ဘီးထရစ် ပေါ်တာ

ဝီကီပီးဒီးယား မှ
ယုန်ပိုက်ထားသော ၁၅ နှစ်အရွယ် ပေါ်တာ

ဟယ်လန် ဘီးထရစ် ပေါ်တာ (အင်္ဂလိပ်: Beatrix Potter ၁၈၆၆ ဇူလိုင် ၂၈ - ၁၉၄၃ ဒီဇင်ဘာ ၂၂) သည် အင်္ဂလိပ်လူမျိုး စာရေးဆရာ၊ သရုပ်ဖော်ပုံဆွဲသူ၊ သဘာဝသိပ္ပံပညာရှင်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်သူ ဖြစ်သည်။ တိရစ္ဆာန်များ ဇာတ်ဆောင်အဖြစ်ပါဝင်သည့် သူ၏ကလေးစာအုပ်များကြောင့် လူသိပိုများ၏။ နာမည်ကျော် ယုန်ကလေးပီတာပုံပြင် ကို ရေးဆွဲသူ ဖြစ်သည်။

ပညာတတ်လူလတ်တန်းစားမိသားစုမှ မွေးပြီး ပေါ်တာကို မြို့အုပ်ကတော်များက စာသင်ပေးကြသည်။ အခြားကလေးများနှင့် ရောရောနှောနှောမနေခဲ့ရ။ အိမ်မွေးတိရစ္ဆာန် အများရှိပြီး အားလပ်ရက်များကို စကော့တလန်နှင့် လိတ်ဒိစတြိတ်တွင် အချိန်ကုန်စေခဲ့သည်။ ယင်းငယ်ဘဝကြောင့် ပတ်ဝန်းကျင်ကို၎င်း၊ ပန်းမန်တို့ကို၎င်း၊ တိရစ္ဆာန်တို့ကို၎င်း ချစ်ခင်တတ်လာ၏။ အားလုံးကို ဂရုတစိုက် စူးစမ်းကာ ပုံတူဆွဲခဲ့သည်။

ပေါ်တာ၏ မှိုအကြောင်းလေ့လာချက်နှင့် ရေဆေးဖြင့်ဆွဲထားသည့် မှိုပုံများကြောင့် နှောင်းပိုင်း ဆတြဗေဒ (မှိုအကြောင်း လေ့လာသောပညာ) နယ်ပယ်မှ အထူးလေးစားခြင်းကို ခံရ၏။ အသက် ၃၀ တန်းတွင် ကိုယ်တိုင်ရေး ကိုယ်တိုင်ထုတ်သည့် နာမည်ကျော် ကလေးစာအုပ် ယုန်ကလေးပီတာပုံပြင် ထွက်လာသည်။ ထိုနောက်တွင် ပေါ်တာသည် ကလေးစာအုပ်များအတွက် စာရေးခြင်းနှင့် ပုံဆွဲခြင်းကို ဇောက်ချလုပ်တော့၏။

စာအုပ် ၃၀ ရေးခဲ့ရာ ကလေးစာအုပ် ၂၃ အုပ်မှာ ပို၍ ထင်ရှားသည်။ စာမူခများနှင့် အဒေါ်တဦးထံမှရသော အမွေတို့ဖြင့် နီးယားဆော်ရေး (Near Sawrey) ရှိ ကုန်းထိပ်ခြံကို ၁၉၀၅ ခုတွင် ဝယ်၏။ နီးယားဆော်ရေးမှာ သူ ငယ်စဉ်က အလည်သွားဖူးသည့် လိတ်ဒိစတြိတ်ရှိ ကမ်ဘရီယာစီရင်စုမှ ရွာတခုတည်း။ နောင်နှစ်များတွင်လည်း အခြားခြံများကို ဝယ်ကာ တောင်ကုန်းသွင်ပြင်ကို မပျက်စီးအောင် ထိန်းသိမ်းခဲ့သည်။ ၁၉၁၃ ခု၊ အသက် ၄၇ နှစ်တွင်မှ အနီးရှိ ဟော့စဟတ်ရွာ (Hawkshead) မှ ဒေသခံရှေ့နေ ဝီလီယံဟီးလစ်နှင့် လက်ထပ်၏။ ဟာ့ဒဝစ်သိုးကို ဆုချိတ်အောင် သားဖေါက်နိုင်ခဲ့သူဖြစ်ပြီး သူ၏ မြေယာထိန်းသိမ်းနည်းကို ကြွယ်ဝသော ဒေသခံလယ်သမားတို့ကလည်း စိတ်ဝင်စားဟန် ပြသည်။ ဗြိတိန်ပုံနှိပ်တိုက် ဝမ်း (Warne) က သူ့ကလေးစာအုပ်များကို ရုပ်ပြတွဲအသွင် ရောင်းချရန် ညှိနှိုင်းလာသည်နောက် ပုံဆွဲခြင်း၊ စာရေးခြင်းကို ဆက်လုပ်သည်။ သို့သော် မြေယာစီမံရေးမှာ တာဝန်ကြီးသည့်အတွက်၎င်း၊ မျက်စိမကောင်းတော့သည့်အတွက်၎င်း၊ ယခင်သို့ လုံးလုံး အာရုံမစိုက်နိုင်။

၁၉၄၃ ခု၊ ဒီဇင်ဘာလ ၂၂ ရက်တွင် နီးယားဆော်ရေးရှိ နေအိမ်၌ပင် အဆုတ်ရောင်ရောဂါ၊ နှလုံးရောဂါတို့ဖြင့် လွန်သည်။ သူပိုင်ပစ္စည်းဥစ္စာတို့ကို အမျိုးသားဘဏ္ဍာထိန်းအဖွဲ့သို့ လွှဲခဲ့သည်။ ယခု လိတ်ဒိစတြိတ်ရှိ အမျိုးသားဥယျာဉ်မြေ အများစုမှာ သူ ထိန်းသိမ်းခဲ့သော မြေများတည်း။ ပေါ်တာ၏ ကလေးစာအုပ်များမှာ ကမ္ဘာအနှံ့တွင် ဘာသာစကားအမျိုးမျိုးဖြင့် ထုတ်ဝေကြသည်။ သီချင်း၊ ရုပ်ရှင်၊ ကာတွန်းရုပ်ရှင်၊ ဘဲလေးဖျော်ဖြေပွဲတို့လည်း လုပ်သည်။ သူ့ဘဝဇာတ်ကြောင်းကို ရုပ်ရှင် ၂ ကား၊ ရုပ်သံဇာတ်လမ်းတွဲ ၁ ခုဖြင့် တင်ဆက်ဖူးသည်။

ကိုးကား[ပြင်ဆင်ရန်]