ဗောင်းတော်လေးဆယ်

ဝီကီပီးဒီးယား မှ

ဗောင်းတော်လေးဆယ် ဆိုသည်မှာ ရှေးခေတ် ရခိုင်လူမျိုးများ၏ ဆင်ယင်ထုံးဖွဲ့ပုံများ ဖြစ်သည်။ ရခိုင်တို့၏ ဆင်ယင် ထုံးဖွဲ့မှုတွင် ကမ္ဘာပေါ်ရှိ လူမျိုးပေါင်းစုံတို့၏ ဆင်ယင် ထုံးဖွဲ့ဘိသကဲ့သို့ မျိုးရိုးနှင့်ညီစွာ ဒေသအလိုက်၊ ဌာနအလိုက်၊ ကာလအလိုက် အဆင့်ဆင့် ထုံးဖွဲ့လာကြသည်။ မိမိတို့ဌာန၊ ကာလဒေသနှင့် ညီစွာ ထုံးဖွဲ့ဆင်ယင်သည်လည်း ရှိ၏။ နီးစပ်ရာတိုင်းပြည်များနှင့် လည်းကောင်း၊ ဆက်ဆံမိတ်ဖွဲ့ရာ တိုင်းပြည် များနှင့် လည်းကောင်း၊ ဆင်ယင်ထုံးဖွဲ့မှုများမှာ အနည်းငယ် တူညီနေသည်လည်း ရှိ၏။ မိမိတို့ဩဇာ လွှမ်းမိုး ရာ ထီးဆောင်းနန်းနေတို့မှ ဘဏ္ဍာတော်ဆက်သ၍ ရရှိသော အထည်မျိုးအုပ်မျိုး ဝတ်စားမျိုးတို့ကို ဆင်ယင် ထုံးဖွဲ့ရသည်လည်း ရှိ၏။

အခါတစ်ပါးစီ တို့၌ အခွင့်အရေးညီစွာ ဘုရင်မင်းမြတ် နှင့်တကွ မိဖုရားခေါင်ကြီး၊ သားတော်၊ သမီးတော်၊ အိမ်ရှေ့ဥပရာ၊ မှူးတော် မတ်တော်၊ ကတ္တော်ဇုန္ဒတ် လောသကွက် စစ်တပ်စစ်ချီ၊ ဒိုင်းကျီဒိုင်းကျား အစရှိ သော ဝန်ကြီးများ၊ မြို့စားရွာစားများနှင့် တကွ အစေအပါးအပေါင်းတို့ကို ဌာနကာလနှင့် ညီအောင် ဝတ်စား ပေးသနားတော်မူသည်။

ထို့သို့ ဆောင်ရွက်ရာ၌ မှူးကြီးမတ်ကြီး သေနာပတိကြီးတို့သည် တိုက်ခိုက်ရာ၌ လည်းကောင်း၊ လျှောက် တင်ရာ၌ လည်းကောင်း၊ ဆုံးဖြတ်ရာ၌ လည်းကောင်း၊ လွန်ကဲ ထူးချွန်ခဲ့သည် ရှိသောအခါ ဗောင်းတော်စ လွယ်တော်တို့၌ အချွန်အတက် ပန်းခက်ပန်းရွက် အဆင့်အရစ်၊ ပုရစ်ဖူးတန်၊ တမာချွန်ကြာဖူး၊ ဆင်ကူးဆင် ပြောက်၊ တထောက်မကာရ်းကွက်၊ ညောင်ရွက် တောင့်တဲ့ဇာဗြဲ၊ ဒေါင်းဒလိပ်၊ တံဆိပ်၊ ပုဏ္ဍရိက ဒိပသဏ္ဌာန် ကြာမွန် ပဒုမ အစရှိသော တံဆိပ်နိမိတ်တို့ကို ဆင့်တိုး၍ မူလတွင် ဖြည့်စွက်ရသည်။ စလွယ်တော်တို့မှာ လည်း ထိုနည်းတူပင် ဖြည့်စွက်ရသည်။

ဘွဲ့တော်- မည်တော်တို့မှာလည်း ဂုဏ်ထူး ထပ်ဆင့်ရသည်။ ဤသို့ ရခိုင်တို့တွင် ရဗ္ဗပူရ- သမုတ္တိဒေဝမင်းမှ စ၍ မြောက်ဦးခေတ် မဟာသမ္မတမင်း တိုင်အောင် ဆင်ယင်ထုံးဖွဲ့ လာကြသည်။ ယင်းဗောင်းတော် စလွယ် တော်တို့နှင့် ညီမျှစွာသော ပုတီး၊ နာဋောင်း၊ လက်ကောက်၊ ခြေကျင်း၊ ခါးကြိုး၊ ဒွါဒရာ၊ ပါလည်ကွဲ့၊ မောင်း ကွက်၊ ခါးချပ်၊ မိန်ညို အစရှိသော အဝတ်အစား တို့တွင်လည်း ရတနာမျိုးစုံ တို့ကိုလည်းကောင်း၊ ဖျင်ပုဆိုး၊ ပိုးပုဆိုး တို့ကိုလည်းကောင်း စီခြယ်ဝတ်ဆင်ရသည်။

ရခိုင်ပြည် မြောက်ဦး နေပြည်တော် ကောင်းစားစဉ် အခါက ဘစောဖြူစောမွန် (ကာလီမသျှာသလ်) မင်းတရားကြီးသည် ရန်အောင်ဇေယျ ပုထိုး တော်ကြီး ၏ အရှေးမောက်ခပ်ယွန်းယွန်း တစ်ခေါ်မကသော ခရီး၌ ဟမီဝန်မည်သော နတ်တောင်ကြီး၏ တောင်စွယ် အပေါင်းတို့တွင် တတိယမြောက် တောင်စွယ်၌ မဟာဗောဓိစေတီတော်ကို တည်ထားခဲ့သည်။

ယင်းစေတီဂူ လက်ဝဲ-လက်ျာ နံရံတို့တွင် ထီးခဏ်း နန်းခဏ်း ထွက်တော်မူခဏ်း ရုပ်လုံးများကို ထုထား သည်။ ယင်းရုပ်လုံးမှ ထွက်တော်မူခဏ်း၌ ပါဝင်သော ဆင်ယင်ထုံးဖွဲ့မှုတွင် မြောက်မြားစွာ ပါဝင်နေသည်။

  • ပုရောဟိတ် ဗောင်းထုပ်။
  • အတွင်းဝန် ဗောင်းထုပ်။
  • လွှတ်တော်ဝန် ဗောင်းထုပ်။
  • ဟူးရားသူကြီး ဗောင်းထုပ်။
  • ဇုန္ဒတ်လက်ျာပျံချီ ဗောင်းထုပ်(ရေတပ်)။
  • ဇုန္ဒတ်လက်ျာပျံချီ ဗောင်းထုပ်(ကြည်းတပ်)။
  • ဓားပိုင်ကြီး ဗောင်းထုပ်(ရေတပ်)။
  • ဟူးရားသွေားကြီး ဗောင်းထုပ် စသည့်ဗောင်းထုပ်တော်တို့ကို ကြည့်ခြင်းအားဖြင့် မင်းခဏ်းမင်းနားတို့တွင် မည်သို့ဆင်ယင်ပုံ၊ တစ်ခေတ်နှင့်တစ်ခေတ် အပြောင်းအလွဲရှိပုံတို့ကို ဝေဖန်နှိုင်းညှိ နိုင်သည်။ အဆောင်အယောင် အနေအထားတို့ကိုလည်း သိနိုင်သည်။ ဆင်ယင်ထုံးဖွဲ့မှုကို မြင်ရခြင်းအားဖြင့် ရှေး ဟောင်းနိပါတ်တော်နှင့် ပြဇာတ်တို့ကို ကပြရာတွင် အသုံးပြုနိုင်သည်။ "ဗောင်းတော်လေးဆယ်၊ စလွယ် တော်ကိုးပါး၊ ခါးကြိုးငါးရပ်၊ လက်စွပ် ရှစ်ဆယ့်တစ်၊ လည်ရစ် ကိုးသွယ်၊ နဗေကိုးဆင့်၊ ကြည်ပါင့် ဆယ့် ခြောက်၊ လက်ကောက် နှစ်ဆယ်၊ ပန်းသွယ်ငါးမျိုး၊ ဆံထိုးရှစ်ခု၊ ပန်းစံရှစ်ချပ်၊ ခြေစွပ်ခုနစ်ပါး၊ ကိုယ်လွှားငါး မျိုး၊ အဘိုးအနဂ္ဃ၊ ထိုက်တန်လှသည့်၊ ဇရာမစ္စာ၊ ဒလိုဒါဥပ္ပ၊ သေဠိယနှင့်၊ ဗြဟ္မဏပုရောဟိတ်၊ နိမိတ်ဖြတ် ဟူရားသွေး၊ ရှေ့ပြေးသံတော်ဆင့်၊ မျိုးမြင့်၊ မျိုးမြတ်၊ ပရိသတ်တို့၊ တင့်အပ်ဆင့်ရာ၊ အဖြာဖြာကို၊ လင်္ကာဤ သို့ ကုံးသတည်း" ဟူ၍ ရခိုင်နိဒါန်းကျမ်း ပထမတွဲ၌လာသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ဦးဦးသာထွန်း (ရခိုင်၊မြန်မာ ပဏ္ဍိတ်) ရေးသားသော ရခိုင်တန်ဆောင် ဆောင်းပါးများမှ၊ရခိုင်တန်ဆောင်မဂ္ဂဇင်း (၁၉၆၀-၆၁)