ဘိုဘိုငယ်

ဝီကီပီးဒီးယား မှ
ဘိုဘိုငယ်
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ
တာဝန်သက်တမ်း
၃၁ ဇူလိုင် ၂၀၁၇ – ၁ ဖေဖော်ဝါရီ ၂၀၂၁
ယခင်လူဦးစိုးမင်း၊ဦးဆက်အောင်၊ဒေါ်ခင်စောဦး
ဆက်ခံသူဦးဝင်းသော်၊ဒေါ်သန်းသန်းဆွေ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1968-06-21) ဇွန် ၂၁၊ ၁၉၆၈ (အသက် ၅၅)
ရန်ကုန်
လူမျိုးမြန်မာ
ကြင်ဖော်(များ)နှင်းဝေလွင်
သားသမီးအယ်ချမ်းမြေ့
ပညာရေးရန်ကုန်တက္ကသိုလ်

ဘိုဘိုငယ်(၁၉၆၈ခုနှစ် ဇွန်၂၁ရက်ဖွား)သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌတစ်ဦးအဖြစ်၂၀၁၇ခုနှစ် ဇူလိုင်လ ၃၁ရက်ကစပြီး၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ [၁]၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း တွင် အခြားသောအစိုးရအဖွဲ့တာဝန်ရှိသူများနှင့် အတူ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ [၂] ၂၀၂၂ ဒီဇင်ဘာ ၁၃ရက်တွင် ထောင်အနှစ်၂၀ ချမှတ်ခံရသည်။ [၃]

အစောပိုင်းဘ၀[ပြင်ဆင်ရန်]

ရန်ကုန်တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်ခဲ့သူ ဘိုဘိုငယ်သည် ၁၉၈၈ အရေးအခင်း ကာလက တက်ကြွစွာဖြင့် ရှေ့တန်းမှပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။ ထိုသို့ပါဝင်ခဲ့ခြင်းကြောင့် စစ်အစိုးရ၏ ဖမ်းဆီးခြင်းအား ခံခဲ့ရပြီး ထောင် ၄ နှစ်ခွဲ ကျခံခဲ့ရသည်။[၄] ထောင်မှ ပြန်လွတ်လာပြီးနောက်  အင်းလေးဒေသသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ထိုအချိန်တွင် ပင်လယ်ရေမှော်များကို တောင်ကိုးရီးယားတွင် စားဖွယ်စုံအဖြစ် ရောင်းချနိုင်ကြောင်း တွေ့ရှိခဲ့သည်ဟုဆိုသည်။နောက်ပိုင်း ပိန်းဥတင်ပို့ရောင်းချသည့်လုပ်ငန်းစသည့် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရင်း အိမ်ထောင်ကျခဲ့သည်။ဇနီးဖြစ်သူမှာ ဒေါ်နှင်းဝေလွင်ဖြစ်ပြီး၊၎င်းတွင် မောင်အယ်ချမ်းမြေ့ဆိုသည့် သားတစ်ဦးလည်း ရှိသည်။

ပြည်ပသို့ထွက်ခွာသွားခြင်းနှင့်ပညာရေးအကြောင်း[ပြင်ဆင်ရန်]

ထိုစဉ်ကာလက စစ်အစိုးရက သူ၏စီးပွားရေးအား စွက်ဖက်လာ၍  အမေရိကန်သို့  ၂၀၀၀ခုနှစ်တွင် ထွက်ပြေးသွားခဲ့ရသည်ဟု ဆိုသည်။ သူသည် အမေရိကန်သို့ရောက်ရှိခဲ့ချိန် အစောပိုင်းကာလများက စားသောက်ဆိုင်အမျိုးမျိုးတွင် ပန်းကန်ဆေးသူအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ရသည်။[၅]နောက်ပိုင်းတွင် စီးပွားရေးနှင့်သင်္ချာပညာရပ်များအား အမေရိကန်နိုင်ငံရှိ Bard College တွင် သင်ကြားခဲ့သည်။၎င်းသည် Bard College မှ bachelor's degree၊ Johns Hopkins University မှ စီးပွားရေးဆိုင်ရာ မဟာဘွဲ့နှင့် လန်ဒန်တက္ကသိုလ်မှPh.D. ဘွဲ့ကို ရရှိခဲ့သည်။ ဘိုဘိုငယ်သည်   American Institute for Economic Research (AIER) ၏ သီးခြားခွဲထွက်သော American Institute for Economic Research (AIER) ၏ လွတ်လပ်သော လက်အောက်ခံ American Investment Services (AIS) တွင် သုတေသနလုပ်ငန်းများကိုပါဝင် လုပ်ဆောင်ခဲ့သူလည်းဖြစ်သည်။[၆]

မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိပြီးနောက်ပိုင်းကာလများ[ပြင်ဆင်ရန်]

၂၀၁၅အထွေထွေရွေးကောက်ပွဲပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့သည်ဟု ဆိုသည်။ ကမ္ဘောဇဘဏ်၏  ဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာန အကြီးအကဲအဖြစ် တာဝန်ယူခဲ့ဖူးသူဟုလည်းဖော်ပြကြသည်။ ယင်းနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)တွင် စီးပွားရေးအကြံပေးတာဝန်၊နောက်ပိုင်း ဗဟိုဘဏ်ဒါရိုက်တာအဖွဲ့ဝင်၊၂၀၁၇ခုနှစ် ဇူလိုင်လ ၃၁ရက်ကစပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌတာဝန် ပေးအပ်ခြင်းခံခဲ့ရသည်။ [၇] ထိုရာထူးတာဝန်ယူခဲ့စဉ်က သူ၏ အသက်သည် ၄၈နှစ်အရွယ်သာ ရှိသေးသည်။ Frontier Myanmar က ဘိုဘိုငယ်ကို တက်ကြွပြီး အားမာန်ရှိသည့် ခေတ်မီသော ပညာရှင်တစ်ဦးအဖြစ် ဖော်ပြသည်။ [၈] ဘိုဘိုငယ်သည် နိုင်ငံတော်စီးပွားရေးပေါင်းစပ်ညှိနှိုင်းရေး ကော်မတီဝင်လည်း ဖြစ်ခဲ့သည်။

ဘိုဘိုငယ်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီအုပ်ချုပ်ရေးနှင့်အတူ ရဲရင့်သော ပြုပြင်ပြောင်းလဲရေး အစီအစဉ်အပေါ် အကောင်အထည်ဖော်ခဲ့ကြသူများထဲပါခဲ့ပြီး နောက်ဆုံးတွင် ရာထူးတက်ခဲ့သူ၊ အစိုးရ၏ လိုငွေပြမှု ၅၀ ရာခိုင်နှုန်းကို လျှော့ချနိုင်ခဲ့သူထဲပါဝင်ခဲ့သူ၊ စမတ်ဖုန်း လက်လီငွေပေးချေမှုစနစ်ကို ရှေ့ဆောင်ခဲ့သူ၊ သီလဝါ အထူးစီးပွားရေးဇုန်ကို ပံ့ပိုးပေးခဲ့သူ၊ ငါးနှစ်အတွင်း မြန်မာနိုင်ငံ၏ GDP ကို ကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံမှ ၁၀ ဒသမ ၅ ဘီလီယံအထိ မြင့်တက်လာအောင် စွမ်းဆောင်ကြသူများထဲ ပါခဲ့သူဟု ဖော်ညွှန်းခြင်းခံခဲ့ရသည်။ [၉]

၂၀၂၁ ဖေဖော်ဝါရီ၁ရက်နောက်ပိုင်းအကြောင်းအရာများ[ပြင်ဆင်ရန်]

၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း တွင် ဘိုဘိုငယ်လည်း ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည်။ နေပြည်တော်ရှိအစိုးရပေးထားသောနေအိမ်အတွင်း ရှိနေစဉ် လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်ပြီး မည်သည့်နေရာ၌ ထိန်းသိမ်းထားသည်ကို မိသားစုအား သိခွင့်မပေးခဲ့ပေ။[၁၀] ရက်အနည်းငယ်အကြာတွင် သေဆုံးသွားသည်ဆိုသော ကောလဟာလ ထွက်ပေါ်လာသည်။ [၁၁] ထိုသတင်းမမှန်ကြောင်း ၂၀၂၁ခုနှစ် ဧပြီ၉ ရက်တွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌဦးဘိုဘိုငယ် ကျန်းမာစွာရှိကာ ရိပ်သာတစ်ခုတွင်ထိန်းသိမ်းထားကြောင်းနှင့် စစ်မေးနေကြောင်း ထွက်ပြောခဲ့သည်။ [၁၂]

ထိန်းသိမ်းခံရပြီး ၁နှစ်ကျော်အကြာ မေလ ၁၀ ရက်နေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ကဘိုဘိုငယ်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် အမှုဖွင့် အရေးယူကြောင်း ကြေညာခဲ့သည်။ [၁၃] [၁၄]

နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ရဘဏ်များအပေါ် လုပ်ထုံးလုပ်နည်းနှင့် အညီ ကြီးကြပ်မှုအားနည်းခဲ့၍ နိုင်ငံတော်က ရသင့်သည့် အခွန်ငွေများနှင့် ဘဏ်အတိုးများ နစ်နာဆုံးရှုံးခဲ့သည်ဟုကြေညာချက်ထဲ ထည့်သွင်းဖော်ပြခဲ့သည်။ [၁၅]

ကိုးကား[ပြင်ဆင်ရန်]

  1. စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နှင့် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ ခန့်အပ်ဆင်ဟွာသတင်း (၃၁ ဇူလိုင် ၂၀၁၇)။ ၂၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. Washington Post Explores the Life of Bo Bo Nge ’04, Central Bank of Myanmar Deputy Governor, Detained in the Myanmar Military CoupBARD (၁ မတ် ၂၀၂၁)။ ၂၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်ကို ထောင်ဒဏ် နှစ် ၂၀ ချမှတ်VOA Burmese (၁၅ ဒီဇင်ဘာ ၂၀၂၂)။ ၂၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. Life After Burma: The Saga of Bo Bo Nge (၁၁ ဖေဖော်ဝါရီ ၂၀၂၁)။ ၂၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. Myanmar bank chief abducted by junta still is alive, Berkshire friends sayThe Berkshire Eagle (၂၇ ဧပြီ ၂၀၂၁)။ ၂၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  6. Bo Bo Nge Myanmar Program Fellow 2014-2018ASH Center။ 14 November 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  7. ဗဟိုဘဏ် အဖွဲ့ဝင်များ ပြောင်းလဲမည်ဆိုသော်လည်း စိတ်အားတက်ကြွခြင်း မရှိဧရာဝတီ (၂၂ ဇူလိုင် ၂၀၁၇)။ ၂၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  8. ဗဟိုဘဏ်ဥက္ကဋ္ဌသစ် ဘယ်သူဖြစ်လာမလဲFrontier Myanmar (၄ ဇွန် ၂၀၁၈)။ ၂၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  9. Life After Burma: The Saga of Bo Bo NgeAIER (11 February 2021)။ 22 February 2023 တွင် ပြန်စစ်ပြီး။
  10. ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ ဦးဘိုဘိုငယ် ဖမ်းဆီးခံရပြီးပျောက်ဆုံးနေRFA Burmese (၈ ဖေဖော်ဝါရီ ၂၀၂၁)။ ၂၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  11. မော်ကွန်းတင်ပြီးမိတ္တူ။ 28 August 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 May 2022 တွင် ပြန်စစ်ပြီး။
  12. ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ် ကျန်းမာစွာရှိပြီး ရိပ်သာတစ်ခုတွင် ထိန်းသိမ်းထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြောကြားEleven Media Group (၉ ဧပြီ ၂၀၂၁)။ ၂၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  13. တစ်နှစ်ကျော် ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌကို အဂတိနဲ့ အမှုဖွင့်RFA Burmese (၁၀ မေ ၂၀၂၂)။ ၂၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  14. ဂျော့ဆိုးရော့စ်ဖောင်ဒေးရှင်းနှင့် ပတ်သက်ပြီး ဗဟိုဘဏ် ဒုဥက္ကဋ္ဌဟောင်း ဦးဘိုဘိုငယ်ကို အမှုဖွင့်ဧရာဝတီ (၁၁ မေ ၂၀၂၂)။ ၂၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  15. မော်ကွန်းတင်ပြီးမိတ္တူ။ 9 June 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 May 2022 တွင် ပြန်စစ်ပြီး။