ဘုရားကြီးမြို့ဟောင်း

ဝီကီပီးဒီးယား မှ

ဘုရားကြီးမြို့ဟောင်းကို ဟံသာဝတီ (၃၂)မြို့စာရင်း အပါအဝင်အဖြစ် ဖော်ပြထားသည့် မြို့ဟောင်း အမည်တစ်ခုခုဖြင့် ကင်းပွန်းတပ်ရန် ညှိနှိုင်းအဖြေရှာကြည့်သည်။ (၃၂)မြို့အနက် (၂၅)မြို့တည် နေရာကိုဖော်ပြသည့် မြေပုံအဟောင်းသည်လည်း အထောက်အကူမပြုနိုင်လှပေ။

ဘုရားကြီးအနီး ပေ(၁၂၀)နက်သည့်နေရာမှ ရှေးသင်္ဘောများ၏ အစိတ်အပိုင်းများ၊ ဝက်အူ၊ မူလီစသည့် သံထည်ပစ္စည်းများ တူးဖော်တွေ့ရှိဖူးသည်ဟူသော မှတ်တမ်းကိုလည်း ဖတ်ရှုရသည်။

(ပဲခူးဒိစတြိတ်ဂေဇက်တီးယား)။ သို့ရာတွင် ဘုရားကြီးကို တခြားတစ်ပါးသော မြို့ဟောင်း အမည်တစ်ခုခုဖြင့် ဖော်ညွှန်းသည်ကိုမတွေ့ရ။ ဘုရားကြီးအမည်ဖြင့်လည်း မြို့ဟောင်းတစ်ခုအဖြစ် ဖော်ညွှန်းထားသည်ကို မတွေ့ခဲ့ရပေ။

တည်နေရာ[ပြင်ဆင်ရန်]

ဘုရားကြီးမြို့ဟောင်းသည် မြောက်လတ္တီတွဒ် ၁၇ဒဂရီ ၂၉မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၆ဒီဂရီ ၁၀မိနစ်တွင် တည်ရှိသည်။ ယခုလက်ရှိ ရန်ကုန်မန္တလေးကားလမ်းနှင့် ရထားလမ်းပေါ်ရှိ ပဲခူးမြို့၏မြောက်(၁၀)မိုင်ကွာရှိ ဘုရားကြီးမြို့အနီး၌ တည်ရှိသည့် မြို့ဟောင်းတစ်မြို့ဖြစ်သည်။ ဘုရားကြီးမြို့၏အနောက်ဘက်၊ ဘုရားကြီးမှ ဘောနတ်ကြီးနှင့် စစ်ပင်ဆိပ်ရွာများသို့ သွားသော လမ်းပေါ်တွင် ဘုရားကြီးနှင့် တစ်စမိုင်ခန့်အကွာတွင် တည်ရှိသည်။ ရှာဖွေတွေ့ရှိရန် လွယ်ကူပြီး လေ့လာမှုပြုရန် သွားရေး၊ လာရေးမခက်သည့် နေရာတစ်ခုဖြစ်သည်။

ပုံသဏ္ဌာန်[ပြင်ဆင်ရန်]

ဘုရားကြီးမြို့ဟောင်းသည် ထောင့်မှန်စတုဂံပုံသဏ္ဌာန်ရှိသည်။ မြို့ရိုးမြို့တာ၊ ကျုံး၊ မြို့ရိုးများ ပီပီပြင်ပြင်ဖွဲ့စည်းတည်ထားသော မြို့ဟောင်းတစ်ခုဖြစ်သည်။ မြို့ရိုးများသည် တောင်နှင့်မြောက် ရှေ့နှင့်နောက်တည့်တည့် သို့မဟုတ်ဘဲ ၂၁ဒီဂရီ စောင်း၍တည်ရှိသည်။

ပွန်းတီးမှု[ပြင်ဆင်ရန်]

မြို့ရိုးများ၏ ပွန်းတီးမှုကို လေ့လာဖတ်ရှုရာတွင် ဘုရားကြီးစစ်ပင်ဆိပ်လမ်းသည် မြို့ဟောင်း ၏ အနောက်တောင်ထောင့်ကိုဖြတ်၍ သွားသည်။ ဤနေရာများမှ လွဲလျှင် ကျန်မြို့ရိုးနေရာများမှာ ဖြိုဖျက်ခံရခြင်း၊ ဖျက်ဆီးခံရခြင်းမရှိလှသေး။ သာမန်ပွန်းတီးယိုယွင်းမှုမျှသာ ခံရာသည့်လက္ခဏာ ရှိသည်။ အနောက်ဘက်မြို့ရိုးတွင် တောင်ပိုင်းတစ်ခုလုံးမှ လယ်ယာမြေ ထွန်ယက်လုပ်ကိုင်မှုကြောင့် များစွာ နိမ့်ဆင်းပြန့်ပြူးခဲ့လေပြီ။

မြို့ရိုးများမှာ မျဉ်းဖြောင့်များပင်ဖြစ်သည်။ ကျုံးများလည်း ပတ်ပတ်လည်ရှိသည်။ သို့ရာတွင် လယ်ယာများရှိနေလေပြီ။ မြောက်ဘက်နှင့်အရှေ့ဘက်တွင်မူ ကလိချောင်းနှင့် လက်တက်တစ်ခုဖြင့် ရေသွင်းအသုံးပြုဟန်ရှိပြီး၊ မြောက်ဘက်ကျုံးများ ပွန်းတီးပျက်စီးခဲ့ပြီ။ မြောက်ဘက်မြို့ရိုးအလယ်ပိုင်း လောက်တွင် မြို့ပြင်၌ရေကန်၊ အင်းတိမ်တစ်ခုရှိသည်ကို တွေ့ရ၏။ မြို့ရိုးများကို ထင်ရှားပီပြင်စွာ တွေ့ရသေးသည်။ မြို့ရိုး၏အရှေ့တောင်ထောင့်တွင် မြို့ထောင့်ချွန်းနေရာ၌ တြိဂံသဖွယ် မြို့ရိုးကုန်း တစ်ခုရှိပြီး ယခင်ကမြို့ထောင့်စေတီရှိခဲ့ဟန်တူ၏။ မြို့ရိုးအတွင်း၌ ရေကန်တစ်ခုရှိခဲ့ဟန် လက္ခဏာ ရှိသော်လည်း ယခုအခါ ခမ်းခြောက်တိမ်ကောခဲ့ပြီ။

ဤမျှပီပီပြင်ပြင် ထင်ထင်ရှားရှားတည်ရှိနေခဲ့သည့် မြို့ဟောင်းတစ်မြို့သည် သမိုင်းဝင် မြို့ဟောင်းအမည်တစ်ခုခုဖြင့် သော်လည်းကောင်း၊ ဘုရားကြီးမြို့ဟောင်းဟူသည့် အမည်နာမနှင့် သော်လည်းကောင်း၊ ထင်ရှားစွာမတည်ရှိခဲ့သည်ကို အံ့ဩရသည်။ မည်သို့ပင်ဆိုစေ၊ ဘုရားကြီး မြို့ဟောင်း၏တည်ဆောက်မှုသည် လကွန်းဗျည်းတည်ဆောက်မှုလောက် မစောနိုင်။ ပုံသဏ္ဌာန် အနေအထားအရလည်းကောင်း၊ ပွန်းတီးမှုအနေအထားရလည်းကောင်း၊ မစောနိုင်ဟုပင် ကောက်ချက်ချမိပါသည်။

ဘုရားကြီးမြို့ဟောင်းသည် အလျား ၇၅၀မီတာခန့်နှင့် အနံမီတာ ၅၀ဝခန့်ရှိသည်။ မြို့ဟောင်းတစ်ခုဖြစ်သည်။

ကျုံးနယ်များကိုပါ ထည့်သွင်းတိုင်းတာကြည့်လျှင် ၈၀ဝနှင့် ၆၅၀မီတာခန့်ရှိပေလိမ့်မည်။ ဘုရားကြီး၏မြို့ဟောင်းဧရိယာမှာ ၆၄.၇(၆၅)ဧကခန့်ရှိပေသည်။ (၂၆ဟက်တာ)။ သွားရောက် လေ့လာကြည့်ရှုလိုသူများအတွက် ဘုရားကြီးသည် သွားရေးလွယ်ကူသည့်နေရာ ပဲခူးခရိုင်တွင် တည်ရှိလေသည်။ ယခုလက်ရှိ ဘုရားကြီးမြို့နှင့် သိပ်မဝေးကွာလှချေ။

ကိုးကား[ပြင်ဆင်ရန်]