ဗင်းဆင့် ဗန်ဂိုး

ဝီကီပီးဒီးယား မှ
Vincent van Gogh
A head and shoulders portrait of a thirty something man with a red beard facing to the left
Self-Portrait, 1887, Art Institute of Chicago
မွေးဖွားVincent Willem van Gogh
၃၀ မတ် ၁၈၅၃
Zundert, Netherlands
ကွယ်လွန်၂၉ ဇူလိုင်၊ ၁၈၉၀(1890-07-29) (အသက် ၃၇)
Auvers-sur-Oise, France
နိုင်ငံလူမျိုးဒတ်ချ်လူမျိုး
ပညာရေးAnton Mauve
ကျော်ကြားမှုအရင်းခံပန်းချီပုံဆွဲခြင်း
ထင်ရှားသည့်
လုပ်ဆောင်မှု
Starry Night, Sunflowers, Bedroom in Arles, Portrait of Dr Gachet, Sorrow
နိုင်ငံရေး လှုပ်ရှားမှုPost-Impressionism

ဗင်းဆင့် ဗန်ဂိုး (အင်္ဂလိပ်: Vincent Willem van Gogh) သည် အရောင်နှင့် စကားပြောသူဖြစ်သည်။ သူ၏စိတ်ခံစားမှုများကို အရောင်နှင့် ဖော်ပြသူဖြစ်သည်။ အရောင်နှင့် အလုပ်လုပ်သူတစ်ယောက်ဟု ပြောလျှင်လည်း မှားမည်မဟုတ်ပါ။ တိုတိုနှင့် လိုရင်းကို ပြောရပါက ဗန်ဂိုးသည် သူ၏ရင်တွင်းခံစားချက်များကို အရောင်များနှင့်စကားပြောသည့် ပန်းချီဆရာတစ်ဦး ဖြစ်လေသည်။

ဗန်ဂိုးသည် ဒတ်ချ်လူမျိုးဖြစ်သည်။ သူ့အား ၁၈၅၃ ခုနှစ်တွင် မွေးဖွားခဲ့သည်ဖြစ်ရာ ယခုလက်ရှိမှ ပြန်ရေတွက်ပါက သူသည်လွန်ခဲ့သော နှစ်ပေါင်း ၁၅ဝ ကျော်က လူဖြစ်ခဲ့သူဖြစ်သည်။ နောက်ဆုံးပန်းချီကား တစ်ချပ်ကို ရေးဆွဲပြီးနောက် သူ့ကိုယ်သူ သတ်သေသွားခဲ့သည်မှာ ၁၈၉ဝ ခုနှစ်ဖြစ်သည်။ သူကွယ်လွန်စဉ်က သူ့အသက်မှာ ၃၇ နှစ်မျှသာရှိသေးသည်။ ယခုဆိုလျှင်သူကွယ်လွန်သွားခဲ့သည်မှာ နှစ်ပေါင်း ၁၂ဝ ခန့် ရှိပြီဖြစ်သည်။

ဤမျှ နှစ်တွေကြာလာသော်လည်း ဗင်ဂိုး၏နာမည်မှာ မသေသေးပါ။ သူ၏ အလွန်အမင်း ထက်သန်ပြင်းပြသော စိတ်ခံစားမှုများကို ဖော်ပြနေသော သူ့ပန်းချီကားများသည် ယနေ့ထိတိုင် လူများ၏ စိတ်နှလုံးသားကို နက်နက်ရှိုင်းရှိုင်း ထိထိခိုက်ခိုက်ဖြစ်အောင် စွမ်းဆောင်နေဆဲဖြစ်သည်။

အမှန်တော့ ဗန်ဂိုး၏ ထူးခြားသောပါရမီသည် ယနေ့ခေတ် ပန်းချီလောကအတွက် အခြေခံအုတ်မြစ်များကို ချပေးနိုင်စွမ်းရှိခဲ့သည်ဟု ပန်းချီပညာရှင်များက ဆိုကြသည်။ ယင်းအဆိုကို ဗန်ဂိုး ကွယ်လွန်ပြီးမှ တည်ရှိလာခဲ့သည် မျိုးဆက်သစ် ပန်းချီဆရာများက နားလည်လက်ခံခဲ့ကြသည်။ ထိုအသိ ထိုအမြင်များကို ယနေ့ခေတ်မျိုးဆက်သစ် ပန်းချီဆရာများကလည်း လက်ခံနေဆဲပင်ဖြစ်သည်။

မျိုးဆက်သစ်ပန်းချီဆရာများသည် ဗင်ဂိုးရေးဆွဲခဲ့သည့် ပန်းချီကားအမြောက်အမြား ( ဗန်ဂိုးသည် ပန်းချီကားပေါင်း ၁၆၀ဝ ကျော်မျှရေးဆွဲသွားခဲ့သည်။) နှင့် ဗန်ဂိုး၏ ကြေကွဲစရာဘဝ ဇာတ်ကြောင်းကို အလွန်တအံ့တဩ ဖြစ်ခဲ့ရလေသည်။ တတိယမျိုးဆက်သစ် ပန်းချီဆရာများကတော့ သူ့လက်ရာများသည် ပန်းချီလောကမှ လိုက်မမှီနိုင်လောက်အောင်ကို ကြီးမားကျယ်ဝန်းနက်ရှိုင်းခဲ့ယုံမျှသာမက ယင်းလောက၏ အသိအမြင် အယူအဆများကိုပါ တိုးတက် ကျယ်ပြန့်နက်ရှိုင်း သွားသည်အထိ တွန်းအားပေးခဲ့သည်ဟုပင် အသိအမှတ်ပြုခဲ့ ကြလေသည်။

“အဲဒီပန်းချီကားတွေကို ဗင်ဂိုးရေးဆွဲချိန်မှာ လူ့လောကကြီးမှာ အရင့်အရင်က မဖြစ်ဖူး၊ မရှိခဲ့ဖူးတဲ့ ထိတ်လန့်စရာတွေ၊ စိတ်ချောက်ချားစရာတွေနဲ့ အံ့ဩတုန်လှုပ်စရာတွေ အများအပြား ပေါ်ပေါက်လာနေတဲ့ အချိန်ကာလတစ်ခုပါ။ အဲဒီအခြေအနေဆိုးတွေက လူတွေရဲ့ စိတ်နေစိတ်ထားကို ပြောင်းလဲပစ်နေပါတယ်။ အဲဒီကာလကြီးမှာ အတိုင်းအဆမသိနိုင်လောက်အောင်ကို ကြီးမားတဲ့ အထီးကျန်မှုကြီးဟာ တည်ရှိခဲ့ပါတယ်။ ဗင်ဂိုးဟာ အဲဒီ အထီးကျန်မှုကြီးကို တစ်ယောက်တည်း ကြိတ်မှိတ်ခံစားရင်း အဲဒီ ပန်းချီကားတွေကို ရေးဆွဲသွားခဲ့တာပါ။ ကျတော်တို့ကတော့ အဲဒီပန်းချီကားအားလုံးကို ဗန်ဂိုးရဲ့ ခံစားမှုပန်းချီကားတွေလို့နားလည် သိမြင်ထားကြပါတယ်။ နောက်ဆုံးမှာတော့ အဲဒီခံစားမှုပန်းချီတွေဟာ ဒီနေ့ ကျတော်တို့ခေတ်ရဲ့ ကံကြမ္မာတွေကို ဖော်ဆောင်ထားတဲ့ အရာတွေဖြစ်လာခဲ့ပါတော့တယ် ” ဟုယနေ့ခေတ်မျိုးဆက်သစ် ပန်းချီဆရာတို့က ဆိုခဲ့ကြလေသည်။

ဗန်ဂိုး၏ဘဝခရီး[ပြင်ဆင်ရန်]

ဗန်ဂိုးသည် ဒတ်ချ်လူမျိုး ပရိုတက်စတင့် ဘာသာဝင် မိဘများမှ မွေးဖွားလာသူဖြစ်သည်။ သူ့အဖေသည် နယ်မြေသင်းအုပ်ဘုန်းတော်ကြီးဖြစ်၍ သူတို့မျိုးနွယ်ထဲတွင် ဘုန်းတော်ကြီးအများအပြားရှိခဲ့သည်။ မိသားစုထဲတွင် အကြီးဆုံးသားဖြစ်သော ဗင်ဂိုးသည် အသက် ၁၆ နှစ်အရွယ်တွင် သူ့ဦးကြီးပိုင်သော ပန်းချီအရောင်းပြခန်းတွင် အလုပ်ဝင်လုပ်သည်။ အသက်၂၅ နှစ်အရွယ်တွင် ဘယ်လ်ဂျီယံနိုင်ငံတောင်ပိုင်းရှိ ကျောက်မီးသွေးတွင်းဒေသသို့ သွား၍ တရားဟောဆရာလုပ်ခဲ့လေသည်။

သူသည်အလုပ်သမားများ၏ ဆင်းရဲမွဲတေမှုနှင့် ငတ်ပြတ်မှုများကို ကြည့်ကာ များစွာစိတ်ထိခိုက် ကြေကွဲခဲ့သည်။ အလုပ်သမားများ၏ ဆင်းရဲ ဒုက္ခများကိုကြည့်၍ သူ၏ဘာသာရေးဆိုင်ရာ အမြင်များနှင့် အယူအဆများသည် သိသိသာသာပင်ပြောင်းလဲသွားခဲ့လေသည်။ လက်တွေ့ဘဝတွင် တရားဟောဆရာဖြစ်သောသူကိုယ်တိုင်က အဆင်းရဲခံ အငတ်အပြတ်ခံကာ ကူညီစောင့်ရှောက်မှုပြုမှုကသာလျှင် အမှန်ကန်ဆုံးသော ဘာသာရေးခံယူချက် ဖြစ်သည်ဟု သူယူဆခဲ့သည်။ သို့မှပါလည်း ဘုရားသခင်ကို အမှန်တကယ်ယုံကြည်သက်ဝင် ချစ်ခင်ကြည်ညိုရာရောက်သည်ဟု ယူဆခဲ့လေသည်။ ဤသို့ဖြင့် သူ့အထက်မှ အပေါ်ယံရွှေမှုံကျဲ၍ အထဲကနောက်ချေးခံထားသည့် ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များနှင့် ဗန်ဂိုး၏အကြားတွင် အယူအဆကွဲပြားသည့် အမြင်မတူမှုများပေါ်ပေါက်လာလေသည်။ သူ့အထက်မှ ဘုန်းကြီးများက သူ့အား အစွန်းရောက်ဘာသာရေးသမား ဟုအမည်တပ်ကာ တရားဟောဆရာအလုပ်မှ ထုတ်ပြစ်သည်။

ထိုအချိန်မှစ၍ သူသည်ပန်းချီစဆွဲခဲ့လေသည်။ သူပန်းချီစဆွဲချိန်မှာ သူ့အသက်မှာ ၂၇ နှစ်ပင်ရှိနေလေပြီ။ ဗင်ဂိုးသည် သူ၏အချစ်ဆုံးနှင့် သူ့အားအချစ်ဆုံးဖြစ်သော ညီငယ်သီအို၏ ထောက်ပံ့ငွေအပေါ် အမှီပြုကာ အစားဆင်းရဲ ခြင်း၊ အဝတ်ဆင်းရဲခြင်း၊ အနေဆင်းရဲခြင်း စသည့် ဒုက္ခများကို ခါးစည်းခံပြီး သူ့စိတ်ထဲ၌ ခံစားရသမျှကို ကင်းဗတ်စပေါ်၌ အရောင်နှင့် တင်နေခဲ့ခြင်းဖြစ်လေသည်။

ဗင်ဂိုး၏ ပန်းချီဆွဲသောကာလသည် ဆယ်နှစ်မျှသာရှိခဲ့သော်လည်း သူရေးဆွဲထားခဲ့သည့် ပန်းချီကားများမှာ ၁၆၀ဝ ကျော်မျှ ရှိခဲ့သည်ဟုဆိုကြသည်။ ဗင်ဂိုးသည်ရေးဆွဲပြီးသမျှ ပန်းချီကားအားလုံးကို သူ့ညီသီအိုထံသာ ပေးပို့ခဲ့သည်။ ထိုစဉ်က သူ့ပန်းချီကားများကို ကြိုက်သူမှာ သူ့ညီသီအို တစ်ယောက်တည်းသာရှိခဲ့လေသည်။ သူ့ပန်းချီကားများကို ဝယ်မည့်သူလည်း တစ်ဦးမျှ မရှိခဲ့ချေ။ သူမကွယ်လွန်မှီ နောက်ဆုံးနှစ် ၁၈၉ဝ ခုနှစ်ကျခါမှ သူ့မိတ်ဆွေ ပန်းချီဆရာ တစ်ယောက်က သူ့ပန်းချီကားတစ်ကားကို ဒေါ်လာ ၈ဝ ပေး၍ဝယ်ယူသွားခဲ့လေသည်။

ဆိုက်ပရပ်စ်ပင်နှင့်ပန်းပွင့်နေသောသစ်ပင်

ထိုပန်းချီကားမှာ “ဆိုက်ပရပ်စ်ပင်နှင့်ပန်းပွင့်နေသောသစ်ပင်” ဟုအမည်ပေးထားသည့် ပန်းချီကားဖြစ်သည်။ ထိုကားသည် တစ်ယောက်လက်မှ တစ်ယောက်သို့ အဆင့်ဆင့် ကူးပြောင်းပြီးနောက် ၁၉၇၈ ခုနှစ် ဖေဖော်ဝါရီလတွင် ပြုလုပ်ခဲ့သည့် ပန်းချီလေလံပွဲတစ်ခုတွင် ပေါ်လာခဲ့သည်။ ထိုပွဲ၌ ဒေါ်လာငွေ ၁.၃ သန်းနှင့် ထိုပန်းချီကားကို ဝယ်ယူသွားခဲ့လေသည်။ ထိုအချိန်မှ စ၍ ဗင်ဂိုး၏ ပန်းချီကားများသည် ဒေါ်လာသန်းပေါင်းများစွာ တန်သော အဖိုးတန်ရတနာများ ဖြစ်လာခဲ့လေသည်။

၁၉၇၁ နွေဦးပေါက်တွင် ဘရွတ်ကလင်းပြတိုက်၌ ဗင်းဆင့်ဗင်ဂိုး၏ ပန်းချီကား ၁၁၄ ကားကို သီတင်းရှစ်ပတ်ကြာ ပြသခဲ့သည်။ ယခင် ဆန်ဖရန်ဆစ်စကိုမြို့ ၌ ပြသခဲ့ကစဉ်လိုပင် လူအများဆုံး လာရောက် ကြည့်ရှုသည့် ပန်းချီပြပွဲကြီးတစ်ခုဖြစ်ခဲ့လေသည်။ ထိုစဉ်က ပြတိုက်မှူး သောမတ်စ် အက်စ် ဘူချ်နာအား ပြပွဲတွင် လူများရသည့်အကြောင်းက ဘာကြောင့်ပါလဲဟု သတင်းထောက်များက မေးမြန်းခဲ့ကြလေသည်။

ထိုအခါ သောမတ်စ်က “ဗင်းဆင့် ဗန်ဂိုးရဲ့ ဘဝဖြစ်စဉ်က ဒဏ္ဏာရီ ပုံပြင်တစ်ခုလို ဖြစ်နေတဲ့ အတွက်ကြောင့်လို့ ကျတော်ထင်ပါတယ်။ နောက်တစ်ကြောင်းကတော့ သူ့ရဲ့လက်ရာပန်းချီကားတွေဟာ ဒီနေ့ဒီအချိန်ထိ ခေတ်မီရှင်သန်နေတုံးမလို့ ဖြစ်ပါလိမ့်မယ်” ဟုအဖြေပေးခဲ့သည်။

ထို့နောက်သူက ဆက်၍ “သူ့ခေတ်သူ့အချိန်က တည်ရှိခဲ့တဲ့ ပန်းချီလောကက သူ့ကို အသိအမှတ်မပြုခဲ့ကြပေမယ့် သူရေးဆွဲခဲ့တဲ့ ပန်းချီကားမှန်သမျှကို သူမရှိတော့တဲ့ နောက်ပိုင်းကာလမှာ အသိအမှတ်မပြုလို့ မရတော့ပါဘူး။ အခုဆိုရင် သူ့ပန်းချီကားတွေဟာ သူ့ဘဝလိုပဲ လူအများရဲ့ စိတ်ကို ထိထိခိုက်ခိုက်ဖြစ်စေခဲ့ပါတယ်။ လှုပ်ရှားစေခဲ့ပါတယ်။ သူ့စိတ်ထဲမှာ ခံစားနေရသမျှ တွေကို မမိမိအောင် အပြင်းအထန် ခံစားပြီး စုတ်ချက်တင်ထားတဲ့ ကားတွေမို့ပါ။ သူ့ကားတွေထဲမှာ ရှိနေတဲ့ သူ့ခံစားမှုတွေရဲ့ ပမာဏကို ချက်ချင်း သိရှိခံစားလို့ရနေလို့ပါ” ဟု ပြန်ပြောခဲ့လေသည်။

တကယ်တော့ ဗင်ဂိုးသည် ကိုယ်ဟန်ပြ မိုဒယ်လ် မငှားနိုင်၍ သူ့ရှုးဖိနပ်စုတ်ကြီးကို မျက်စိရှေ့ ထားကာ ပုံပေါင်း အမြောက်အမြားကို ရေးဆွဲခဲ့ရရှာသော ပန်းချီဆရာဖြစ်လေသည်။ သူ့ရုပ်သူ မှန်ထဲပြန်ကြည့်ပြီး ပုံပေါင်း ၄ဝ ကျော်ရေးဆွဲခဲ့ရသော ပန်းချီဆရာလည်းဖြစ်သည်။ သူအသက်ရှင်စဉ်က ဗန်ဂိုးသည် သူ့ပတ်ဝန်းကျင် က သူ့အားဖိစီးနှိပ်စက်နေကြသည့် ဆင်းရဲဒုက္ခများ၊ သူ့ရင်တွင်းခံစားချက်များနှင့် သူရေးဆွဲခဲ့သည့် ပန်းချီကားများ အကြောင်းကို သူ့ညီသီအိုထံ စာပေါင်းအမြောက်အမြား ရေးသား၍ရင်ဖွင့်ခဲ့သူဖြစ်သည်။ ထိုပေးစာများသည် သူ့ဘဝ၊ သူ၏နက်ရှိုင်းသော ခံစားချက်များနှင့် အတွေးအမြင်များကို အံ့ဩတသဖွယ် ဖြစ်အောင်ရေးဖွဲ့ထားသည့် စာများဖြစ်လေသည်။

တစ်ကြိမ်တွင် ဗန်ဂိုးက သူ့ပေးစာတစ်စောင်ထဲ၌ “ကိုယ်ဟာ ဒီကမ္ဘာမြေကြီးပေါ်မှာ နှစ်ပေါင်းသုံးဆယ်တိတိ လမ်းလျှာက်နေခဲ့ပြီးပြီ။ အဲဒီအတွက် ကျေးဇူးတင်တဲ့အနေနဲ့ အမှတ်တရ စုဆောင်းသိမ်းဆည်းထားနိုင်မယ့် ပစ္စည်းတချို့ ထားခဲ့ချင်တယ် ငါ့ညီရယ်” ဟုရေးခဲ့သည်။

သူ၏ စိတ်ခံစားမှုများကို အရောင်နှင့် ဖော်ပြထားသော သူ့ပန်းချီကားများသည် ယနေ့ ကမ္ဘာအားစကားပြောလျက်ရှိသည်။ သူ့ညီထံ ရေးခဲ့သည့်စာများထဲမှ သူ့စကားမှန်ကန်ကြောင်းကို ထိုအချက်က သက်သေခံလျက်ရှိသည်။

ကိုယ်လုပ်ချင်တာလုပ်သူ[ပြင်ဆင်ရန်]

ဗင်းဆင့် ဗန်ဂိုးသည် ကိုယ်လုပ်ချင်တာလုပ်သွားသူဖြစ်သည်။ အများအတွက် ကောင်းသောရည်ရွယ်ချက်၊ ကောင်းသော စေတနာ၊ ကောင်းသော မေတ္တာဖြင့် ကိုယ်လုပ်ချင်တာကို လုပ်သွားသူဖြစ်သည်။ သူတစ်ဦးတည်း အကျိုးရှိခြင်းကို သာကြည့်၍ အများဒုက္ခရောက်အောင် နစ်နာအောင်၊ အကျိုးပျက်ပြားအောင် ကိုယ်လုပ်ချင်တာကို လုပ်သွားရခြင်းမဟုတ်ပါ။ တကယ်တော့ ကိုယ်လုပ်ချင်တာကို လုပ်သွားသူများ ( ပထမအမျိုးအစားကိုဆိုလိုသည်။) ၏ဘဝသည် အဆင်မပြေတတ်ပါ။ ကြမ်းတမ်းခက်ထန်သရော်ရှိသည်။ ဆင်းရဲ ဒုက္ခပေါင်းစုံနှင့် ရင်ဆိုင်တတ်ရသည်။ သို့တစေလည်း သူတို့၏ ကိုယ်လုပ်ချင်တာလုပ်သွားသမျှသည် လူ့လောကကြီးကိုတော့ တစ်နည်းမဟုတ် တစ်နည်းဖြင့် အကျိုးပြုတတ်သည်။

ဗင်ဂိုးက သူမသေခင် သူ့အချစ်ဆုံးညီ သီအိုထံသို့ “အကို့ရဲ့ အနာဂတ်ဘဝဟာ မှောင်မိုက်လာနေတယ်။ အစ်ကို့ဘဝရဲ့ ရှေ့အလားအလာကို စိတ်ချမ်းမြေ့ စွာနဲ့ မှ မျှော်ကြည့်လို့ မရနိုင်တော့ဘူး။ အစ်ကို့ရဲ့ ဘဝဟာ အမြစ်ကဆုပ်ကိုင်ပြီး လှုပ်တာကို ခံနေရပြီ။ အစ်ကိုလှမ်းနေတဲ့ ခြေလှမ်းတွေက မမှန်တော့ဘူး” ဟုရေးခဲ့သည်။

သူရေးခဲ့သည့်အတိုင်းပင် ဗင်းဆင့်ဗန်ဂိုး၏ ဘဝအဆုံးသတ်ရပုံသည် မလှပနိုင်ခဲ့ရှာပေ။ သို့သော်လည်း သူ့ပန်းချီကားများကတော့ ယနေ့အချိန်ထိ လှပနေဆဲ၊ဖြစ်သည်။ ယနေ့အချိန်ထိ လူအများကိုလည်း အကျိုးပြုနေဆဲဖြစ်သည်။ သူ၏ပန်းချီကားများကို ခံစားကြည့်ကြပါ။ ကိုယ်လုပ်ချင်တာကို လုပ်သွားခဲ့ပြီး လူ့လောကကိုအကျိုးပြုသွားသည့် စစ်မှန်သော အနုပညာရှင် ပန်းချီဆရာတစ်ဦး၏ ဘဝကို မြင်ရတွေ့ရ၊ သိရှိနားလည်လာကြရပါလိမ့်မည်။

ဗန်ဂိုး၏ နာမည်ကြီး ပန်းချီကား `ကြယ်တွေစုံတဲ့ည´ ဖြစ်သည်။ ဒီပန်းချီကားကို သူစိတ်ကျန်းမာရေး ဆေးရုံတက်နေတုန်းက အခန်းပြတင်းပေါက်ကနေ ကောင်းကင်ကြီးကို သံတိုင်တွေ ကြားကနေကြည့်ပြီး ရေးဆွဲခဲ့ရတာ ဖြစ်သည်။ ဗန်ဂိုးရဲ့ ပန်းချီကားတွေထဲက ကျွန်တော် အနှစ်သက်ဆုံးပန်းချီကားလည်းဖြစ်သည်။

ကြယ်တွေစုံတဲ့ည

ညရဲ ကောင်းကင်တွင် လှည့်ပတ်နေသော တိမ်တိုက်များရှိလေသည်။ ကြယ်များမှာ ကိုယ်ပိုင်အလင်းရောင်လေးများနှင့် တောက်ပလျက်ရှိလေသည်။ ထို့ပြင်မီးအိမ်ပုံ လမင်းကြီးပါဝင်လေသည်။ ထိုပုံများကို ဗန်ဂိုးက အကျယ်ချဲ့ ခံစားပြီး အရောင်များပိုသုံးပြီးဆွဲထားသော်လည်း ထိုမြင်ကွင်းမှာ ကျတော်တို့ အားလုံးနှင့် ရင်းနှီးပြီးသား မြင်ကွင်းမျိုးဖြစ်သည်။ အထူးသဖြင့် တစ်ယောက်ချင်းဆီ၏ ခံစားချက်များ ရှိနေပါက တိုက်ဆိုင်ပါက ပိုပြီးမြင်သာ ခံစားတတ်မည်ဖြစ်သည်။ ဗင်ဂိုးဆွဲထားသော တိမ်တိုက်များ၏ ကောက်ကြောင်းကွေးကွေးများသည် ပန်းချီကားကိုကြည့်သူကို ကင်းဗတ်စအနှံကို လိုက်လံကြည့်ရှုသွားမိစေလေသည်။ ထိုနောက် ကြယ်ကလေးများကို အရောင်စက်လေးများနှင့် ရေးသည်။ အဓိကဆိုလိုရင်းဖြစ်သော ကြယ်ကလေးများကိုအားလုံးမြင်အောင်ကြည့် မိစေရန် ဗန်ဂိုးက တိမ်တိုက်များနှင့် လည့်ပတ်ခေါ်ဆောင်သွားခြင်းဖြစ်လေသည်။

လိမ့်နေသော တောင်ကုန်းများ၏အောက်တွင်မူ မြို့လေးတစ်မြို့ ရှိလေသည်။ ထိုမြို့၏ ပုံမှာ ပန်းချီကားတည်ဆောက်ပုံထဲမှ စီးထွက်လာသော ငြိမ်းချမ်းလှသောအနှစ်သာရ ဖြစ်လေသည်။ အေးမြလှသော အရောင်ရင့်ရင့်ထူထူများနှင့်ဆွဲထားသော အိမ်လေးများနှင့် မီးရောင်တောက်နေသော ပြတင်းပေါက်ကလေးများသည် ကျတော်တို့၏ ငယ်စဉ်ကလေးဘဝက ညအချိန်တွင် ကြယ်ရောင်တောက်သော ကောင်းကင်ကို မော့ကြည့်ခဲ့ရသော အချိန်ကို ပြန်ပြီးသတိရအောင်လုပ်ပေးနေသကဲ့သို့ ရှိလေသည်။ မြို့၏ အဓိကကျသောအချက်မှာ ဘုရားရှိခိုးကျောင်းပုံဖြစ်လေသည်။ အိမ်သေးသေးလေးများကို အုပ်မိုးနေပုံက ခိုင်မာမှု၊ တည်ငြိမ်မှုကိုဖော်ပြနေသည်။ ထို့ပြင်အရွယ်အစားကလည်း ပန်းချီကားကြည့်သူကို စွဲဆောင်သွားလေသည်။

ပန်းချီကား၏ ဘယ်ဖက်တွင်မူ အနက်ရောင်ရင့်ရင့်ဖြင့် ရေးဆွဲထားသော တသီးတခြားဖြစ်နေသော ပုံသဏ္ဏန် တစ်ခုရှိလေသည်။ ထိုသဏ္ဏန်၏ အရွယ်အစားအမှာ ပုံထဲမှ တခြားအရာများနှင့် နှိုင်းယှဉ်လိုက်လျှင် ဗန်ဂိုးရေးဆွဲထားပုံမှာ ပြောင်မြောက်လှပေသည်။ ကောက်ကွေးသော စုတ်ချက်များသည် ကောင်းကင်ပြင်ကို ရောင်ပြန်ဟပ်လျက်ရှိသလို ပန်းချီကားအား ခံစားမှုကိုလည်း ပို၍နက်ရှိုင်းအောင် ခံစားမိစေလေသည်။ ပြောရမည်ဆိုလျှင် တောင်ကုန်းများမှ အစ ခြုံပုတ်များအထိ ဗန်ဂိုးရေးဆွဲထားပုံမှာ အမျိုးစုံလင်လှပြီး ဝေဖန်ခံစားဖို့ ရန် ကျယ်ဝန်းလှပေသည်။

ဗန်ဂိုး၏ (၁၈၇၆ - ၁၈၈၀) နှစ်များအတောအတွင်းတွင် သူ့ဘဝ၏ပင်ပန်းဆင်းရဲ မှုများ၊ ကြမ်းတမ်းမှုများကို သူဖော်ပြချင်စိတ် ဖြစ်ပေါ်လာခဲ့သည်။ သူ၏ဘာသာရေးဆိုင်ရာ ကြိုးစားအားထုတ်မှုများ ( ဗန်ဂိုးသည် ဘယ်လ်ဂျီယံတွင် တရားဟောဆရာလုပ်ခဲ့ ) ကိုဤပန်းချီကား၏ ကြယ်ဆယ့်တစ်လုံးတွင် ထင်ဟပ်လျက်ရှိသည်ဟုပြောကြသည်။ အဘယ့်ကြောင့်ဆိုသော် သမ္မာကျမ်းစာ အပိုဒ် ၃၇၊ ၉ တွင်ရေးထားသော စာကြောင်းမှာ

သူသည်လည်းအိပ်မက်နောက်တစ်ခုမက်မြင်လေ၏။ သူ၏နောင်တော်အားပြောလေ၏။ “နားထောင်လော့ ငါသည်နောက်ထပ်အိပ်မက်တစ်ခုကိုမက်မြင်ခဲ့ပြန်လေပြီ။ နားထောင်လော့၊ နေမင်းကြီးနှင့် လမင်းကြီး နှင့် ကြယ်မင်းဆယ့်တစ်လုံးအားလုံး ငါ့ကိုနာခံကြလေပြီ။”

ထိုဘာသာရေးအယူအဆမှာမှန်သည်ဖြစ်စေမှားသည်ဖြစ်စေ ဗန်ဂိုး၏ ကြယ်စုံသောကောင်းကင်ကို ရေးဆွဲခဲ့သည့် တစ်ခုမကသော ပန်းချီကားများအနက် အားလ်စ် တွင် ၁၈၈၈ ခုနှစ်တွင်ဆွဲခဲ့သော ရုန်းမြစ်တွင် ထင်ဟပ်လျက်ရှိသော ကြယ်များကိုရေးဆွဲထားသည့် ဤပန်းချီကားကို ဗန်ဂိုးက အမြဲဂုဏ်ယူလေ့ရှိသည်။

ဗန်ဂိုးကြယ်များထူးခြားချက်မှာ ကြယ်များကိုဝန်းရံလျက်ရှိသော အလင်းစက်ဝိုင်းကိုယ်စီရှိခြင်းဖြစ်သည်။ မြို့ဆီမှ အလင်းရောင်များသည် မြစ်ပြင်တွင် အရိပ်ကျလျက်ရှိသည်။ ထိုအလင်းရောင်များသည်လည်း ပန်းချီကားအနှံ့ကို လှည့်ပတ်ခေါ်ဆောင်သွားပြန်လေသည်။

ပန်းချီကားထဲမှ ပုံရိပ်များ၊ ဖွဲ့စည်းထားပုံများသည် ခပ်ဝေးဝေးတွင်ရှိနေပြီး နွေးထွေးသောအလင်းရောင် တောက်တောက်နှင့်ရေးဆွဲထားသည်။

ရုန်းပေါ်ကကြယ်စုံည တွင် ကြယ်စုံသောည နှင့် ကွာခြားချက်ကြီးတစ်ခုရှိသည်။ လူပုံများပင်ဖြစ်သည်။ ပန်းချီကား၏ ညာဘက်ထောင့်ကျကျနားတွင် မြစ်ကမ်းတစ်လျောက် လမ်းလျှောက်နေသော စုံတွဲတစ်ခုကို တွေ့မြင်နိုင်လေသည်။ ထို့ကြောင့် ပန်းချီကားကို သဘာဝကျကျဖြစ်စေပြီး ရင်မောစေသည်။ ဤပန်းချီကားသည် ကြယ်စုံသောည ပန်းချီကားလောက် နာမည်မကြီးမသော်လည်း သာယာကြည်နူးဖွယ် ညမြင်ကွင်းတစ်ခုကို ဖော်ပြသော ပန်းချီကားကောင်းတစ်ချပ် ဖြစ်နေဆဲဖြစ်သည်။ ထို့ပြင် နာမည်ကြီးလက်ရာ ကြယ်စုံသောည ဖြစ်ပေါ်လာစေရန် အခြေခံခဲ့သော ပန်းချီကားတစ်ချပ်လည်းဖြစ်လေသည်။

ကဖေးတဲ့ရန့်စ်၏ ညအချိန်[ပြင်ဆင်ရန်]

ကဖေးတဲ့ရန့်စ်ည

‘ကဖေးတဲရန့်စ်ည’ သည်လည်း ၁၈၈၈ ခုနှစ်၌ အားလ်စ်မြို့တွင် ရေးဆွဲခဲ့ခြင်းဖြစ်သည်။ ဤပန်းချီကားတွင်မူ ကြယ်များပြည့်နေသောကောင်းကင်၏ အနီးအဝေးမြင်ကွင်း (Perspective) ပုံစံအသစ်ကိုတွေ့မြင်နိုင်သည်။ ကြယ်များမှာကိုယ့်အလင်းနှင့်ကိုယ်တည်နေလေသည်။ ဤပန်းချီကားတွင်မူ အဝါရောင်တောက်တောက်နံရံသည် ပန်းချီကားကိုလည့်ပတ်ခေါ်ဆောင်မည့်အစား ပန်းချီကားကြည့်သူ၏အာရုံကို စုပြုံဆွဲဆောင်ထားလေသည်။ ပန်းချီကား၏ညာဘက်တွင်ရှိသော မြို့၏အမည်းရောင်အရိပ်နှင့် အဝါရောင်နံရံတွင် ကောင်းကင်နှင့် လိုက်ဖက်ညီအောင်အားပြိုင်နေခြင်းကိုတွေ့ရသည်။

မည်သို့ပင်ဖြစ်စေ ထိုကြယ်စုံသောည ပန်းချီကားသုံးချပ်သည် လူသန်းပေါင်းများစွာကိုတအံတဩ ဖြစ်စေခဲ့လေသည်။ ဗန်ဂိုး၏ စုတ်ချက်များအောက်မှ ထွက်ပေါ်လာသော လက်ရာကောင်းများထဲတွင် ကြယ်စုံသောပန်းချီကားများပါဝင်နေဆဲပင်ဖြစ်သည်။ တစ်နေ့တစ်နေ့ လူအုပ်ကြီးများသည် ဗန်ဂိုး၏ မူရင်းလက်ရာများရှိရာ ပြခန်းများသို့ သွားရောက်၍ ပန်းချီကားများမှပေးသော အဓိပ္ပာယ်များကို ကိုယ်ပိုင်ခံစားချက် အသီးသီးဖြင့် ကြည့်ရှုခံစားလျက်ရှိသည်။ ဗင်းဆင့် ကိုယ်တိုင် ထိုပန်းချီကားများကို မည်ကဲ့သို့ ခံစားရေးဆွဲခဲ့သည်ကို ကျတော်တို့ ဘယ်သောအခါမှသိနိုင်တော့မည်မဟုတ်သော်လည်း ဗန်ဂိုး၏ ကြီးကျယ်သော လက်ရာများသည် လူသားအားလုံးကို ထွေးပွေ့လျက်ရှိဆဲပင်ဖြစ်လေတော့သည်။

ဗန်ဂိုးနှင့် အာလူးစားသူများ[ပြင်ဆင်ရန်]

နူနင်သည် ဗန်ဂိုး၏မွေးရပ်ဇာတိဖြစ်သည်။ ဘိုးရင်းနိတ်နယ်တွင် တရားဟောဆရာအဖြစ် မအောင်မြင်ခဲ့၍ သီအို က ဗန်ဂိုးကို အိမ်သို့ပြန်ခေါ်လာကာ အနားယူစေခဲ့သည်။ ထိုအချိန်တွင် ဗန်ဂိုးထံ၌ ပန်းချီဆွဲချင်စိတ်သည် ပြင်းပြထက်သန်လျက်ရှိလေပြီ။ သို့သော် သူသည် အခြေခံပန်းချီဆွဲနည်းကို လားလားမျှ မသိခဲ့။ သူ၏စိတ်အာရုံအတိုင်း ခံစားမှုများကို ကင်းဗတ်စပေါ်တင်နေခဲ့ခြင်းဖြစ်သည်။ သို့သော် လန်ဒန်တွင် ပန်းချီ အရောင်းပြခန်း၌ မန်နေဂျာလုပ်ခဲ့ခြင်းက ပန်းချီကားမျာကို ခံစားနားလည်တတ်စေရန် အထောက်အကူပေးခဲ့သည်။ ထို့ပြင် မမေ့သင့်သည်က ဗန်ဂိုး၏ ပန်းချီဆွဲရန်ပြင်းပြသော စိတ်ဓာတ်နှင့် သူ၏ ပါရမီရှင် လက်ရာကိုပင် ဖြစ်သည်။

ဗန်ဂိုးနှင့် အားလူးစားသူများ

သူသည် နူနင်တွင် ပန်းချီတစ်နေ့တစ်ကားမျှ ဆွဲသည်။ ပုံများအားလုံးကိုသဘောမကျ။ အချိုးအစားမမှန်။ ဆိုလိုရင်းကိုမထိဟု သူမြင်သည်။ သူ နူနင်တွင်ပျော်သည်။ လယ်သမားများ၊ ရက်ကန်းသမားများကို ပန်းချီဆွဲရသည်ကို သူပျော်သည်။ လယ်သမားများအနက် ဒီဂရု တို့မိသားစုနှင့် အရင်းနှီးဆုံးဖြစ်သည်။ သို့သော် တစ်နေ့ ဒီဂရု ၏ သမီး၌ကိုယ်ဝန်ရှိလာသည်။ အရပ်က ဗန်ဂိုးအားဝိုင်းစွပ်စွဲကြသည်။ ဗန်ဂိုးကလည်း သူမဟုတ်ဘဲ တာဝန်မယူနိုင်။ ဤသို့ဖြင့် အားလုံးကရှောင်ပယ်လာသောကြောင့် နူနင်တွင် သူနေရန်ခက်ခဲလာသည်။ သူတစ်ယောက်တည်းက အကြောင်းမဟုတ်။ သူ့အိမ်၊ သူ့မိသားစုကိုပါ အရပ်က ဝိုင်းပယ်လာသောကြောင့် ဗန်ဂိုးလည်း ပါရီသို့ ထွက်ရန်ပြင်ရလေတော့သည်။

သူ့ညီ သီအို က ပါရီသို့ခေါ်နေသည်မှာ ကြာပြီ။ နူနင်ကိုသူမခွဲနိုင်သောကြောင့်သာ ဆက်နေခြင်းဖြစ်သည်။ နူနင်တွင် သူ့အားနှစ်နှစ်ကာကာချစ်ခဲ့သောချစ်သူ၊ သူ့အတွက်နှင့် အဆိပ်သောက်သတ်သေသွားသော ချစ်သူ ရှိနေသည်မဟုတ်လော။ ခုတော့ နူနင်ကို သူခွာရတော့မည်။ ဤတွင် ဗန်ဂိုးသည် အကောင်းဆုံးလက်ရာ တစ်ခုလောက် ကို ပြင်းပြင်းပြပြဆွဲချင်လာသည်။ သူနူနင်တွင် ဆွဲခဲ့သော ပန်းချီကား ဟုသူလက်ညှိုးထိုးပြချင်သည်။ ထို့ပြင် ယခုလက်ရာများသည် ဗန်ဂိုးလက်ရာစစ်စစ်များဖြစ်သည်။ သူ့အားမည်သူမျှ လွှမ်းမိုးခြင်းမရှိ။ သူ့စိတ်ထဲ၌ ခံစားရသည့် အတိုင်း သူဆွဲသည်။ ပန်းချီဆွဲနည်းများကိုလည်း သူအလေးမထား။ သိလည်းမသိ။ သူ့နည်းသူ့ဟန်နှင့် အရောင်စပ်ကြည့်သည်။ ဆေးအချိုးအစားများကို ပြောင်းပြီး စပ်ကြည့်သည်။ အရောင်များကို ညတိုင်းစမ်းသပ်ပြီး စပ်ဟပ်ဆွဲကြည့်သည်။

သူသွားရတော့မည့်ရက်ကနီးလာပြီ။ ဗန်ဂိုးသည် သူလိုချင်သော ပုံရအောင် အရူးအမူးဆွဲသည်။ အစားလည်းမစား အိပ်လည်းမအိပ် သူလိုချင်သော ဖမ်းမိချင်သော အရာကိုမရလေ အရူးအမူးဖြစ်လာလေပင်ဖြစ်သည်။ သူသည် နာရီပေါင်းများစွာ မရပ်မနားလုပ်သည်။ ဒီဂရု တို့မိသားစုကလည်း သူ့ကိုနားလည်ပေးကြသည်။ ညစာစားပွဲတွင် ကိုယ်ဟန်ပြထိုင်ပေးကြသည်။ ထမင်းစားပြီးသည့်တိုင် ထိုစားပွဲမှာပင် ထိုင်ရင်းစကားစမြည်ပြောကြသည်။ ဗန်ဂိုးကမူ ဘာသံမှမကြား သူ့ကိုယ်သူဘာတွေ ဆွဲနေမှန်းလည်း သိပုံမရ ကင်းဗတ်နှင့် စုတ်တံအကြားတွင် အရူးအမူးလှုပ်ရှားလျက်ရှိသည်။ ညဆယ်နာရီထိုးသော် ဒီဂရုတို့ အိပ်ပျော်ကုန်သည်။ ဗန်ဂိုးလည်း အလွန်အမင်းပင် ပင်ပန်းလျက်ရှိပြီ။ မနက်ဖြန်သူ နူနင်မှသွားတော့မည်။ သူသည် ပန်းချီကားနှင့် ပစ္စည်းများကိုသိမ်းကာ စတိန်း ( ဒီဂရု သမီး ) အားနမ်း၍နှုတ်ဆက်သည်။

စတူဒီယိုခန်းသို့ပြန်ရောက်သောအခါ ပန်းချီကားကို ကုလားထိုင်တစ်လုံးပေါ်၌တင်သည်။ ဆေးတံတစ်အိုးကို ဆေးကုန်သည် အထိဖွာရင်း ကြည့်သည်။ အချိန်မည်မျှ ကုန်သွားသည်မသိ။ အားလုံးမှားနေပြီဟု သူမြင်သည်။ ပန်းချီကားထဲတွင် သူလိုချင်သည့် အသက်ကိုမမြင်ရသေး။ သူရှုံးရပြန်လေပြီ။ သူသည် ပန်းချီကားကို ဆွဲဖြုတ်ကာ လုံးချေပြီး ထောင့်တစ်ထောင့်သို့ လွှင့်ပစ်လိုက်သည်။ ကင်းဗတ်အသစ်ကို ပြန်ယူ၍ ဆေးများကိုစပ်သည်။ ပြီးတော့ ကုလားထိုင်၌ထိုင်ကာ အလုပ်လုပ်သည်။

သူသည် မြေမှုံများကပ်နေသော အခွံမနွှာရသေးသော အာလူးတစ်လုံးကိုဆွဲသည်။ ညစ်ပတ်ပေရေနေသော စားပွဲခင်း၊ မီးခိုးငွေ့များကပ်ညိနေသော နံရံ၊ ထုတ်တန်း၌တွဲလောင်းကျနေသော မီးအိမ်စသည်တို့ကို ဆွဲသည်။ စတိန်းသည် သူ့အဖေပန်းကန်ထဲသို့ အာလူးပြုတ်များထည့်ပေးနေသည်။ အမေသည် ဘလက်ကော်ဖီကိုငှဲ့ပေးနေသည်။ အစ်ကိုဖြစ်သူသည် ကော်ဖီခွက်ကို နှုတ်ခမ်းဆီသို့ မယူနေသည်။ အားလုံး၏မျက်နှာများသည် တည်ငြိမ်အေးဆေးခြင်းကို ဖော်ပြနေကြသည်။

နေမြင့်လာပြီ။ အလင်းရောင်သည် စတူဒီယိုခန်းပြတင်းပေါက်မှ ဝင်ရောက်လာသည်။ ဗန်ဂိုးသည် ခုံပေါ်တွင်ထိုင်နေရာမှ ထလိုက်သည်။ သူ့စိတ်သည် တည်ငြိမ်နေသည်။ အေးဆေးနေသည်။ ဆယ်နှစ်တိတိ စိတ်လှုပ်ရှားခဲ့ရမှုသည် ပြီးဆုံးသွားခဲ့လေပြီ။ သူသည် သူ့လက်ရာကိုကြည့်သည်။ ဝက်ပေါင်ခြောက်၊ မီးခိုးနှင့် အာလူးတို့မှ အခိုးအငွေ့များထွက်နေသည်။ သူသည် တစ်ချက်မျှ နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်သည်။ သူမိမိရရဖမ်းယူနိုင်ခဲ့ပြီ။ ဘရားဘန့်လယ်သမားသည် ဘယ်တော့မှသေတော့မည်မဟုတ်။

သူသည် ပန်းချီကားကို ကြက်ဥအကာဖြင့် ပွတ်ပေးသည်။ ထို့နောက်ပန်းချီကားများထည့်ထားသော သေတ္တာကို သူ့အမေထံသို့ပို့သည်။ ပြီးတော့ သူ့အဖေအား ဖက်လှဲတကင်းနှုတ်ဆက်ကာ စတူဒီယိုခန်းသို့ ပြန်လာခဲ့သည်။ သူဆွဲထားသည့် ပန်းချီကားအောက်တွင် “အာလူးစားသူများ” ဟုရေးလိုက်သည်။ ထိုပန်းချီကားကို အရေအတွက် အားဖြင့် အနည်းငယ်မျှသာရှိသော အကောင်းဆုံးပန်းချီကားများနှင့် ရောထည့်ကာ ပါရီမြို့သို့ ထွက်ခွာလာခဲ့လေသည်။

ဗန်ဂိုး ပါရီ ရောက်သောအခါ ပထမဆုံးခင်မင်သူမှာ ပန်းချီဆရာ လော့ထ်ရက် ဖြစ်သည်။ ဒုတိယမှာ ဂေါ်ဂင်ဖြစ်သည်။ ဗန်ဂိုးသည်သူငယ်ချင်းများထဲတွင် ဂေါ်ဂင် ကို အခင်မင်ဆုံးဖြစ်လေသည်။ သူသည် ဂေါ်ဂင်နှင့်အတူ အားလ်စ် တွင် ၂ နှစ်ခန့်နေ၍ အတူတူပန်းချီဆွဲခဲ့ကြသည်။ ဂေါ်ဂင်သည် ပါရီတွင် ပန်းချီလောက၌ သူငယ်ချင်းများသူဖြစ်သည်။ ဂေါ်ဂင်၏ ကျေးဇူးကြောင့် မိုးနေး၊ ဆူးရက်၊ စေဆန်းစသောနောင်တွင် ကျော်ကြားလာမည့် အင်ပရက်ရှင်းနစ်ပန်းချီကို အသက်သွင်းသူများ နှင့် ဗန်ဂိုးရင်းနှီးခွင့်ရကာ ပန်းချီလောက တော်လှန်ရေးတွင် ဗင်းဆင့်ဗန်ဂိုး လည်း တစ်တပ်တစ်အား ပါဝင်ခဲ့လေသည်။

ထိုသို့ ခင်မင်ခွင့်ရခဲ့သူများထဲတွင် ပီရီတန်ဂိုင်း ဆိုသူလည်း ပါသည်။ တန်ဂိုင်းသည် အလွန်ထူးဆန်းသော ကွန်မြူနစ်သမားဖြစ်သည်။ သူသည် ပန်းချီစုတ်တံနှင့် ဆေးများစသော ကရိယာများကို ရောင်းသည်။ ပန်းချီပြခန်းလည်း တွဲဖွင့်ထားသည်။ သို့သော် သူ့ဆိုင်မှ ပန်းချီကားများမှာ ပါရီတစ်မြို့လုံး တွင်မည်သူမျှမတင်ရဲ ကြသည့် အင်ပရက် ရှင်းနစ်ကားများချည်းဖြစ်သည်။ တစ်ခါက စေဇန်း၏ သူအကြိုက်ဆုံးပန်းချီကားကို ဝယ်သူတစ်ယောက်လာမေးသည်။ တခြားသူများက ဒေါ်လာ ၆ဝလောက်ရလျှင်ပင် ကပြီးရောင်းကြမည်ဖြစ်သည်။ သို့သော်သူသည် ဒေါ်လာခြောက်ရာပေးလျှင်ပင် မရောင်းနိုင်ပါဟု ပြောလွှတ်လိုက်လေသည်။ ထို့နောက် ပန်းချီကားကို ကြည့်ကာ မျက်ရည်များဝဲနေသည်ကို ဗန်ဂိုးတို့ တွေ့ခဲ့ဖူးလေသည်။ ထိုမျှထိ ပန်းချီကိုချစ်သူတည်း။

သူသည် ပန်းချီဆရာများကို ဆေးများ၊ စုတ်တံများကိုလည်း အကြွေးရောင်းသည်။ ဘယ်တော့မှလည်း ပြန်မတောင်း။ တကယ့် ဘုံဝါဒသမား ကွန်မြူနစ်သမားဖြစ်သည်။ သို့သော်သူ့မိန်းမ မှာမူ ပန်းချီကားများကိုခံစားမရ။ သူ့ယောက်ျားကို နားမလည်။ တစ်ခါက စေဆန်း၏ ပန်းသီးများ ဆိုသောပန်းချီကားကို ပြတင်းပေါက်မှာ ချိတ်ထားသည်။ သူ့ရည်ရွယ်ချက်မှာ ပုံကိုကြည့်ပြီး လမ်းသွားလမ်းလာများ စိတ်ချမ်းသာစေရန် ရည်ရွယ်သည်။ တနေ့ လမ်းသွားတစ်ယောက်က ပန်းသီးပုံကိုသဘောကျပြီး ဈေးဝင်မေးသည်။ တန်ဂိုင်းက မရောင်းချင်။ သို့သော် သူ့မိန်းမက ဖရန့်ငွေ တစ်ရာဟုပြောလိုက်သည်။ ဈေးဝယ်က မဝယ်ချင်။ နှစ်ဆယ်လောက်နဲ့ရမည်ဟု ဈေးဆစ်သည်။ မဒမ်တန်ဂိုင်းက ကတ်ကျေးကိုယူကာ ပန်းသီးငါးလုံးထဲမှတစ်လုံးကို ညှပ်ကာ ဖရန့် နှစ်ဆယ်နှင့် ရောင်းလိုက်လေသည်။ သူတို့လင်မယားအဖြစ်ကိုကြည့်ပြီး ဗန်ဂိုးနှင့် ဂေါ်ဂင်တို့ ရယ်၍မဆုံးနိုင်။

ထို့နောက်ဗန်ဂိုးသည် တန်ဂိုင်း၏ပြခန်းထဲမှ ဂျပန်ပန်းချီကားများကို ကြည့်ကာ အရောင်ယူပုံ၊ အရောင်စပ်ပုံ တို့ကိုမြင်ကာ သဘောကျသွားခဲ့သည်။ ထိုပုံများကိုကြည့်ပြီး လေ့လာချင်သည်။ သို့သော် ပိုက်ဆံတစ်ပြားမှမပါ၊ ဂေါ်ဂင်ကလည်း အကြွေးလာဝယ်သူ၊ သို့သော် တန်ဂိုင်းသည် ချက်ချင်းပင်စက္ကူနှင့်ထုပ်ပြီး ပန်းချီကား နှစ်ကားကို ဗန်ဂိုးအားလက်ဆောင်ပေးလိုက်သည်။ ဤသို့ဖြင့် ဗန်ဂိုး၏ လက်ရာများထဲတွင် ထူးထူးခြားခြား ဂျပန်လက်ရာပန်းချီကား အနည်းငယ်သည် တန်ဂိုင်းကျေးဇူးဖြင့် ထွက်ပေါ်လာခဲ့လေသည်။ [၁]

ကိုယ့်ကိုကိုယ် သတ်သေပြီးမှ နာ‌မည်ကျော်တဲ့ ပန်းချီဆရာ[ပြင်ဆင်ရန်]

ဗင်းဆင့် ဗန်ဂိုးသည် ပထမဦးဆုံးနှင့် အထင်ရှားဆုံးဖြစ်သော ခေတ်သစ် အနုပညာသမားများထဲတွင် တဦး အပါအဝင် ဖြစ်သော်လည်း သူ ရှင်သန်နေစဉ် အတောအတွင်းမှာ လူများက သူနှင့် သူ့အနုပညာတို့ကို နားမလည်။ ထို့ကြောင့် သူသည် ဆင်းဆင်းရဲရဲ ဘဝနှင့် နေထိုင်ပြီး မပျော်မရွှင် ဘဝနှင့် ကွယ်လွန်ရသည်။ ယနေ့တွင် ဗန်ဂိုး ရေးဆွဲသော ပန်းချီကား တချပ် ရောင်းဈေးသည် ဒေါ်လာငွေ သန်း ၈၀ ကျော် ရှိသည်။ သို့သော် သူ သက်ရှိထင်ရှား ရှိစဉ် မည်သူ တဦးတယောက်ကမျှ သူ့အနုပညာကို မဝယ်ယူချေ။

ဗန်ဂိုးသည် အနုပညာ တခုတည်းကို လုပ်ကိုင်ရာတွင် အလွန့်ကို ထူးချွန်သည်။ ပန်းချီဆွဲနည်းကို ကိုယ့်ဘာသာ သင်ယူသည်။ တစုံတရာကို ရေးဆွဲလျှင် စားသောက်ဆိုင် ဟင်းလျာ စာရွက်များ၊ စာအုပ်များနှင့် စာရွက်အစအနများကို ရှာသည်။ ၁၈၈၁ တွင် အနုပညာကို စတင်လေ့လာသည်။ ပထမဆုံး ဘယ်လ်ဂျီယံ၊ ဘရပ်ဆဲလ် သွားသည်။ နောက် ပြင်သစ်သွားသည်။ အစောဆုံး ပန်းချီကားများသည် ဟော်လန်ရှိ နွမ်းပါးသူများအကြောင်း ဆွဲထားသော အနက်ရောင် ပန်းချီကားများ ဖြစ်ကာ၊ ပန်းချီကားထဲမှ လူများသည် ဝမ်းနည်းပူဆွေးနေကြသည်ကို သရုပ်ဖော်ထားသည်။ ပြင်သစ် သို့ သွားရောက်သောအခါ တောက်ပသည့်အရောင်များကို ရွေး၍ ဆွဲပြီး ပန်းချီကားမှာ စိတ်ခံစားမှု ပြင်းထန်နေမှုကို ပြသနေသည်။ သူ့ဘဝတွင် အမြဲတမ်း သာမန်အရာဝတ္ထု ပစ္စည်းများကိုသာ ဆွဲလေ့ရှိပြီး ၎င်းတို့မှာ သူ့အိပ်ခန်း ကုလားထိုင် တလုံး၊ သို့မဟုတ် ပန်းပွင့်အချို့တို့သာ ဖြစ်သည်။ မကြာခဏ ဆိုသကဲ့သို့ ကျေးလက်သို့ သွားပြီး၊ ငှက်များ၊ ပန်းပွင့်များနှင့် လယ်ကွင်းများကို ‌ဆွဲလေ့ရှိသည်။

အခြား ပန်းချီဆရာများ ရေးဆွဲသော ပန်းချီလက်ရာများနှင့် ဗန်ဂိုး ရေးဆွဲသော ပန်းချီလက်ရာများက အလွန့်ကို ကွာခြား၍ လူတွေက သူ့ပန်းချီကားကို မနှစ်သက်။ နေရာ တနေရာကို ရွှေ့ပြောင်းသည့်အခါ မကြာခဏ ပန်းချီကားများ ထားခဲ့ရပြီး လူတွေက တွေ့သော်၊ ထင်းဆိုက်ပစ်ကြသကဲ့သို့ ဆောက်လုပ်ရာတွင်လည်း သုံးပစ်လိုက်သည်။ ပန်းချီကားများကို သူ ရောင်းချ မရတော့၍ သူ့တွင် ငွေကြေး မရချေ။ မကြာခဏပင် အစားအသောက် မစားရချေ။ သူ့ငွေများကို ကင်းဗတ်စများ၊ ဆေးများ၊ စုတ်တံများ၊ ပန်းချီကားဘောင်များ ဝယ်ရန် သုံးသည်။ သူ့မှာ ရှိသော အဝတ်အစားများကိုလည်း မရှိဆင်းရဲသားများအား ပေးကမ်းလေ့ရှိသည်။

သူ့တွင် ထူးဆန်းသော ကိုယ်ရေးကိုယ်တာ စိတ်သဘောထားများ ရှိပြီး၊ သူက မဟုတ်တာ မမှန်တာ ပြောဆိုရခြင်းနှင့် ငြင်းခုံရခြင်းကို သဘောကျသည်။ အချို့က သူ့ကို ကြောက်ရွံ့ထိတ်လန့်သည်။ အချို့က ရယ်စရာ သဘောထားသည်။ ကလေးများက လမ်းတွင်တွေ့လျှင် ရရာပစ္စည်းများနှင့် ကောက်ပေါက်သည်။ သူ့ကို နာမည်အမျိုးမျိုး တပ်ခေါ်သည်။ အနုပညာပစ္စည်း ရောင်းချသော ညီဖြစ်သူ သီအိုသာလျှင် စစ်မှန်သော မိတ်ဆွေ တဦး ဖြစ်သည်။ သူက သူ့အစ်ကို ဗန်ဂိုးသည် ပါရမီရှင်ဟု ယုံကြည်သည်။ ငွေများ ထောက်ပံ့ပေးပြီး ပန်းချီ ဆက်ဆွဲရန် အားပေးသည်။

ဗန်ဂိုးသည် ဘဝနောက်ဆုံး နှစ်နှစ်တာ ကာလကို ပြင်သစ်တောင်ပိုင်း၌ ကုန်ဆုံးနေစဉ် အတောအတွင်း ပန်းချီကားပေါင်း ၂၀၀ နီးပါး ဖန်တီးနိုင်ခဲ့သည်။ ၁၈၈၈ တွင် ပန်းချီဆရာ ပေါလ်ဂေါ်ဂင်က သူနှင့် လာနေသည်။ တညသ၌ ထိတ်လန့်စရာ‌ ကောင်းလောက်အောင် ငြင်းခုံမှု ဖြစ်ကာ၊ ဗန်ဂိုးက သင်တုန်းဓားတလက် ကိုင်ပြီး၊ ဂေါ်ဂင်ကို လမ်းထဲ လိုက်ထိုးသည်။ သူသည် အိမ်ပြန်ပြီး ဘယ်ဘက် နားရွက် တဖက်ကို ဓားဖြင့် လှီးလိုက်ရာ သွေးထွက်လွန်၍ သေလုနီးပါး ဖြစ်သည်။ သူသည် စိတ်ကျန်းမားရေး ဆေးရုံသို့ သွား၍ ဆေးရုံတက် ကုသနေစဉ် ပန်းချီကား များ ရေးဆွဲသည်။ သူ့ဘဝ၏ နောက်ဆုံး ရက် ၂၀ အချိန်အတွင်း နေ့စဉ် ပန်းချီဆွဲသည်။ ကြယ်‌စုံသောည ပန်းချီကားသည် ဆေးရုံရှိ သူ့အခန်း ပြတင်းပေါက်ကနေ မြင်ရသော ကောင်းကင် မြင်ကွင်းကို ဆွဲခြင်း ဖြစ်သည်။ နောက်ဆုံး ၁၈၉၀ ဇူလိုင် ၂၇ တွင် သေနတ်ဖြင့် အဆုံးစီရင်သည်။ ကွယ်လွန်ပြီး ၂ ရက်အကြာ သူ့အသက် ၃၇ ပြည့်သည်။

အစ်ကို ဆုံးသည့်အတွက် သီအိုသည် ဝမ်းနည်းပူဆွေးခဲ့ရပြီး၊ နောက်ခြောက်လအကြာတွင် နာမကျန်းဖြစ်၊ ကွယ်လွန်သည်။ ကွယ်လွန်ချိန် ၃၃ နှစ်သာ ရှိသေးသည်။ သီအို၏ ‌ဇနီး မုဆိုးမ ဂျိုဟန်နာက ဗန်ဂိုး၏ ကျော်ကြားလာမည့် ပန်းချီကားများကို ခက်ခဲစွာ ထိန်းသိမ်းရသည်။ ဗန်ဂိုး ကွယ်လွန်ပြီးနောက် နှစ်ပေါင်း ၃၀ ရောက်ခါနီးမှ ကမ္ဘာတည်သ၍ ထင်ရှားကျော်ကြားမည့် အနုပညာရှင်များထဲမှ တဦးအဖြစ် ဗန်ဂိုးကို အသိအမှတ်ပြုသည်။

ဗင်းဆင့် ဗန်ဂိုး၏ ပန်းချီကားများကို ကမ္ဘာကျော် အနုပညာပြတိုက်များတွင် ချိတ်ဆွဲပြသထားကာ၊ "ကြယ်စုံသောည"၊ "နေကြာပန်းများ"၊ "ဆိုက်ပရပ်စ်လမ်း"နှင့် "အာလူးစားသူများ" ပန်းချီကားတို့သည် ယခုအခါ တချပ်လျှင် ဒေါ်လာသန်း ရာချီ၍ တန်ဖိုး ရှိနေပြီ ဖြစ်သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်ထွန်းသူ၏ ဗင်းဆင့် ဗန်ဂိုး
  2. ရဲကျော်မြင့် (မတ်လ၊ ၂၀၁၇)။ ကမ္ဘာကျော်(၃၃)ဦး အနှစ်ချုပ်။ မဇ္ဈိမစာပေ။ p. ၈၉။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)