ဘင်ဆင်

ဝီကီပီးဒီးယား မှ

မေဂျာဟင်နရီ ဘာနေကို ဆက်ခံရသော ရီရှီဒင် အင်္ဂလိပ်သံမှူး ကိုယ်စားလှယ်ဖြစ်သည်။ ဘင်ဆင်(Colonel Richard Benson)သည် အမှတ် (၁၁)ဘင်ဂေါ ခြေလျင်တပ်ရင်းမှ မေဂျာတစ်ယောက်ဖြစ်သည်။ မြန်မာမင်းနေပြည်တော်တွင် ဘာနေကို ဆက်ခံရန် ဌာနေသံကိုယ်စားလှယ်အဖြစ် ခန့်ထားသောအခါ ၁၈၃၈၊ မေလ (၃၀)ရက်နေ့မှစ၍ ကာနယ်အဆင့်သို့ တိုးမြှင့်ပေးလိုက်သည်။

ကာလကတ္တားမှ ၁၈၃၈-ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင် ထွက်လာ၍ မော်လမြိုင်တွင် ခေတ္တနားနေသည်။ ပါလာသော အမိန့်စာ၊ ခန့်စာ စသည့် စာရွက်စာတမ်းများကို မြန်မာပြန်သည်။ စကားပြန် အက်ဒွတ်က ဘာသာပြန်၍ တနင်္သာရီခရိုင် ဝန်ရှင်တော်မင်းကြီးက ဘလန်ဒယ်နှင့် ဆရာယုဒသန်တို့ စီစဉ်ပြုပြင်ပေးကြသည်။ ထိုသို့ရပ်နားခိုက်တွင် နယ်စပ်အရေးအခင်းများအကြောင်း နေပြည်တော်မှ သဘောထား၊ ရန်ကုန်မြို့ဝန်၏ သဘောထား စသည်တို့ကို လေ့လာသည်။ သတင်းရယူသည်။

၁၈၃၈-ခုနှစ်၊ ဇူလိုင်လ (၁၆)ရက်နေ့တွင် H.M.S Rattlesnake အမည်ရှိ သင်္ဘောဖြင့် ရောက်ရှိလာသည်။ သူ၏ သင်္ဘောပေါ်မှ အမြောက် (၁၃)ချက်၊ ဆိပ်ကမ်းမှ အမြောက်(၁၃)ချက် ပစ်ဖောက် ဂုဏ်ပြုသည်။ နောက်နေ့ သင်္ဘောမှ ဆင်း၍ မြို့ပေါ်သို့ တက်သောအခါလည်း အလားတူ ဂုဏ်ပြုအမြောက် (၁၃)ချက်စီ ပစ်ဖောက်ကြသည်။ ရေဝန်နှင့် နိုင်ငံခြားသား ကုန်သည်များက ရေဆိပ်တွင် လာရောက်တွေ့ဆုံ ကြိုဆို၍ မြို့တွင်းသို့ အခမ်းအနားဖြင့် စီတန်းခေါ်ဆောင်သွားကြသည်။ လမ်းဘေးဝဲယာတွင် တပ်သားများ၊ ပရိသတ်များက စီတန်းလျက် ဂုဏ်ပြုကြိုဆိုနေကြသည်။ ယင်းသို့ ခမ်းခမ်းနားနားဖြင့် နောက်ပိုင်း ကုန်သည်လမ်းနှင့် ၃၆-လမ်းထောင့် ဖြစ်လာမည့် နေရာတွင် ရှိသော ယခင် ဘာနေ နေထိုင်သွားသော အိမ်သို့ ခေါ်ဆောင်သွားကြသည်။ ဆာကီးမနွတ်ပိုင် အိမ်ဖြစ်သည်။ တစ်လ ၂၀၀-ကျပ်နှုန်းဖြင့် ငှားသည်။ ဘင်ဆင်က ထိုအိမ်သည် စပါးကျီကြီးနှင့်တူသည်ဟု မှတ်ချက်ချသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မကြန် ၊ မြန်မာ့သမိုင်းနှင့် ဆက်နွယ်သော အနောက်နိုင်ငံသားများ၊ ၂၀၀၅၊ ဒီဇင်ဘာ၊ စာ-၆၉