ဘသော် (ခ) မောင်သော်က၊ ဗိုလ်မှူး
မောင်သော်က (ခေါ်) ဗိုလ်မှူး ဘသော် (၁၉၂၈ - ၁၉၉၁) သည် မြန်မာ့တပ်မတော် (ရေ) အရာရှိဟောင်းတစ်ဦးနှင့် စာရေးဆရာ ကဗျာဆရာတစ်ဦး ဖြစ်သည်။ ဗိုလ်မှူးအဆင့်ထိ တပ်မတော် (ရေ)တွင် တာဝန် ထမ်းဆောင်ခဲ့ကာ စစ်ရေယာဉ် (မေယု) ကို အင်္ဂလိပ် အစိုးရထံမှ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် လွှဲယူခဲ့စဉ်က ဗိုလ်ဘသော်သည် သင်္ဘောပေါ်တွင် အလံတင်သည့် ဂုဏ်ပြုတပ်ဖွဲ့ကို ဦးဆောင်ခဲ့သူ ဖြစ်သည်။ ဗိုလ်ဘသော် (ရေတပ်)၊ မောင်သော်က အမည်များဖြင့် ဆောင်းပါးများ၊ ကဗျာများ၊ ဝတ္ထုများ များစွာ ရေးသားခဲ့သည်။ ၁၉၈၈ ခုနှစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) စတင် ထူထောင်ခဲ့စဉ်က ဗဟိုဦးစီးအဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ခဲ့သည်။[၁]
အစောပိုင်းဘဝ
[ပြင်ဆင်ရန်]၁၉၂၈ ခုနှစ်၊ ရွှေဘိုမြို့တွင် အဖ ဦးမှန်ကြီး၊ အမိ ဒေါ်မြိုင်တို့မှ ဖွားမြင်သည်။ မြန်မာမွတ်စလင် တစ်ဦး ဖြစ်ခဲ့ပြီး သားသမီး ၄ ယောက် အနက် အကြီးဆုံးသား ဖြစ်သည်။ အခြားအမည်ကတော့ နူးရ်မာမက်ဖြစ်သည်။[၂] ၁၉၄၇ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်ခဲ့သည်။ ယင်းနှစ်တွင်ပင် ဗမာ့ရေတပ်မတော်သို့ တပ်သားအဖြစ် ဝင်ရောက်အမှုထမ်းခဲ့သည်။
စစ်မှုထမ်းဘဝ
[ပြင်ဆင်ရန်]မြန်မာ့တပ်မတော် (ရေ) တွင် ဗိုလ်မှူးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့ကြောင့် ဗိုလ်မှူးဘသော်ဟု လူသိများသည်။ စစ်ရေယာဉ် (မေယု) ကို အင်္ဂလိပ် အစိုးရထံမှ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် လွှဲယူခဲ့စဉ်က ဗိုလ်ဘသော်သည် သင်္ဘောပေါ်တွင် အလံတင်သည့် ဂုဏ်ပြုတပ်ဖွဲ့ကို ဦးဆောင်ခဲ့သူ ဖြစ်သည်။
၁၉၅၆ ခုနှစ်၊ နိုဝင်ဘာလတွင် စစ်ရေယာဉ်မှူးအဖြစ် တာဝန် ထမ်းဆောင်နေသော တိုက်ရေယာဉ် ၁၀၃ သည် မဟာမိတ် ကျွန်းစုများတဝိုက် ငါးဖမ်း သင်္ဘောများကို လိုက်လံ နိုမ်နင်းရေး တာဝန် ထမ်းဆောင်နေစဉ် မုန်တိုင်းမိကာ ပင်လယ်ပြင်တွင် မျောနေခဲ့သည်။ ဗိုလ်ကြီးဘသော် နှင့် ရဲဘော် ၁ဝ ဦးတို့သည် အသက်ကယ်ဖောင်ဖြင့် ၁၃ ရက်ကြာမျှ ပင်လယ်ပြင်တွင် မျောနေရာမှ ဂျပန် ကုန်တင်သင်္ဘောတစီးက တွေ့ရှိ ဆယ်ယူခဲ့၍ အသက်မသေ ကျန်ရစ်သူ ၁ဝ ဦးတွင် ပါဝင်သည်။ တပ်မတော် (ရေ) တွင် ဗိုလ်မှူးအဆင့်ထိ တာဝန် ထမ်းဆောင်ခဲ့ကာ ၁၉၆၉ ခုနှစ်တွင် တပ်မှ အငြိမ်းစားယူကာ ရှေ့သို့၊ ဖော်ဝပ်၊ အင်္ဂလိပ် မြန်မာ နှစ်စောင်စလုံးတွင် စာတည်းချုပ်အဖြစ် တိုင်းပြည် တာဝန်များကို ဆက်လက် ဆောင်ရွက်ခဲ့သည်။
စာရေးဆရာ
[ပြင်ဆင်ရန်]စာပေရေးသားခြင်းကို ကျောင်းသားဘဝမှ စတင်၍ စစ်ပြန်၊ ပဒေသာ မဂ္ဂဇင်း၊ စစ်နှလုံး ဂျာနယ်၊ မြဝတီ၊ ငွေတာရီတို့၌ ဆောင်းပါးများ၊ ဝတ္ထုများ များစွာ ရေးသား ဖော်ပြခဲ့သည်။ ရေကြောင်းစွန့်စားခန်းဝတ္ထုများ ရေးသားရာတွင် ဗိုလ်ဘသော် (ရေတပ်) ဟု ကလောင် အမည်သုံးသည်။
မောင်သော်က အမည်ဖြင့် စာပေနယ်သို့ ဝင်ရောက်ခဲ့သည်။ မောင်သော်ကသည် အင်္ဂလိပ် မြန်မာ နှစ်ဘာသာလုံးဖြင့် ဝတ္ထု၊ ဆောင်းပါးများကို ပိုင်နိုင်စွာ ရေးသားနိုင်သူဖြစ်ကာ နေ့စဉ်သတင်းစာများ၌ အချိန်အားလျော်စွာ ရေးသားခဲ့သော မောင်သော်က၏ ဆောင်းပါးများမှာ သတင်းစာဖတ် ပရိသတ်ကို အထူးနှစ်ချိုက်စွာဖြင့် စောင့်မျှော်ဖတ်ကြရသည့် ဆောင်းပါးများ ဖြစ်သည်။ "တိုက်ရေယာဉ် ၁၀၃" အမည်ရှိ ဝတ္ထုဟန် ကိုယ်တွေ့မှတ်တမ်းမှာ လူကြိုက်များထင်ရှားသည်။
အထူးသဖြင့် သရော်စာရေးရာတွင် နာမည်ကြီးသူတဦး ဖြစ်သည်။ မဆလခေတ်တလျှောက် ခေတ်စနစ်နှင့် လူထုဘဝကို ထင်ဟပ်၍ ထိထိမိမိ ဖွင့်ချရေးသားခဲ့သူ ဖြစ်သည်။ သူသည် ကမ္ဘာ့စာပေထဲမှ အမြောက်အမြားကို မြန်မာဘာသာသို့ ပြန်ဆိုပေးခဲ့သည်။ နောက်ပိုင်းတွင် အင်္ဂလိပ်စာ၊ စကား သင်ကြားပို့ချခြင်း၊ ရေကြောင်းသိပ္ပံ အတတ်ပညာများကို နိုင်ငံခြားသွား သင်္ဘောသားများအား သင်ကြား ပို့ချပေးခြင်း၊ စာပေကဗျာ ရေးသားခြင်း စသည့် လုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။
နိုင်ငံရေး
[ပြင်ဆင်ရန်]၁၉၈၈ခု ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံတွင် ရှေ့တန်းမှ ပါဝင်ခဲ့သည်။ ထို့နောက် စာနယ်ဇင်းသမဂ္ဂတွင် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသည်။ နိုင်ငံရေးပါတီများ ဖွဲ့စည်းချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၌ ဆက်လက်ပါဝင်သည်။ ဗဟိုဦးစီးအဖွဲ့ဝင်နှင့် စစ်ကိုင်းတိုင်း စည်းရုံးရေး တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၈၉ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ၁၉၅ဝ ပြည့်နှစ်၊ အရေးပေါ် စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (က)၊ ၅ (ခ) တို့ဖြင့် ထောင်ဒဏ် အနှစ် ၂ဝ ချမှတ်ခံရသည်။ မောင်သော်က၏ လှောင်ပြောင် သရော်သော မိန့်ခွန်းများ၊ ကဗျာများနှင့် ဆောင်းပါးများမှာ မြန်မာနိုင်ငံတွင် နာမည်ကြီး လူကြိုက်များလှသည်။ "သူ့ စာပေက ပြည်သူတွေကို ရယ်စေတယ်။ တချိန်တည်းမှာ ဒေါသနဲ့ နာကြည်းမှုတွေကိုလည်း လှုံ့ဆော်ပေးတယ်" ဟု သူ့ မိတ်ဆွေတဦးက ပြောပြသည်။ သူ့အား ဖမ်းဆီးထောင်ချထားစဉ် ကာလမှာပင်လျှင် သူသည် ကဗျာများကို လျှို့ဝှက် ရေးခဲ့သေးသည်။
ဘဝနိဂုံး
[ပြင်ဆင်ရန်]အဖမ်းမခံရခင်ကတည်းက ဆရာမောင်သော်ကတွင် ကုသ၍ မရသော အကြောသေရောဂါ ရှိသည်။ ၁၉၉ဝ ပြည့်နှစ်၊ စက်တင်ဘာ ၂၅ ရက်နေ့ အင်းစိန်ထောင်တွင်း အစာငတ်ခံ ဆန္ဒပြစဉ် ရိုက်နှက်ခံရပြီးနောက် သမံတလင်းပေါ်တွင် မည်သည့် အခင်းမှမပါဘဲ အိပ်ခဲ့ရသဖြင့် လေဖြတ်သွားသည်။ ထောင်ဆရာဝန်၏ သာမန်ကုသမှုကို အနည်းငယ် ရရှိခဲ့သည်။ အထူးကု ဆရာဝန်များဖြင့် ကုသရန် တင်ပြသော်လည်း အာဏာပိုင်များက ခွင့်မပြုခဲ့ပါ။ ၁၉၉၁ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့တွင် နှလုံးရောဂါဖောက်လာသဖြင့် အာဏာပိုင်များက ဦးဘသော်အား ရန်ကုန်ဆေးရုံကြီးသို့ ပို့ခဲ့သည်။ ထို့နောက် သုံးရက်အကြာ၊ ဇွန်လ ၁၁ ရက်နေ့တွင် ရန်ကုန် ဆေးရုံကြီးအချုပ်ခန်းအတွင်း၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၆၅ နှစ်ရှိပြီ ဖြစ်သည်။ ကန်တော်ကလေးစွန်နီ မွတ်စလင်မ် သုသာန်တွင် မြှုပ်နှံသဂြိုဟ်ခဲ့သည်။
မောင်သော်က၏ ကဗျာ
[ပြင်ဆင်ရန်]ဇာတ်ဆရာ
ငါ့ဇာတ်စင်ငါထိုး
ဇာတ်ပိုးတော့ ထပြီလေ။
မကတတ် ကတတ်
ငါ့ဇာတ် ငါခင်း
ငါမင်း ငါဘုရင်ပေါ့
ထင်ချင်ရာ ထင်ပါဘိ
မင်း မကြည့်ချင်နေ။
စင်ပေါ်မှာ ကျွမ်းထိုးလို့
စင်ကျိုးပြီး သေပေစေ
နေသာသပ လေညာက။
စည်းမမှန် ဝါးမမှန်
ကကြိုးတွေ မဟန်လို့
တပ်လန်ကာ
ကြည့်သူပြောပြန်တော့
ရုံကြေးတွေ အကုန်
ဒါမှ ငါပ။ ။
(မီးခြစ်တဆံ)
ထင်ရှားသော စာအုပ်များ
[ပြင်ဆင်ရန်]- ပို့သခဲ့သော မေတ္တာများ … ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ။
- နှစ်သစ်ဦး ချစ်ဦးလက်ဆောင် … ၁၉၈၂ ခုနှစ်၊ ဇန်နဝါရီလ။
- ရှိတ်စပီးယား၏ လက်ရွေးစင် ဆွန်းနက်ကဗျာများ … ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ။
- နှစ်သုံးရာမှ ပဲ့တင်သံ အသံလှိုင်း ကဗျာများ … ၁၉၈ဝ ခုနှစ်၊ နိုဝင်ဘာလ။
- တိုက်ရေယာဉ် ၁၀၃ (အခန်းဆက် အဖြစ် မဂ္ဂဇင်းတွင် ရေးသားဖော်ပြခဲ့ပြီး စာအုပ်အဖြစ် ၁၉၈၅ ခန့်တွင် ထုတ်ခဲ့သည်ဟု ခန့်မှန်းမိပါသည်)။
- ယာမကာလုလင် ၁၉၈၁-ခုနှစ်၊ အောက်တိုဘာလ။