ဗျူရို ၁၂၁

ဝီကီပီးဒီးယား မှ

ဗျူရို ၁၂၁ (မြောက်ကိုရီးယားအထွေထွေကင်းထောက်ဗျူရို၏ ယူနစ် ၁၂၁) သည် မြောက်ကိုရီးယားစစ်ဘက်၏ လျှို့ဝှက်ဆိုက်ဘာအေဂျင်စီတစ်ခု ဖြစ်သည်။ ၎င်းသည် အထွေထွေကင်းထောက်ဗျူရို၏ ဆိုက်ဘာယူနစ်နှစ်ခု အနက်မှ တစ်ခုဖြစ်ပြီး အခြားတစ်ခုမှာ ဌာန အမှတ် ၉၁ ဖြစ်သည်။

ဆိုနီရုပ်သံသည် သူတို့၏ ကွန်ပျူတာများ တိုက်ခိုက်ခံရပြီးနောက် The Interview ရုပ်ရှင်ကို ရုံတင်ခြင်း ဖျက်သိမ်းသည့် ၂၀၁၄ခုနှစ် ဒီဇင်ဘာလမှစ၍ အေဂျင်စီ၏ လှုပ်ရှားမှုသည် ထင်ရှားလာခဲ့သည်။ ထိုဆိုက်ဘာတိုက်ခိုက်မှုအတွက် ဗျူရို ၁၂၁ ကို အပြစ်တင်ခဲ့ကြသည်။ မြောက်ကိုရီးယားဘက်ကမူ ထိုစွပ်စွဲချက်ကို ပယ်ချခဲ့သည်။

ရိုက်တာသတင်းဌာန၏ သတင်းများအရ ဗျူရို ၁၂၁ကို မြောက်ကိုရီးယားမှ အထူးချွန်ဆုံး ကွန်ပျူတာကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းထားသည်။ မြောက်ကိုရီးယားဘက်မှ တိမ်းရှောင်လာသူများက အေဂျင်စီတွင် ကျွမ်းကျင်သူ ၁,၈၀၀ခန့်ရှိသည်ဟု ဆိုသည်။ ဗျူရိုမှ ဟက်ကာများသည် ပြုံယမ်းရှိ အော်တိုမေးရှင်းတက္ကသိုလ်မှ ဘွဲ့ရများအနက်မှ ရွေးချယ်ခြင်းခံထားရသူများ ဖြစ်ကြသည်။ ထိုကျွမ်းကျင်သူများသည် ကမ္ဘာအနှံ့တွင် တာဝန်ထမ်းဆောင်ချိန်တွင် ၎င်းတို့၏ မိသားစုများသည် အိမ်တွင် အထူးအခွင့်အရေးများကို ခံစားကြရသည်။

အေဂျင်စီ၏ လှုပ်ရှားမှုအများအပြားသည် ကိုရီးယားသမ္မတနိုင်ငံကို ဦးတည်ခဲ့သည်။ ဆိုနီကို တိုက်ခိုက်မှုမတိုင်မီက အေဂျင်စီသည် တောင်ကိုရီးယားနိုင်ငံရှိ ကွန်ပျူတာ ၃၀,၀၀၀ကျော်ကို တိုက်ခိုက်ခဲ့ပြီး ဘဏ်များ၊ ရုပ်သံလွှင့်ကုမ္ပဏီများနှင့် တောင်ကိုရီးယားသမ္မတ ဖတ်ကွန်းဟယ်၏ ဝဘ်ဆိုဒ်တစ်ခုလည်း ထိခိုက်စေခဲ့သည်။ ၂၀၁၃ခုနှစ်က တောင်ကိုရီးယားရှိ ထောင်ပေါင်းများစွာသော စမတ်ဖုန်းများတွင် အန္တရာယ်ရှိသော ဂိမ်းပရိုဂရမ်များ ပျံ့နှံ့စေခဲ့မှုအတွက် ၎င်းတွင် တာဝန်ရှိသည်ဟု ယူဆကြသည်။