ကျားဘညိမ်း

ဝီကီပီးဒီးယား မှ
(ဘညိမ်း၊ ကျား မှ ပြန်ညွှန်းထားသည်)
ကျားဘညိမ်း
အမည် ကျားဘညိမ်း
အမည်ရင်း ဘညိမ်း
မွေးသက္ကရာဇ် ၁၉၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်
မွေးဖွားရာဒေသ ၈၂ လမ်းနှင့် ၈၃လမ်းကြား၊ ၂၅ လမ်း၊ မန္တလေးမြို့
နိုင်ငံ မြန်မာ
မိဘအမည် ဦးဘိုးမင်း + ဒေါ်မမကြီး
ကိုးကွယ်သည့်ဘာသာ အစ္စလာမ်ဘာသာ
အလုပ်အကိုင် လက်ဝှေ့သမား၊ လက်ဝှေ့နည်းပြ၊ စာရေးဆရာ
ကလောင် အမည်ခွဲ ကျားကလေး
ထင်ရှားကျော်ကြားမှု လက်ဝှေ့၊ စာရေးဆရာ
ဇနီး ဒေါ်ကြည်ကြည်
သားသမီး ၇ဦး
ကွယ်လွန်ရက် ၁၉၇၉ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့
ကွယ်လွန်ရာဒေသ ပုဇွန်တောင်မြို့နယ် အမှတ် (၃) ရပ်ကွက်၊ ပြည်တော်သစ်အိမ်ရာ တိုက်အမှတ် (၄)၊ အခန်းအမှတ် (၁၃)

ကျားဘညိမ်းသည် မြန်မာ့လက်ဝှေ့ကစားသမား၊ စာရေးဆရာ တစ်ဦးဖြစ်သည်။ ထို့အပြင် ကျားကစားနည်းတွင်လည်း ကျွမ်းကျင်သူဖြစ်၏။ ၂၀၂၃ခုနှစ် စိန်ရတုလွတ်လပ်ရေးနေ့တွင် နိုင်ငံတော်မှ သီရိပျံချီဘွဲ့ ချီးမြှင့်ခဲ့သည်။[၁]

ကိုယ်ရေးဖြစ်စဉ်[ပြင်ဆင်ရန်]

ဦးဘညိမ်း ခေါ် ကျားဘညိမ်းကို ၈၂ လမ်းနှင့် ၈၃ လမ်းကြား၊ ၂၅ လမ်း မန္တလေးမြို့တွင် ဦးဘိုးမင်းနှင့် ဒေါ်မမကြီးတို့က ၁၉၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် မွေးဖွားခဲ့သည်။ သူ့ညီများမှာ ဦးဘသိမ်း (စာရေးဆရာ ချစ်ညို)၊ ဦးဘစိမ်းနှင့် ဦးဘဟိန်းတို့ ဖြစ်ကြသည်။

ငယ်စဉ်အခါက မန္တလေးမြို့ရှိ ဝက်စလီယံ သာသနာပြု ကျောင်းတွင် ပညာ စတင်သင်ကြားပြီး အမျိုးသား ခေါင်းဆောင်ကြီး တဦးဖြစ်သည့် ဆရာကြီး ဦးရာဇာတ် ကျောင်းအုပ် အဖြစ် တာဝန် ထမ်းဆောင်သည့် အမျိုးသား အထက်တန်းကျောင်းတွင် ပြောင်းရွှေ့ ပညာသင်ယူခဲ့သည်။ ဦးရာဇာတ်က ကျောင်းသားများ၏ အားကစား လုပ်ငန်းအနေဖြင့် အင်္ဂလိပ် လက်ဝှေ့ထိုးခြင်း အတတ်ပညာကို နိုင်ငံခြားသား ပညာရှင်တဦး ဖြစ်သည့် ဘီလ်ဖစ်ရှားအား သင်ကြား ပို့ချစေခဲ့သည်။ အမျိုးသားကျောင်းထွက် အင်္ဂလိပ် လက်ဝှေ့သမားများတွင် ဦးဘညိမ်းသည် နောင်အခါတွင် မြန်မာနိုင်ငံ၏ ဖယ်သာဝိတ်တန်း လက်ဝှေ့ချန်ပီယံ အဖြစ် ထင်ရှားခဲ့သည် သာမက ၁၉၅၂ ခုနှစ်က ဖင်လန်နိုင်ငံ ဟယ်လ်ဆင်ကီးမြို့တွင် ကျင်းပသည့် ကမ္ဘာ့ အိုလံပစ်ပွဲတော်၌ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး လက်ဝှေ့ ယှဉ်ပြိုင်ခဲ့သည်။

ကျားဘညိမ်းသည် ၁၉၅၃ မှစ၍ မြန်မာ့လက်ဝှေ့ကိုမြေဝိုင်းလက်ဝှေ့အဆင့်မှအမြင့်စင်အထိဖြစ်အောင်အားထုတ်ခဲ့သူတစ်ဦးဖြစ်သည်။ လက်ဝှေ့ကျော်များစွာကိုစင်တင်ပေးခဲ့သူတစ်ဦးလည်းဖြစ်သည်။ အချို့တို့ကို မူရင်းနာမည်ဖျောက်ပြီးလက်ဝှေ့အမည်များကိုယ်တိုင်ပေးခဲ့သည်။ သမန်းကျား၊ သမိန်ဗရမ်းတို့မှာ သူပေးခဲ့သောနာမည်များပင်။ ၁၉၆၀ ခုနှစ်အောက်တိုဘာတွင် ပီကင်း ရှန်ဟဲမြို့များသို့ ဦးတိုးလုံ၊ ဦးဗိုလ်စိန်၊ ဖြူကြီးစသည့်ပညာသည်လက်ဝှေ့ကျော် ၁၀ ဦးတို့ကို ဦးဆောင်ခေါ်ယူ၍ ရိုးရာလက်ဝှေ့ကို ထိုးသတ်ပြခဲ့သည်။

မန္တလေးမြို့တွင် နေထိုင်စဉ် ၁၉၄ဝ ပြည့်နှစ်တွင် မန္တလေးမြို့သူ ဒေါ်ကြည်⁠ကြည်နှင့် အိမ်ထောင် ကျခဲ့သည်။ မန္တလေး လူထု သတင်းစာတိုက် ပိုင်ရှင် လူထုဦးလှဒေါ်အမာတို့နှင့် ရင်းနှီးသဖြင့် လူထု သတင်းစာတွင် အားကစား သတင်းများ ဝင်ရောက် ရေးသားခဲ့သည်။ ၁၉၅၆ ခုနှစ်တွင် အမျိုးသား ကိုယ်လက် ကြံ့ခိုင်ရေး ကောင်စီ၌ လက်ဝှေ့ နည်းစနစ်မှူး အဖြစ် ဝင်ရောက် တာဝန် ထမ်းဆောင်သဖြင့် ရန်ကုန်မြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ရန်ကုန် စာပေလောကနှင့် နီးစပ်လာခဲ့သည်။

မြဝတီ၊ ငွေတာရီ၊ ရှုမဝ အစရှိသည့် မဂ္ဂဇင်းကြီးများတွင်လည်း အားကစား ဆောင်းပါးများ ဝင်ရောက် ရေးသားခဲ့သည်။ နောင်အခါတွင် အားကစားဂျာနယ် တခု ဖြစ်သည့် တံခွန်ဂျာနယ် ပေါ်ထွက်လာသည့် အခါ၌လည်း ပင်တိုင် ဝင်ရောက် ရေးသားခဲ့သည်။ အထောက်တော် လှအောင်၏ သတင်းဂျာနယ်တွင် မြန်မာ့ရိုးရာ လက်ဝှေ့နှင့် ပတ်သက်၍ ဆောင်းပါးများ အဆက်မပြတ် ရေးသားခဲ့သည်။

စာရေးဆရာ ရန်ကုန်ဘဆွေ၏ ကူညီပံ့ပိုးမှုဖြင့် မင်းခေါင် အမည်ရှိ လုံးချင်း ဝတ္ထုတပုဒ်ကို ရေးသား ထုတ်ဝေခဲ့သည်။ မင်းခေါင်သည် ထိုခေတ် အခါက အောင်မြင် ထင်ရှားခဲ့သော မန္တလေး ရတနာပုံခေတ် နောက်ခံ ဝတ္ထုတပုဒ် ဖြစ်ခဲ့သည်။ ကြေးစားလက်ဝှေ့ ထိုးခြင်းအကြောင်းကို နောက်ခံထားကာ ရေးသားခဲ့သော သဲခင်းပေါ်မှ သွေးတကွက် ဝတ္ထုကို လည်းကောင်း၊ ရေးဖော် စာရေးဆရာများ ဖြစ်ကြသော ဗိုလ်မြင့်၊ ဗိုလ်ဘသော်၊ မောင်သင်တို့နှင့် တွဲဖက်ကာ အတ္ထုပ္ပတ္တိလေးဦး စုစည်းမှုတွင်၎င်း၊ ပါဝင် ရေးသားခဲ့သည်။

ကမ္ဘာ့လက်ဝှေ့ ချန်ပီယံ လက်ဝှေ့ကျော်များ၏ အတ္ထုပ္ပတ္တိများ ဖြစ်သော ကမ္ဘာကျော် လက်သီးမဲကြီးများ၊ မိုဟာမက်အလီ၊ ကင်ရှာဆာမှ မနီလာသို့ လုံးချင်း စာအုပ်များကိုလည်း ရေးသား ထုတ်ဝေခဲ့သည်။ ဦးဘညိမ်းသည် လက်ဝှေ့ ထိုးသတ်စဉ် ကာလက ကျားတကောင်ကဲ့သို့ ရဲရဲရင့်ရင့် ထိုးသတ်တတ်ခြင်း အပြင် အင်္ဂလိပ် ဆယ့်နှစ်ကောင်ကျား ကစားရာတွင်လည်း ကျွမ်းကျင်သူ ဖြစ်ခြင်းကြောင့် ကျားဘညိမ်းဟု တင်စားခဲ့ကြသည်။ မန္တလေး သတင်းစာများက သူ့အောင်မြင်မှုများကို ရေးသား ဖော်ပြကြသူတိုင်း "ကျားကလေး" ဟု ရေးသားခဲ့ကြသည်။

စာပေကို ဝါသနာအရ ရေးသားခဲ့သည့် အပြင် ကျားဘညိမ်းသည် ပန်းချီကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ရေးဆွဲတတ်သူ ဖြစ်သည်။ မန္တလေးတွင် နေထိုင်စဉ် ကာလက စတိုးဆိုင်ကြီးများ၏ သံဆိုင်းဘုတ်ကြီးများကို တာဝန်ယူ ရေးဆွဲခဲ့သူ ဖြစ်သည်။ မြန်မာ့ရိုးရာ လက်ဝှေ့ကို အပတ်တကုတ် ကြိုးပမ်း ဖော်ထုတ်ခဲ့သူ အဖြစ်လည်း အားကစား ဝါသနာရှင်များက သိထားခဲ့ကြသည်။ သူတာဝန်ယူ ကျင်းပသည့် ရိုးရာ လက်ဝှေ့ပွဲများတွင် ပါဝင် ယှဉ်ပြိုင်ကြသည့် လက်ဝှေ့ကျော်များ အားမာန် တက်စေရန် လက်တန်းစပ်ဆိုကာ ရွတ်ခဲ့သည့် လင်္ကာများမှာလည်း ယနေ့ထက်တိုင် ရိုးရာ လက်ဝှေ့ပွဲများတွင် ကြားနေရဆဲ ဖြစ်သည်။

ကျားဘညိမ်းသည် ၁၉၇၉ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့ နံနက် ၆ နာရီ မိနစ် ၄ဝ အချိန်တွင် အစာအိမ်ကင်ဆာ ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် မိသားစုနှင့်အတူ ပုဇွန်တောင်မြို့နယ် အမှတ် (၃) ရပ်ကွက်၊ ပြည်တော်သစ်အိမ်ရာ တိုက်အမှတ် (၄)၊ အခန်းအမှတ် (၁၃) တွင် နေထိုင်လျက် ရှိသည်။ ကွယ်လွန်ချိန်တွင် အသက် ၅၆ နှစ်ဖြစ်ပြီး ဇနီး ဒေါ်ကြည်ကြည် သားသမီးများ ဖြစ်ကြသည့် ဝင်းငြိမ်းဆန်နီညိမ်း၊ ရဲမြင့်ညိမ်း၊ မျိုးမြင့်ညိမ်း၊ မာလာညိမ်း၊ ထွန်းမောင်ညိမ်း၊ ထွန်းအောင်ညိမ်းတို့ ကျန်ရစ်ခဲ့ကြသည်။

ကျားဘငြိမ်း ရေးသား ပြုစုခဲ့ပြီးသော စာအုပ်များ[ပြင်ဆင်ရန်]

  1. ကမ္ဘာကျော် လက်သီးမဲကြီးများ ၁၉၆၈
  2. မိုဟာမက်အလီ (သို့မဟုတ်) မဟူရာဧကရာဇ် ၁၉၇၄
  3. အလီ-ဖရေဇီယာ ပွဲစဉ် အမှတ် (၃) ၁၉၇၅
  4. ကင်ရှာဆာမှ မနီလာသို့ ၁၉၇၅
  5. လူဆိုးကြီး မင်းခေါင် (ဒုတိယအကြိမ်) ၁၉၇၇
  6. မိုဟာမက်အလီ၏ နေဝင်ဆည်းဆာ ၁၉၇၈
  7. သဲခင်းပေါ်မှ သွေးတကွက် -
  8. ဤလေးဦး (ဗိုလ်မြင့်၊ ဗိုလ်ဘသော်၊ မောင်သင်တို့နှင့် တွဲ၍) -

[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့အလင်းသတင်းစာ (၄.၁.၂၀၂၃)
  2. ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)၊ စာတည်းအဖွဲ့ စုဆောင်း ပြုစုပြီး ရွှေဟင်္သာ စာအုပ်တိုက်မှ ၂၀ဝ၈ ဖေဖော်ဝါရီမှာ ပထမအကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ 'နှစ်ဆယ်ရာစု မြန်မာ စာရေး ဆရာများနှင့် စာစုစာရင်း (စတုတ္ထတွဲ)'