မာတိကာသို့ ခုန်သွားရန်

ဘုမ္မသိန်ပင်

ဝီကီပီးဒီးယား မှ
Blumea balsamifera
Sambong (Blumea balsamifera)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Asterids
မျိုးစဉ်: Asterales
မျိုးရင်း: Asteraceae
မျိုးဇာတ်: Inuleae
မျိုးစု: Blumea
မျိုးစိတ်:
B. balsamifera
ဒွိနာမ
Blumea balsamifera
(L.) DC.

ဖုံးမသိန်ပင် (ရုက္ခဗေဒ- Blumea balsamifera၊ အင်္ဂလိပ်- Ngai camphor) သည် ချုံပင်ယောင်ယောင် အပင်မျိုးဖြစ်ကာ၊ သုံးလေးပေခန့်အထိ မြင့်တတ်သည်။ ရိုးတံတွင် အမြှောင်းများ ဒေါင်လိုက် တည်ရှိသည်။ အပင်အဖျားပိုင်းတွင် အကိုင်းအခက် ဝေဆာစွာ ဖြာထွက်သည်။ အရွက်များ ရွက်လွဲ ထွက်ကာ၊ ရွက်ခြေတွင် အရွက်မွှားကလေးများ ရှိသည်။ နှုတ်ခမ်းတွင် ခွေးသွားစိပ်ကလေးများ ရှိသည်။ အဖျားတွင် အပွင့်ဝါဝါကလေးများ ပွင့်ပြီး၊ တပင်လုံး ကတ္တီပါသားကဲ့သို့ အမွှေးမျှင်ကလေးများဖြင့် ဖုံးအုပ်ထားခြင်းကြောင့်လည်း ဤနာမည် ရလာသည်။ ပရုတ်နံ့သင်းသည်။

အပွင့်ပွင့်သော ရာသီ[ပြင်ဆင်ရန်]

မတ်လမှ ဩဂုတ်

အပင်ပေါက်ရောက်ရာဒေသ[ပြင်ဆင်ရန်]

ကုန်းမြင့်၊ တောင်တန်းများတွင် သဘာဝအလျောက် အလေ့ကျ ပေါက်ရောက်သည်။

အသုံးပြုသော အစိတ်အပိုင်း[ပြင်ဆင်ရန်]

ဆောင်းနှင့် နွေတွင် အရွက်များ စုဆောင်းပြီး၊ နေရိပ်တွင် အခြောက်ခံရသည်။ အရွက်စို၊ ခြောက် နှစ်မျိုးစလုံး သုံးသည်။ အရွက်ကို ပေါင်းခံခြင်းအားဖြင့် ပရုတ်နှင့် borneol တို့ကို ရယူအသုံးပြုသည်။

ပါဝင်သောဓာတုဗေဒဒြပ်ပေါင်းများ[ပြင်ဆင်ရန်]

အရွက်မှ ထုတ်ယူရရှိသော အခြေခံအဆီတွင် L-borneol, D-camphor နှင့် Cineol တို့ ပါဝင်သည်။

ဆေးအသုံး[ပြင်ဆင်ရန်]

အရွက်တွင် ဘက်တီးရီးယားပိုးကို သေစေသော သတ္တိ၊ အပူကျသတ္တိ ရှိပြီးလျှင် နှာရည်ယိုခြင်း၊ နှာစေးခြင်း၊ ဖျားခြင်း၊ တုပ်ကွေး၊ အအေးမိ၊ ချောင်းဆိုးနှင့် အစာမကြေ လေအန်ခြင်းတို့အတွက် ဆေးရွက်ကို ၆ ပဲသားမှ ၁၂ ပဲသားထိ ရေနွေးနှင့် ကျို၍ သောက်နိုင်သည်။

ဆေးရွက်ကို ပြုတ်ပြီး ရေနွေးမှိုင်း ရှူခြင်း၊ မှိုင်းခံခြင်း ပြုနိုင်သည်။ အရွက်မှ ချက်ထုတ် ရရှိသော borneol ကို ဝမ်းဗိုက် ရစ်နာခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ သွားကိုက်ခြင်းတို့အတွက် ဆေးချိန် ၁ ရွေးသားမှ ၂ ရွေးသားထိ တိုက်ကျွေးနိုင်သည်။ တောအရက်နှင့် ရောကြိတ်ပြီး၊ အဆစ်အမြစ်နာရောဂါတို့တွင် အဆစ်အမြစ်များပေါ် အုံပေး၊ စည်းပေးရသည်။ အရွက်ကို ကြိတ်ခြေပြီး လိပ်ခေါင်း မြင်းသရိုက်နာကို အုံပေး၍ ရသည်။ [၁]

ပုံသဏ္ဌာန် : အပင် - အပင်ငယ် တစ်မျိုး ဖြစ်သည်။ အမြင့် ၅-၁၀ ပေ ထိ မြင့် သည်။ အပင်တွင် အစေးများ ရှိသည်။ ပင်စည် အရင်းမှ စ၍ ကိုင်းဖြာသည်။ ပင်စည် အခေါက် ချောမွေ့ ၍ အမျှင် လိုက်ဖြစ်ပြီး မွဲခြောက်ခြောက် စိမ်းညိုရောင် ရှိ၏ ။ အကိုင်း အခက်များ ပေါ်တွင် အမွေးနုလေး များ ရှိ၏ ။ ပင်စည်ကို ချိုးကြည့်လျှင် အတွင်း၌ ဖော့သဏ္ဌာန် အဖြူရောင် အူနု ကလေးများ တွေ့နိုင်၏ ။ အရွက် - ရွက်လွှဲ ထွက်သည်။ ရွက်ထိပ်ချွန်၍ အရွက် အလယ်ပိုင်း ကျယ်ကာ ရွက်ရင်း သွယ်သွားသည်။ အရွက် အထက် အောက် မျက်နှာပြင် နှစ်ဖက် လုံး ၌ အမွေးစုတ်စုတ် ရှိပြီး ကြမ်းသည်။ ရွက်နား၌ အလွန် သေးငယ်သော ခွေးသွား စိပ် ကလေးများ ရှိသည်။ ရွက်ကြော ထင်ရှား၍ ရွက်ညှာရင်းနားတွင် ရွက်စွယ် လေးများ ရှိသည်။ အပွင့် - ထိပ်ထွက် ပန်းခိုင် ဖြစ်၍ ကြီးမားပြီး အဝါရောင် ပန်းပွင့် ကလေးများ များပြားစွာ ပါရှိ၏ ။ ပွင့်ခံ ရွက်အုံ အစိမ်းရောင် ရှိ၍ အမွေးထူသည်။ တပေါင်းမှ ကဆုန်လ အထိ ပွင့်သည်။ အသီး - ၁၀ မြောင်း ပါရှိသည်။ ပိုးသား ကဲ့သို့ နူးညံ့သည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အရွက် ၊ အစေး ၊ အမြစ် ။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ အနှံ့အပြား တွင် ပေါက်ရောက်သည်။ အထူးသဖြင့် တောင်ယာဖုန်းဆိုးဟောင်းများ တွင် အမြောက်အမြား ပေါက်ရောက်သည်။ သဘာ၀ အလျောက် ပေါက်ရောက်သည်။ အသုံးဝင်ပုံ : အာနိသင် - မြန်မာ ဆေးကျမ်းများ အလိုအရ ဘုမ္မသိန်သည် ပူသော အရသာ ရှိ၏ ။ ပူ၍ ထက်မြက်သော ဂုဏ်သတ္တိ ရှိပြီး အခိုးကို ပွင့်စေ၍ လေသလိပ် ၊ သည်းခြေကို လည်းကောင်း ၊ ရင်နာကို လည်းကောင်း ပယ်နိုင်၏ ။ ကုတ်ဟီးနာ၊ ချောင်းဆိုးနာ ၊ ပန်းနာ တို့ကို ပျောက်စေသော သတ္တိ ရှိ၏ ။

အသုံးပြုပုံ- အရွက် ၁။ ဘုမ္မသိန်ရွက်ကို သူငယ်နာ အုပ်ဆေး ၊ အစာကြေဆေး ၊ လေငန်းရောဂါ ပျောက်ဆေး နှင့် အရေပြားရောဂါ ကုဆေးများတွင် ထည့်သွင်း အသုံးပြုသည်။ ၂။ အရွက် မှ ဆေးဖော်စပ်ရာတွင် အသုံးပြုသည့် ပရုတ်များ ထုတ်လုပ် နိုင်သည်။ ၃။ အရွက် ပြုတ်ရည်နှင့် ရေချိုး ပေးလျှင် ကိုယ်ဖော ကိုယ်ရောင်သောရောဂါ ပျောက်၏ ။ ၄။ အကြောဆွဲ ၊ ခြေသေ ၊ လက်သေ ၊ လေမလျှောက် ၊ ကိုယ်တစ်ခြမ်းလေး ၊ အခိုးမပွင့် သည့်ရောဂါ ၊ လေငန်း ဖြစ်စ ရောဂါ ၊ ကိုယ်လက် ကိုက်ခဲသည့် ရောဂါများကို ဘုမ္မသိန် ၊ အရက် ၊ နှမ်းဆီ ၊ သံပရာ ရည်များနှင့် ဖျော်စပ် လိမ်းပေးလျှင် သက်သာ ပျောက်ကင်း၏။ ၅။ ပန်းနာ ၊ ချောင်းဆိုးနာ ၊ ဆီးရောဂါ ပျောက်ဆေး ၊ အဆိပ်ပြေဆေး အဖြစ်လည်း ဖော်စပ် အသုံးပြု၏ ။ အစေး ၁။ ဘုမ္မသိန် အစေးကို သွားတွင် ထည့်ပေးသော် သွားနာကျင်ကိုက်ခဲ ခြင်း ၊ သွားမကောင်းခြင်း ပျောက်ကင်း၏ ။ အမြစ် ၁။ အပင်လုံး နှင့် အမြစ်ကို အအေးမိခြင်း ကုသရာ၌ အသုံးပြု၏ ။ မှတ်ချက်။ ။ ဆေးပင်ပေါက် ပြီး ၁၀ လ မှ ၃ နှစ် အတွင်း (ဒုတိယ အရွယ်) သည် ဂုဏ်သတ္တိ ရသ အပြည့်ဆုံး အရွယ် ဖြစ်သဖြင့် ယင်းအရွယ်ရှိ အပင်ကိုသာ ဆေး အဖြစ် သုံးရန် အလွန် သင့်လျော်သည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ဒေါက်တာအောင်နိုင် (ဒီဇင်ဘာ၊ ၁၉၉၉)။ မသိသူကျော်သွားသိသူဖော်စား။ နက္ခတ္တရောင်ခြည်။ p. ၂၀၇။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  2. http://arogyamonline.com/commodity/materials/?raw=26[လင့်ခ်သေ]