ဘားကမ့်

ဝီကီပီးဒီးယား မှ
ဒေါ်အောင်ဆန်းစုကြည် ဘားကမ့်ရန်ကုန်-၂၀၁၂ တွင် မိန့်ခွန်းပြောကြားနေစဉ်

ဘားကမ့် (အင်္ဂလိပ်: Barcamp) ဆိုသည်မှာ သမာရိုးကျ ပြုလုပ်နေကျ နည်းပညာ ဟောပြောပွဲပုံစံမှ ခွဲထွက်ပြီး လူအများစုပေါင်းကျင်းပသော လွတ်လပ်တဲ့ အသိပညာမျှဝေနိုင်သော နည်းပညာ ဖလှယ်ပွဲတစ်ခု ဖြစ်သည်။ ဘားကမ့်တွင် လူတစ်ဦးတစ်ယောက်ချင်း ဆီမှ မိမိတို့ သိရှိထားသမျှသော အသိပညာ၊ အတတ်ပညာများကို ဆွေးနွေးမှုပုံစံဖြင့် အပြန်အလှန် တင်ပြနိုင်သည်။ ဘားကမ့်သည် ပွင့်လင်း(Open)သည်၊ မည်သူမဆို တက်ရောက်လာသူများ ကိုယ်တိုင် ဝင်ရောက်ဟောပြော၍ ရသည်။ သက်ဆိုင်ရာ အချိန်ဇယားကပ်ထားသော ဘုတ်ပေါ်တွင် ကိုယ်ဟောပြောမယ့် ခေါင်းစဉ်ကို သွားကပ်လို့ရသည်။ ဘားကမ့်ကို ဦးဆောင်သူ(Organizer) ရယ်လို့ သီးသန့်မရှိပဲ ကျင်းပမည့် နယ်မြေဒေသမှ ဘားကမ့်ပြုလုပ်ချင်သူ (Barcamper)များနှင့် တက်ရောက်မယ့် သူများက စုပေါင်းကျင်းပ ကြခြင်း ဖြစ်သည်။ ဘားကမ့်ပြုလုပ်ခြင်းအားဖြင့် နယ်မြေဒေသ အသီးသီးက ကိုယ့်လို ဝါသနာတူတွေ အချင်းချင်း ပိုမိုရင်းနှီးလာနိုင်သည်။

ဘားကမ့်ဆိုသည် ပုံမှန် ဆွေးနွေးပွဲ၊ အစည်းအဝေး၊ တွေ့ဆုံပွဲ စတာတွေလို ကြိုတင် စီမံထားတဲ့ ခေါင်းစဉ်တွေ ထားရှိချင်းမရှိဘဲ တက်ရောက်လာသူတွေက ပြောလာသော၊ ပြောချင်သော အကြောင်းအရာတွေကို တချိန်ထဲ တပြိုင်ထဲ မှာ အများအပြား တင်ပြ ပေးနိုင်သည့် နေရာများစွာကို ဖန်တီးပေးမည့် ပွဲတစ်ခု ဖြစ်သည်။

ဘားကမ့် ဆိုတာကတော့ ပညာရပ်ပိုင်းဆိုင်ရာ ပွဲတစ်ခုဖြစ်ပေမယ့် သမရိုးကျ ပွဲကျင်းပပုံလေးတွေကနေ ခွဲထွက်သွားသည်။ ဝါသနာတူရာ၊ ရည်မှန်းချက်တူရာလူတွေစုပြီး အတွေ့အကြုံတွေ အသိပညာတွေဖလှယ်ကြမယ့်ပွဲဖြစ်သည်။ ဘားကမ့် ဆိုတာက ဟောပြောပွဲမဟုတ်။ သရုပ်ဖော်ပြသခြင်းသက်သက်လည်းမဟုတ်။ ဆွေးနွေးပွဲကြီးမျိုးလည်းမဟုတ်။ Conference လိုမျိုးမဟုတ်တဲ့အတွက် Un-conference ဟု ခေါ်ပါသေးသည်။ ဘားကမ့် မှာ Experts တွေက Non-Experts တွေကို ဆရာလုပ်တဲ့ပုံမျိုးလည်းမသွားပါ။ လူတိုင်းမှာ ကိုယ်ကျွမ်းကျင်တဲ့အပိုင်းလေးတွေ၊ တပါးသူကို ဝေမျှထိုက်မယ့်အပိုင်းတွေ ကိုယ်စီရှိကြတယ်လို့ ဘားကမ့် ကယူဆပါသည်။ အဲ့ဒီ့အတွက် ပညာဖြန့်ဝေခြင်း မော်ဒယ်ကို လုံးဝပြောင်းပြန်လှန်ပစ်လိုက်မယ့် Event ဖြစ်သည်။

ဘားကမ့်မှာ စည်းများ၊ဘောင်များ၊ agenda များမရှိပဲ အချင်းချင်း လွတ်လပ်စွာ ဆွေးနွေးဖလှယ်ကြပြီး ဆွေးနွေးပွဲရဲ့ခေါ်ဆောင်ရာကိုအလိုက်သင့်လိုက်သွားရုံသာ ဖြစ်သည်။ ဘားကမ့်၏ အသက်ကတော့ "participating" - ကိုယ်တိုင်ပါဝင်ခြင်း ပါပဲ။ ဘေးကနေကြည့်နေမယ့်လူမျိုးတွေမပါဝင်ပါ။ အဲ့ဒီတော့ ဘားကမ့်ကို လာတဲ့လူတိုင်း ကိုယ်သိတာတွေကို ပေးရင်းနှင့် ကိုယ်မသိတာတွေလည်း ယူသွားနိုင်ကြမှာဖြစ်သည်။

စတင်ကျင်းပခဲ့သော နိုင်ငံ[ပြင်ဆင်ရန်]

ဘားကမ့် မပေါ်ခင်က Foobar တို့မှတစ်ဆင့် Foo Camp ဆိုပြီး ပြောင်းလဲရာမှ ဘားကမ့်(BarCamp)ဆိုသော နာမည်နှင့်အတူ ကမ္ဘာပေါ်၌ပထမ ဦးဆုံးဘားကမ့်ပွဲကို ကယ်လီဖိုးနီးယားပြည်နယ်၊ ပလိုအတိုမြို့မှာ ၂၀၀၅ ခုနှစ်မှာ ဩဂုတ်လ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ကျင်းပခဲ့ပြီး Barcampers ၂၀၀ ကျော် တက်ရောက်ခဲ့သည်။ နောက်ပိုင်းမှာ မြောက်အမေရိက၊ တောင်အမေရိက၊ အာဖရိက၊ ဥရောပအရှေ့ အလယ်ပိုင်းဒေသ၊ ဩစတြေးလျနှင့် အာရှတိုက်ရှိ မြို့အတော်များများတွင် စတင် ကျင်းပနိုင်ခဲ့ ကြသည်။ ၂၀၀၆ ခုနှစ် ဩဂုတ်လ ၂၅ -၂၇ ရက်နေ့ကို BarCampe Earth အဖြစ်သတ်မှတ်ကာ တစ်ကမ္ဘာလုံး ရှိမြို့ကြီးများတွင် တစ်ပြိုင်နက်စတင် ကျင်းပနိုင်ခဲ့သည်။ ပထမဆုံးဘားကမ့်ပွဲကို ၂၀၀၅ ခုနှစ် ဩဂုတ်လ ၁၉- ၂၁ မှာ ကျင်းပခဲ့ပြီး ၂ နှစ်ပြည့်တဲ့ ၂၀၀၇ ခုနှစ် ဩဂုတ်လ ၁၈-၁၉ ရက် မှာ ဘားကမ့်၏ဒုတိယမြောက်နှစ်ပတ်လည်အဖြစ် BarCampe Block ကို သတ်မှတ်ခဲ့ကာ မူလကျင်းပခဲ့ရာ ကယ်လီဖိုးနီးယားပြည်နယ်၏ ပလိုအတိုမြို့မှာ ကျင်းပခဲ့ပြီး ၈၀၀ ကျော် တက်ရောက်ခဲ့သည်။ [၁]

ဘားကမ့်၏ ရည်ရွယ်ချက်များ[ပြင်ဆင်ရန်]

ဘားကမ့်တွေအားလုံးသည် ပေါင်းစည်းသည့်ပုံစံမျိုး ဖွဲ့စည်းထားခြင်းမဟုတ်ကြဘဲ နိုင်ငံတစ်ခုနှင့်တစ်ခု လွတ်လပ်စွာ ပြုလုပ်ကျင်းပခြင်းမျိုးဖြစ်သော်လည်း ဘားကမ့်တိုင်းတွင် တူညီသောဘုံရည်မှန်းချက် များက အတူတူပင် ဖြစ်နေတတ်ကြသည်။ တစ်ဦးတစ်ယောက်မှစပြီး တစ်ဖွဲ့နှင့်တစ်ဖွဲ့ မိမိတို့ကျွမ်းကျင်ရာ၊ တတ်မြောက်ထားရာ ပညာရပ်နယ်ပယ်များ၌ အသိပညာပိုင်းဆိုင်ရာများ၊ အတတ်ပညာပိုင်းဆိုင်ရာများ၊ တစ်ဦးနှင့်တစ်ဦး ကွာခြားချက်များ လျော့ နည်းလာစေဖို့နဲ့ အတူယှဉ်တွဲကာ ပူးပေါင်းဆောင်ရွက်နိုင်မှုဆိုသည့် အသိတရားများမှတစ်ဆင့် လူသားအကျိုးပြုလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်နိုင်ရေးတို့ဖြစ်သည်။ ထိုလူသားအကျိုးပြု လုပ်ငန်းများမှ တစ်ဆင့် အလုပ်အကိုင်၊ အခွင့်အလမ်းများ ပိုမိုပေါ်ပေါက်လာဖို့အတွက် ရည်ရွယ်ထားခြင်းလည်း ဖြစ်သည်။ ဘားကမ့်ကို အဓိကထင်ရှားစေသော အချက်တစ်ခုက တစ်ဦးတစ်ယောက် အဖွဲ့အစည်းတစ်ခုခုမှ ချုပ်ကိုင်လွှမ်းမိုးခြင်းကို တားဆီးပိတ်ပင်ပြီး လွတ်လပ်မှုရှိသည့် လူမှုအဖွဲ့အစည်းတစ်ရပ်နှင့် နည်းပညာရပ်ဆိုင်ရာ အဖွဲ့အစည်းများ စဉ်ဆက်မပြတ် ထွက်ပေါ်လာရေးအတွက် တွန်းအားတစ်ရပ်ပဲဖြစ်သည်။ [၂]

စီစဉ်ပုံ[ပြင်ဆင်ရန်]

ဘားကမ့် ပြုလုပ်သည့် ပွဲမှာ ဘယ်လို စီမံပေးထား သလဲ ဆိုလျှင် ဘားကမ့်စီစဉ်သူများက တက်ရောက်လာပြီး မိမိပြောလို၊ ဆွေးနွေးလိုသည့် အကြောင်းအရာများကို သီးသန့်တင်ပြနိုင်အောင် အခန်းများ စီမံပေးထားမည်။ ပြောလိုသည့်သူများသည် မိမိတင်ပြပြောဆိုလိုသော အကြောင်းအရာ ခေါင်းစဉ်များကို ပွဲအတွင်းအစီအစဉ် ကြေညာသင်ပုန်းမှာ လွတ်လပ်စွာ လာရောက်ပြီး မိမိအစီအစဉ်နှင့် လာရောက် ကပ်ထားနိုင်သည်။ ထိုသင်ပုန်းမှာ စီစဉ်ထားသော အခန်းနံပါတ်များနှင့် အချိန် တွေကို ဖော်ပြထားမှာ ဖြစ်သည်။ ဒီလို လာရောက် ကပ်ထားနိုင်ဖို့ ဘားကမ့် စီစဉ် သူတွေနှင့် ကူညီသူတွေက တက်ရောက်လာသူတွေကို ကူညီပေးမှာ ဖြစ်သည်။ အစီအစဉ်အတိုင်းဘဲ အချိန်နဲ့နေရာ သတ်မှတ်ထားတဲ့နေရာတွေမှာ မတူညီတဲ့ အကြောင်းအရာတွေကို တပြိုင်နဲ့ ကျင်းပပေးနေမှာ ဖြစ်ပြီး ဘားကမ့်ကို လာရောက် သူတွေကလဲ အဲဒီတင်ပြပြောဆိုမှုတွေကို မိမိတို့စိတ်ဝင်စားရာ နေရာတွေမှာ လွတ် လပ်စွာ သွားရောက်နားထောင်ပြန်လှန်ဆွေးနွေးမှုတွေကို ပြုလုပ်နိုင်မှဖြစ်ပါတယ်။ ဒီလို မျိုး တင်ပြချက်တွေကို ပိုမိုကျယ်ပြန့်စွာ ဖလှယ်နိုင်ဖို့ အတွက် အကြောင်းအရာ တခုခြင်းစီအတွက် တင်ပြဆွေးနွေးချိန်တွေကိုတော့ အနည်းငယ်အချိန်ကန့်သတ်မှု တွေနဲ့ စီစဉ်ပေးထားမှာ ဖြစ်ပါတယ်။ ဒါကလဲ အများအပြားထွက်ပေါ်လာမည့် ခေါင်း စဉ်တွေအတွက် အားလုံးနားထောင်လို့ရအောင် ပြုလုပ်ပေးရတာဖြစ်ပြီး လူအများ စိတ်ဝင်စားမှုနဲ့ အားပေးမှု ဖြစ်နေတဲ့ ခေါင်းစဉ်အောက်က ဆွေးနွေးချက်များအတွက် အချိန်ပိုရရှိနိုင်အောင်ဆောင်ရွက်ပေးထားမှာလဲဖြစ်ပါတယ်။

ဘားကမ့်ပွဲဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီရမည့် အဖွဲ့အစည်းများ[ပြင်ဆင်ရန်]

ဘားကမ့်ဖြစ်မြောက်ရေးအတွက် အဓိကပံ့ပိုးကူညီရသည့် အဖွဲ့များအဖြစ် အဖွဲ့ ၅ ဖွဲ့ကို Barcamper တွေထဲမှ ရွေးချယ်ကာ ဖွဲ့စည်းကြရပြီး ဘားကမ့်ဖြစ်မြောက်ရေးအတွက် လုပ်ငန်းတာဝန်များကို ခွဲဝေယူကြရသည်။

  1. Organizer Team,
  2. Co-ordinator Team,
  3. Admin Group,
  4. Marketing Group နှင့်
  5. Technical Support Team တို့ဖြစ်ကြပြီး အဆိုပါ အဖွဲ့ ၅ ဖွဲ့မှ ဘားကမ့်ပွဲအတွက်လိုအပ်သော ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ကြရသော်လည်း အမှန်တကယ် အဆိုပါ အဖွဲ့ ၅ ဖွဲ့စလုံးသည် ဘားကမ့်ကို ထိန်းချုပ်ပိုင်ခွင့်မရှိသလို စိတ်ကြိုက်စီမံပိုင်ခွင့်လည်းမရှိချေ။[၃]


အကျိုးကျေးဇူး[ပြင်ဆင်ရန်]

ဘားကမ့်စီစဉ်သူတွေက ဝင်ရောက်စွက်ဖက်မှာ မဟုတ်တဲ့အတွက် မိမိတို့ ဘာသာ လွတ်လပ်စွာ နှီးနှော ဖလှယ်နိုင်မှာဖြစ်ပါတယ်။ ဘားကမ့်ပြုလုပ်တဲ့ပွဲတွေမှာ လူမှုရေး၊စီးပွားရေး၊နည်းပညာစတဲ့ ကဏ္ဍများစွာ ကိုပေါင်းကူးပေးတာ ဖြစ်တဲ့အတွက် နည်းပညာ ရှိပြီး စီးပွားရေးအကြောင်းသိရှိချင်သူ၊ စီးပွားရေး နယ်ပယ်မှာထွန်းကားပေမယ့် နည်းပညာပိုင်းမှာ အားနည်းနေသူ စတဲ့ သူတွေအချင်းချင်းကို တွေ့ဆုံပေးနိုင်မှာဖြစ်ပါတယ်။ ဒီတော့ ဘားကမ့်တွေရဲ့ ပြုလုပ်ရ တဲ့ ရည်ရွယ်ရင်းဟာ ဘာလဲဆိုပြီးမေးလာ စရာဖြစ်လာနိုင်ပါတယ်။ ဘားကမ့် စီစဉ်သူတွေဟာ ဒီလို တချိန်တည်းတပြိုင်ထဲမှာ အခွင့်အလမ်းပေါင်းများစွာ တိုးတက် လာစေမယ့် ရည်ရွယ်ချက်ကလွဲပြီး မည်သည့် ရည်ရွယ်ချက်မှမရှိဘူးဆိုတာတော့ ရဲရဲပြောချင်ပါတယ်။ ကမ္ဘာနဲ့ တလွှားဘာကြောင့်ဘားကမ့်ပေါင်း များစွာ ကို အကြိမ်ကြိမ်ပြုလုပ်နေတယ်ဆိုတဲ့အကြောင်းဟာ မိမိတို့ဒေသအတွင်းမှာရှိတဲ့ ပြန့်ကျဲနေတဲ့ အားတွေကို စုစည်းပေးစေနိုင်တာကြောင့် လို့ဘဲ ဆိုရမှာ ဖြစ်ပါတယ်။


ဘားကမ့်ဟာ မတူညီတဲ့ လုပ်ရိုးလုပ်စဉ်တွေကို တွန်းဖယ်ပြီး တချိန်ထဲမှာ များစွာသော ကဏ္ဍတွေအတွက် အချိန်တိုတိုနဲ့ထိရောက်တဲ့ ပေါင်းစည်းမှုတခုကို ရရှိစေမယ့် ပွဲတွေလို့ ဆိုရင်လဲ ကျွန်တော်တို့ ပြုလုပ်တဲ့ ရည်ရွယ်ရင်းကို ပိုမိုထိရောက်မယ်လို့ထင်ပါတယ်။ ဒါကြောင့် ဘားကမ့်ကိုလာတဲ့ စိတ်ဝင်စားသူတွေအတွက်ရရှိနိုင်မယ့် အကျိုးအမြတ်ပါးပါးလေးတခုလောက်ကို ထုတ်ကြည့်ရရင် မိမိတို့ တင်ပြချင်တဲ့အကြောင်း အရာတွေ နည်းပညာတွေ စိတ်ကူးတွေကို မိမိတို့အစီအစဉ်နဲ့ သီးသန့်လုပ်ဆောင်တဲ့အခါ ကုန်ကျမယ့် ငွေကြေးနဲ့အချိန်တွေကို လုံးဝလျော့ချပေးလိုက်နိုင်ပါတယ်။ နောက်တခုကတော့ မိမိတို့ သဘောတရားတွေကို မိမိရဲ့ ထင်မြင်ယူဆချက်တွေကို ပြန်လှန်မေးခွန်းထုတ်ခြင်းတွေ အတွက် လုံလောက်တဲ့ ပညာရှင်အများ အပြား ကိုလဲ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ လာရောက်သူတွေအတွက် အဓိကကျတဲ့ ပြင်ဆင်မှုကတော့ မိမိက ဘာကိုသိချင်တယ်၊ ဘာကို တင်ပြချင်တယ်၊ ဘာကို မေးမြန်း ချင်တယ်၊ ဘယ်လိုအကြောင်းအရာတွေကို စိတ်ဝင်စားတယ်ဆိုတဲ့အချက်တွေအပြင် မိမိကိုယ်တိုင်ဟာ ဒီဘားကမ့်မှာ ထင်ပေါ်ကျော်ကြားသူ တယောက် ဖြစ်လာ နိုင်တယ်ဆိုတဲ့ ယုံကြည်မှုလဲ ရှိဖို့လိုအပ်မှာဖြစ်ပါတယ်။


မေးပါများစကားရ ဆိုတဲ့ စကားပုံကတော့ ဘားကမ့်မှာထိထိရောက်ရောက် အသုံးချသင့်တဲ့ စကားတခု ဖြစ်ပါတယ်။ ဘားကမ့်တွေမှာ ပြုလုပ်လေ့ရှိတဲ့ အစီအစဉ်တွေအပြင် ရန်ကုန်ဘားကမ့်မှာ ပြုလုပ်မယ့်ထူးခြားတဲ့အစီအစဉ်တွေလဲ ပါဝင်ဦးမှာဖြစ်ပါတယ်။ ရန်ကုန်ဘားကမ့် လို့ ခေါ်ဆိုရတာကတော့ ဘားကမ့်ပြုလုပ်တဲ့နေရာတွေမှာ ပြုလုပ်တဲ့ဒေသ ကိုအစွဲပြုခေါ်ဆိုလေ့ရှိတာကြောင့် ကျွန်တော်တို့ ရန်ကုန်ဘားကမ့်လို့ ခေါ်ရတာ ဖြစ်တယ် ဆိုတာ ဘာမှ ဝိယောဓိမဖြစ်ပါနဲ့။ တကယ်က နေရာဒေသဟာ ကျွန်တော်တို့အတွက် အရမ်းအဓိကကျတဲ့စိတ်ဝင်စားစရာ အကြောင်းတရားမဟုတ်လို့ဘဲ ဖြစ်ပါတယ်။ ကဲပါလေ ဘာဘဲပြောပြော အခြား ဘားကမ့်ပေါင်းများစွာမှာ မပါဝင်နိုင်တဲ့ ထူးခြားအစီအစဉ်တွေကို ရန်ကုန်ဘားကမ့်မှာ ထည့်သွင်း ထားဦးမှာ မို့ ဘာတွေလဲ ဆိုတာကတော့ လာရောက်တဲ့အခါမှာ ထူးထူးဆန်းဆန်းလေးဖြစ်သွားအောင် ဒီအတိုင်းဘဲ ထားလိုက်ပါဦးမယ်။ ပထမဆုံးအနေနဲ့ သင့်အတွက် ရန်ကုန်ဘားကမ့်ကို လာရောက်ဖို့ အတွက် အမှတ်တရတီရှပ်လေးကို ဘယ်လိုအနေအထားဝတ်ချင်တယ်ဆိုတာကို ဒီဆိုဒ်မှာ မှတ်ပုံတင်ရင်း မှာထားနိုင်သလို သင်ဘယ်သူ ဘယ်ကနေလာမယ်ဆိုတာနဲ့ ဘာခေါင်းစဉ်မျိုးကို ပြောမယ်ဆိုတာလဲ ကြိုတင် ကြော်ငြာထားနိုင်ပါတယ်။ တကယ်လို့ ဒီမှာ မှတ်ပုံတင်မထားရင်လဲ ဘားကမ့်ပွဲအတွင်းမှာ သင်ဟာ ဝင်ရောက်တင်ပြဆွေးနွေးသူတယောက် ဖြစ်နေနိုင်ပါတယ်ဆိုရင် အရမ်းမအံ့ဩနဲ့ဦးနော်။

ရရှိနိုင်မည့် အခွင့်အရေးများ[ပြင်ဆင်ရန်]

ဘားကမ့်ပွဲလာလျှင် Laptop တစ်လုံးနှင့် data သိမ်းနိုင်သော deviceများကို ယူဆောင်လာသင့်သည်။ ဘားကမ့်ကိုတစ်ဖက်ကကျင်းပနေသလိုပဲ မနက် ၉ နာရီမှ ညနေ ၅ နာရီ အထိကိုလည်း Free Service ပေးထားသော Wireless Internet Accessကို ရယူသုံးစွဲနိုင်မှာဖြစ်သည်။ အထူးခြားဆုံးကတော့ ဘားကမ့်ပွဲအတွင်းမှ သတင်းများ၊ ဓာတ်ပုံများနှင့် ဗီဒီယိုဖိုင်များကို အင်တာနက်စာမျက်နှာထက်ကို တိုက်ရိုက်ပေးပို့နိုင်သည့်အတွက် အထူးခြားဆုံး ပွဲတစ်ပွဲဖြစ်သည်။ [၄]

ပထမအကြိမ် ဘားကမ့်များ[ပြင်ဆင်ရန်]

  • မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ဘားကမ့်ကို ရန်ကုန်မြို့၌ ဇန်နဝါရီလ ၂၃ရက်နှင့် ၂၄ရက်နေ့များတွင် ကျင်းပ ပြုလုပ်ခဲ့သည်။ အဆိုပါ ဘားကမ့်ရန်ကုန်ပွဲသို့ ပြည်ပမှ နိုင်ငံခြားသား ပညာရှင် ခြောက်ဦးခန့် တက်ရောက် ခဲ့ပြီး ပြည်တွင်းမှ တက်ရောက်သူများ အပါအဝင် စုစုပေါင်း လူဦးရေ ၃၀၀ဝ (သုံးထောင်) ကျော် တက်ရောက်ခဲ့ ကြသည်။ မြန်မာနိုင်ငံ၏ ပထမဆုံး အကြိမ် ဘားကမ့်ပွဲသည် နိုင်ငံတကာတွင် တက်ရောက်သူ အများဆုံး ပွဲတစ်ပွဲ အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
  • ဘားကမ့်မန္တလေးကို ၂၀၁၁-ခု၊ ဖေဖော်ဝါရီလ ၁၂ရက်နှင့် ၁၃ရက်နေ့များတွင် ကျင်းပပြုလုပ် မည်ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. NetGuide ဂျာနယ်
  2. NetGuide ဂျာနယ်
  3. NetGuide ဂျာနယ်
  4. NetGuide ဂျာနယ်