစ်သော ဝါတွင်း၌ ဘုရားပွဲတော်များ မရှိတတ်ပေ။ အထူးသဖြင့် ဝါကျွတ်၍ မိုးလွတ် စပြုသော သီတင်းကျွတ်၊ တန်ဆောင်မုန်းလများနှင့် စပါးရိတ်သိမ်းပြီး ကြ၍ ငွေစရွှင်ချိန်ဖြစ်သော တပို့တွဲ၊ တပေါင်းလများတွင် ဘုရားပွဲတော်များ ကျင်းပလေ့ရှိကြသည်။ အထက်မြန်မာ နိုင်ငံတွင်မူ၊ မိုးပါးသဖြင့် ဝါတွင်းကာလများ၌လည်း ဘုရားပွဲတော်များ ကျင်းပလေ့ရှိကြသည်။ များသောအားဖြင့် ဘုရားပွဲတော်များကို ညဉ့်အခါ သွားရေလာရေး လွယ်ကူ စေရန်၊ လသာရက်များတွင် ကျင်းပလေ့ ရှိကြသည်။ အဖိတ်နေ့၊ လပြည့်နေ့၊ လပြည့် ကျော် ၁ ရက်နေ့ဟူ၍ ထိုရက်သုံးရက်တွင် ဘုရားပွဲတော်များ ကျင်းပလေ့ ရှိသည်မှာ ထုံးစံကဲ့သို့ဖြစ်နေသည်။ မင်းဘူးရွှေစက်တော်၊ မကွေး မြသလွန် ဘုရားပွဲတော်တို့ကား ရက်ရှည်ကျင်းပရသော ဘုရားပွဲတော်ကြီးများ ဖြစ်လေသည်။

မြို့ရွာအလိုက် ကျင်းပကြသော နှောင်းခေတ်ဘုရား ပွဲတော်များကို ရပ်ရွာလူထုထံမှ ပိုက်ဆံကြေးငွေ ကောက်ခံ စုဆောင်း၍ ရပ်ရွာလူကြီးများက ကမကထ ပြုလုပ်ကျင်းပ ကြသည်။ အဖိတ်နေ့မတိုင်မီတစ်ရက်တွင် ရပ်ရွာရှိ အိမ်တိုင်း သို့ဘုရားပွဲတော် ကျင်းပမည့် ဘုရားပုထိုး၊ စေတီသို့ ဆွမ်းတော်ကြီးပို့ရန် နှိုးဆော်သည်။ မြို့ ကြီးရွာကြီးများတွင် နှိုးဆော်သည့် ဖိတ်စာများ ကမ်းလှမ်း၍ ဆွမ်းတော်ကြီး မဲလိပ်ချသည်ဟု ခေါ်သည်။ ဆွမ်းကြီးလောင်းဝတ်အသင်းက ထိုရက်တွင် ထိုဘုရားစေတီအတွက် အရုဏ်ကပ်ရန် ဆွမ်းဆန် စိမ်းခံယင်း၊ ထိုဖိတ်စာ များကို ကမ်းလှမ်းသည်။ ထိုအခါတွင် အိုးစည် ဗုံမောင်း အတီးအမှုတ် အကအခုန်များလည်း ပါ သည်။ ထိုအခါ မှစ၍ ရပ်ရွာလူထုသည် လှုပ်လှုပ်ရွရွ ဖြစ်လာ ကြလေသည်။

အဖိတ်နေ့ညနေမှစ၍ ပွဲတော် စတင်ကျင်းပသည်။ ရပ်ရွာရှိ အိမ်များမှ ဘုရားပွဲတော် ကျင်းပသော ဘုရား၊ ပုထိုး၊ စေတီတွင် အရုဏ်ကပ်နိုင်ရန် မုန့်စုံ၊ ယိုစုံ၊ သစ်သီးစုံ၊ ချိုချဉ်ခဲဘွယ်တို့ကို တတ်အားသမျှ လှလှပပ ပြင်ဆင်၍ ပို့ဆောင်ကြရသည်။ ဝတ်ကောင်းစာလှဝတ်၍၊ အိမ်မှလူကြီး များနှင့်အတူ ဆွမ်းတော်ကြီးပွဲ ပို့ရခြင်းသည် ကလေးများ အတွက် ရက်ရှည်လများ မျှော်၍ ပျော်ခဲ့ရသော အခွင့်အရေး တစ်ရပ် ဖြစ်ပေသည်။

ဘုရားပွဲတော် ကျင်းပရာဘုရား၊ စေတီ၏ တန်ဆောင်း၊ သို့မဟုတ ဧည့်ခံမဏ္ဍပ်တွင် ပို့လာသော ဆွမ်းတော်ကြီးပွဲများကို လက်ခံသိမ်း ယူကာ၊ ပို့လာသော လူကြီးလူငယ်ကလေး သူငယ် တို့အား မုန့်၊ လက်ဘက်ရည် စသည်တို့ဖြင့် ဧည်ခံကျွေးမွေးရသည်။ အတီးအ မှုတ်၊ အဆိုအက ဝိုင်းများလည်းပါသည်။ ဧည့်ခံကျွေးမွေး ရေး အဖွဲ့တွင် ရပ်ရွာမှ အပျိုလူပျိုများ ပါဝင်ကြရပေရာ၊ ယင်းတို့ ဟန်ရေး၊ လူရေးပြကြရသော အချိန်အခါလည်း ဖြစ်ပေသည်။

နေဝင်၍ အမှောင်ချဉ်းလာသည့်အခါ၊ ဆီမီးများဖြင့် ဘုရားအား ကြည်ညိုဖွယ်ရာ ပူဇော်ကြ၍ ဇာတ်ပွဲ၊ အငြိမ့်ပွဲ စသော အကအခုန်များ၊ ပျော်ပွဲရွှင်ပွဲများ စတင်လေရာ ပွဲဈေး လျှောက်သူများ ပွဲကြည့်သူများဖြင့် ပွဲခင်း တစ်ခွင့်တစ်ပြင်မှ တခြိမ့်ခြိမ့် တသဲသဲ ရှိနေလေသည်။

အောက်မြို့ကျေးရွာများတွင် တစ်ရွာ၌ ဘုရားပွဲရှိလျှင် ရွာနီးချုပ်စပ်မှ လှေများ လှည်းများဖြင့် လာရောက်၍၊ ဘုရား လည်းဖူး၊ ပွဲလည်းကြည့်ကြသည်။ မီးရထား၊ မော်တော်ကား ခေတ်မတိုင်မီက ရန်ကုန်မြို့အနီးတစ်ဝိုက်ရှိ ကျိုက္ကဆံ၊ ကျိုက္ကလို့၊ ကျိုက်ဝိုင်းစေတီတော်များ၏ ဘုရားပွဲတော် ကျင်းပသည့်အခါ မြို့ပေါ်မှ လူများသည် နံနက်ဝေလီ ဝေလင်း ကပင် လှည်းများဖြင့် တပျော်တပါး သွားရောက်ကြသည်။

တစ်နည်းအားဖြင့် ဘုရားပွဲသွားရင်း ပျော်ပွဲစားထွက်ကြသည်။ လှည်းများဖြင့် ဘုရားပွဲသွားရခြင်းသည် ခုသွားခုရောက်သည့် မီးရထား၊ မော်တော်ကားတို့ဖြင့် သွားရခြင်းထက်ပို၍ ပျော်ရွှင် ဖွယ်ရာ ကောင်းသည်။ ထိုခေတ်အခါက ယခုခေတ်ကဲ့သို့အချိန်မ ရွေး ရုပ်ရှင်၊ ပြဇာတ်၊ ဇာတ်ပွဲ၊ အငြိမ့်စသည်တို့ကို ကြည့်၍ စိတ်ပန်း ကိုယ်ပန်း ဖြေနိုင်ကြသည် မဟုတ်ပေ။

ထို့ကြောင့် ဘုရားပွဲတော်အခါကို စောင့်မျှော်၍ ပျော်ရွှင်ရန် အားခဲ့ကြရသည်။ ယခုခေတ်တိုင်အောင်ပင် ချောင်ကျသော ကျေးလက် တောရွာများ၌ ထိုအခြေအနေအတိုင်းပင် ရှိနေလေရာ၊ ကျေးရွာလူထုအဖို့ဘုရား ပွဲတော်များသည် ကုသိုလ်လည်းရ၊ ပွဲလည်းကြည့်ရသော ပွဲလမ်းအခါ ဖြစ်လေ သည်။ ဇာတ်အငြိမ့်များ မပေါများ သေးသောခေတ်က ဘုရားပွဲတော်အခါတွင်၊ အရပ်သားအရပ်သူများ သရုပ်ဆောင် ပါဝင်ကြသော အရပ်ဇာတ်အရပ် ယိမ်းများလည်း ခေတ်စားခဲ့ လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)