ဖေ၊ ဦး(မြန်မာပညာရှိ)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
မြန်မာပညာရှိဦးဖေ နှင့် ဗန်းမော်ခင်လေးကြီး

သီရိစတုရင်္ဂဗလဘွဲ့ခံ မြန်မာပညာရှိ ဦးဖေကို မန္တလေးမြို့ အောင်နန်းရိပ်သာအရပ် အဖ ဦးစနှင့် အမိ ဒေါ်လေးကြီးတို့မှ သက္ကရာဇ် ၁၂၂၃ ခုနှစ်၊ ဒုတိယ ဝါဆိုလပြည့်ကျော် ၂ ရက် အင်္ဂါနေ့ (၂၃-၇-၁၈၆၁) မြန်မာ့စံတော်ချိန် နံနက် (၁)နာရီတွင် ဖွားမြင်လေသည်။ မိမိ ဖွားရာဇာတိနှင့် ပတ်သက်၍ မိမိပြုစုခဲ့သော ကျမ်းအချို့တွင် မိမိကိုယ်တိုင် မှတ်တမ်းတင်ခဲ့သည်တို့ အနက် ဝေလမင်းသားစာပေဆုရ 'ဝရုဏပျို့' နိဂုံးမှ ထုတ်နုတ် ဖော်ပြသည် ရှိသော် -

"...ရတနာပကုံ၊ ရွှေဘုံမန်းပြည်၊ ပွင့်လင်းစည်ဝယ်၊ အမည်ရောင်လန်း၊ ပြောင်ပြောင်ဆန်းသား၊ အောင်နန်း ရိပ်သာ၊ ရပ်မဟာဝယ်၊ ဖွားရာဇာတိ၊ အမှန်ရှိသား "

ဟူသည့် အတိုင်း မန္တလေးမြို့ အောင်နန်းရိပ်သာ အရပ် ဖြစ်ပေသည်။

ဖခင်ဦးစ၏ မိဘများမှာ ဘိုးတော်ဘုရား၏ အဆက်အနွယ်များ ဖြစ်သည်။ ဘိုးတော်ဘုရား၏ သမီးတော် ပဒုမဝတီ၏ သမီး ဒေါ်သဒ္ဒါသည် ဦးလင်းနှင့် အကြောင်းပါပြီးနောက် သားနှစ်ယောက်၊ သမီးသုံးယောက် ထွန်းကားခဲ့ရာ သားအကြီးဆုံးမှာ ဦးစ ဖြစ်သည်။ အမိမှာမူ ရွှေဘိုမင်းဆက် ဖြစ်ပေသည်။ ထိုရွှေဘိုမင်း၏ ခုနှစ်ရွာမိဖုရားကြီးနှင့်သော် အမေညီအစ်မ ဖြစ်သည်။


ကုန်းဘောင်မင်းဆက်တို့သည် ထီးနန်းကို လုပ်ကြံရာတွင် ရွှေဘိုမြို့သို့ထွက်၍ လုပ်ကြံလေ့ရှိသည်။ ရွှေဘိုမြို့ အောင်မြေဟူသောအရပ်၌ အောင်မြေနင်း၍ စစ်သည်စုဆောင်း အောင်ကြောင်း ဩဘာ မင်္ဂလာပြုကာ ထွက်ချီ လုပ်ကြံကြသည့်အတိုင်း မင်းတုန်းမင်းသားနှင့် ကနောင်မင်းသားတို့ နောင်တော် ပုဂံမင်းကို ပုန်ကုန်ရန် ရွှေဘိုသို့ ထွက်ခွာ၍ လူသူလက်နက်စုရုံးခဲ့ကြသည်။ ထိုသို့ စုရုံးသောအခါ ရွှေဘိုတပ်ဖွဲ့စည်းရာမှ စ၍ အရေးတော်ပုံအောင်မြင်သည်အထိ ဦးစသည် တပ်ဗိုလ်အဖြစ် လိုက်ပါဆောင်ရွက်ခဲ့သည်။ ပုဂံမင်းကို ထီးနန်းချ၍ မင်းတုန်းမင်း အထွတ်အထိပ်သို့ရောက်သည့် အခါ ဦးစသည် ဆက်လက် အမှုမထမ်းတော့ဘဲ အေးဆေးစွာ နေထိုင်ခဲ့သည်။ အမှုမထမ်းသော်လည်း ယခင်က အမှုထမ်းခဲ့မှုကြောင့် မန္တလေးမြို့တည်သော အခါ မင်းတုန်းမင်းတရားကြီးက ဦးစအား အောင်နန်းရိပ်သာလမ်းရှိ အိမ်နှင့် မြေယာကို ပေးသနားတော်မူခဲ့သည်။ ယင်းအိမ်တွင် နေထိုင်စဉ်မှာပင် သားမောင်ဖေကို ဖွားမြင်လေသည်။

ထို့ကြောင့် ဦးဖေ ပြုစုရေးသားခဲ့သော ရာဇဝံသဇာလိနီကျမ်း ခေါ် ပုဂံရာဇဝင်သစ်၏ နိဂုံးတွင် ရတနာပုံ အမည်ရှိ သော နှလုံးမွေ့လျော်ဖွယ် ရှိသော ပြည်၌ အောင်နန်းရိပ်သာဟု ထင်ရှားသောအရပ်၌ ဖွားရာဇာတိရှိသော၊ သူတော်တရားကို ကျင့်လေ့ရှိသော ဦးဖေဟူသော၊ ရအပ်သောအမည်ရှိသော ကျောက်စာရာဇဝင်အရပ်ရပ်တို့ကို သိသော မြန်မာနိုင်ငံ ကျောက်စာရုံးစာရေးကြီးသည် ဤရာဇဝင်ကျမ်းကို ပြုစုအပ်ပြီ ဟူ၍လည်းကောင်း၊ ဝေလမင်းသား (၁၀ဝ၀)ဆုရ ဝရုဏပျို့ နိဂုံးတွင် ရတနာပုံ၊ ရွှေဘုံမန်းပြည်။ ပွင့်လင်းစည်ဝယ်၊ အမည်ရောင်လန်း၊ ပြောင်ပြောင်ဆန်းသား ၊အောင်နန်းရိပ်သာ၊ ရင်မဟာဝယ်၊ ဖွားရာဇာတိ၊ အမှန်ရှိသား ဟူ၍လည်းကောင်း၊ ဦးဖေကိုယ်တိုင် သူ၏ ဇာတိချက်ကြွေမွေးရပ်မြေနှင့် သူရပ်တည်ကျင်လည်ရာ ဘဝတစ်စိတ်တစ်ပိုင်းကို မှတ်တမ်းတင်ခဲ့လေသည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ဦးဖေသည် မန္တလေးမြို့တွင် ဖွားမြင်ခဲ့သော်လည်း ပညာသင်ကြားသည့်အရွယ်တွင် ဖခင်၏ ဇာတိဖြစ်ရာ ရွှေဘိုရှိ ဂူကောင်းရွာကျောင်းဆရာတော် ဦးနန္ဒိယထံတွင် သဒ္ဒါ ၊ သင်္ဂြိုဟ်စသည်များ သင်ကြားခဲ့သည်။ ငယ်ရွယ်စဉ်အခါ ကာလမှစ၍ ပထမ ရွှေကျင်ဆရာတော်ဘုရား ထံတော်၌ ပညာသင်ကြားခဲ့၍ ရဟန်းဝတ်ဖြင့် သုံးဝါ ရပြီးနောက် လူထွက်သည်။ ထို့နောက် မန္တလေးမြို့ မိုးကောင်းအောက်ကျောင်း အာဇရာဘိစတု မဟာဓမ္မရာဇဓိရာဇဂုရု တံဆိပ်တော်ရ မိုးကောင်းဆရာတော်ဘုရားကြီးထံတွင် ပိဋကတ်သုံးပုံနှင့် လောကီကျမ်း အရပ်ရပ်တို့ကို လည်းကောင်း၊ အနောက်သင်္ဂဇာတိုက် သင်္ဂဇာဆရာတော်ကြီး ၏ တပည့် (မြင်ကွန်းမင်းသား၏ ဆရာ) ဦးဇာဂရထံတွင် ကဗျာစပ်နည်း ဗဟုသုတများကို လည်းကောင်း အစ်ကိုဝမ်းကွဲတော်သူ ဝန်စာရေး ဦးကြီးနှင့် အတူ သင်ကြားခဲ့ကြသည်။ ဦးဇာဂရမှာ နောင်တွင် လူဝတ်လဲ၍ သူ၏ ဇာတိဖြစ်ရာ မော်လမြိုင်တွင် ဦးရန်နှင်း အမည်ဖြင့် နေထိုင်ပြီး လက္ခဏာကျမ်းများ၊ စာပေလင်္ကာကျမ်းများရေးသားခဲ့သူ ဖြစ်သည်။ သာမဏေ ဘဝဖြင့် သုံးဝါမျှသာ နေခဲ့ပြီးနောက်လူထွက်ကာ ကုန်သည်အဖြစ်လုပ်ကိုင်စားသောက် နေထိုင်ရင်း စာပေဗဟုသုတများကို လေ့လာလိုက်စားခဲ့သည်။

သက္ကရာဇ် ၁၂၄၃ ခုနှစ်တွင် ဦးဖေသည် အသက် ၂၀ အရွယ်တွင် ဂူကောင်းရွာ ဇာတိ လယ်သမား ဦးအုံ၏ သမီး ဒေါ်အိုနှင့် အိမ်ထောင်ကျသည်။ အိမ်ထောင်ရေး အဆင်မပြေဘဲ စောစီးစွာ လမ်းခွဲလိုက်ကြသည်။ ဒေါ်အိုနှင့် သားသမီး မထွန်းကားခဲ့ပေ။ ထို့နောက် မန္တလေးမြို့တွင် ဗန်းမော်အတွင်းဝန် မင်းတုန်းဝန်၏ သမီး ဗန်းမော်ခင်လေးကြီးနှင့်ဒုတိယ အိမ်ထောင်သစ်ထူလိုက်သည်။ ဗန်းမော်ခင်လေးကြီးမှာ ခုနှစ်ရွာ မိဖုရားကြီး (မင်းတုန်းမင်း၏ မိဖုရား) နှင့် ညီမ ဝမ်းကွဲ တော်စပ်သူ ဖြစ်သည်။ ဦးဖေနှင့် ဗန်းမော် ခင်လေးကြီးတို့မှ သားဖြစ်သူ ဦးတော် ကို ဖွားမြင်ခဲ့သည်။ သားဖြစ်သူ ဦးတော်သည် နောင်တွင် ရာဇဝတ်ဝန်ထောက် ဖြစ်လာပြီး ဒေါ်သန်းနှင့် အကြောင်းပါ၍ သမီးမခင်မြ ( နောင် စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်)ကို ၁၉၁၅ ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ ထို့ကြောင့် သီရိစတုရင်္ဂဗလ ဦးဖေ နှင့် စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်တို့သည် မြေးအဘိုးတော်စပ်လေသည်။

သီပေါမင်းတရားကြီး လက်ထက် တော်သို့ ရောက်တော်မူသော အခါတွင် ဦးဖေသည် ဗိုလ်မှူး အဖြစ် ခန့်အပ်ခြင်း ခံရ၍ သက္ကရာဇ် ၁၂၄၇ ခုနှစ်တွင် ဖြစ်ပွားသည့် တတိယ အင်္ဂလိပ် - မြန်မာ စစ်ပွဲ၌ ပါဝင် တိုက်ခိုက်ခဲ့ရသူ ဖြစ်သည်။ ဦးဖေ၏ တပ်သည် ညောင်ဦးမြို့တွင် တပ်စွဲနေခိုက် အင်္ဂလိပ်တပ်အောက်ရှိ ကုလားတပ်ခွဲတစ်ခုနှင့် အနီးကပ် တိုက်ပွဲ ဖြစ်ရာ မြန်မာတပ်မှ ဓားနှင့် ဝင်ခုတ်ပြီး ကုလား တပ်သား (၁၂) ယောက်ကျပြီးသည့်တိုင် လက်နက်လူသူ မမျှတ၍ ဆုတ်ခွာပေးခဲ့ရသည်။ သက္ကရာဇ် ၁၂၄၇ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် ၈ ရက် (ခရစ် ၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်) တနင်္ဂနွေနေ့ ပါတော်မူစဉ်အခါက ဦးဖေမှာ မြန်မာတပ်တစ်တပ်နှင့် မင်းဘူးမြို့တွင် ရှိနေခဲ့သည်။

ရန်ကုန်မြို့သို့ ပြောင်း[ပြင်ဆင်ရန်]

အင်္ဂလိပ်များ ရတနာပုံ နေပြည်တော်ကို သိမ်းပိုက် ပြီးသည့်နောက် ခုနစ်ရွာ မိဖုရားကြီးနှင့်အတူ ဦးဖေတို့ ဆွေမျိုးသားချင်းများ တစုတဝေးလုံးကို ရန်ကုန်မြို့သို့ ခေါ်ဆောင်သွားသည်။ ရန်ကုန်မြို့သို့ ရောက်လျှင် ဦးဖေအား စာတော်ပြန် လွှတ်တော်ရုံးတွင် အလုပ်လုပ်ကိုင် စေလေသည်။ ထိုအခါ အင်္ဂလိပ်အစိုးရ၏ စေခိုင်းချက်အရ ကျမ်းကျိန်ဆိုချက်များကို ရေးသားရပါသည်။

ရန်ကုန်မြို့တွင် အင်္ဂလိပ်အစိုးရ အမိန့်ဖြင့် ကုလားသစ်စက်ပိုင်ရှင် တစ်ဦး၏ အိမ်တွင် ( ယုန်ရေခဲစက်အနောက်ဘက်ရှိ ) ခုနှစ်ရွာ မိဘုရားကြီးနှင့်အတူ ဦးဖေတို့ မိသားစုများပါ နေထိုင်ကြရသည်။ သက္ကရာဇ် ၁၂၅၄ ခုနှစ်တွင် အင်္ဂပူမြို့ အုတ်ဖို ဆရာတော် ဦးဥက္ကံသ ( ဒွါရဂိုဏ်းချုပ်ဆရာတော် ) က ရွှေတိဂုံစေတီတော် ရင်ပြင်တွင် ဖိနပ်စီးခြင်းသည် အပြစ်မရှိကြောင်း ကျမ်းစာအုပ်ထုတ်ဝေသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ သာသနာရေး ဂယက်ရိုက်သွားသည်။ ထို့ကြောင့် ဗားကရာ ဆရာတော် ၊ သံယုတ်ဆရာတော် နှင့် အခြား ဆရာတော်များ၏ တိုက်တွန်း အမိန့်ပေးချက်အရ ဦးဖေသည် စေတီယင်္ဂဏ ဝိနိစ္ဆယကျမ်း ကို ရေးသားရလေသည်။ အထက်ပါကျမ်းကို ရေးသားထုတ်ဝေပြီး ၁၂၅၆ ခုနှစ်တွင် မြန်မာပြည် စာတော်ပြန်ဌာန၌ စာတော်ပြန်ဝန်ထောက် ဦးထွန်းငြိမ်း ( ဦးထွန်းငြိမ်း - အင်္ဂလိပ်မြန်မာအဘိဓာန်ပြုစုသူ ) ၊ ဦးဖိုးဖြူ ( စာတော်ပြန်မြို့အုပ်) တို့အတူ စာရေးကြီးအဖြစ် ဦးဖေအား ဝင်ရောက် အမှုထမ်းစေသည်။ စာတော်ပြန်ဌာနတွင် အမှုထမ်းနေခိုက် ဇနီးသည် ဗန်းမော်ခင်လေးကြီး ကွယ်လွန်လေသည်။

သက္ကရာဇ် ၁၂၆၃ ခုနှစ်တွင် ဇနီးမရှိသည့် နောက်ပိုင်းတွင် ရန်ကုန်မြို့တွင် ဆက်လက်မနေထိုင်လိုသည့် အလျောက် အရှေ့တိုင်းကျောက်စာများကို လေ့လာလိုက်စားနေသူ မစ္စတာတော်စိန်ခိုနှင့် တွေ့ဆုံကျွမ်းဝင်မိပြီး ပုဂံမြို့ ကျောက်စာရုံးသို့ပြောင်းရွှေ့၍ မစ္စတာတော်စိန်ခို၏ လက်ထောက်အဖြစ်ဖြင့် ( ၁၅ ) နှစ်တိုင်တိုင် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ ကျောက်စာဝန်ရုံး၌ ကျောက်စာ မင်စာများကို ကူးယူရခြင်း၊ ပုဂံမြို့ရှိ ရှေးဟောင်းစေတီ ဂူကျောင်းများ စာရင်းများယူခြင်း၊ ပြင်ဆင်ခြင်းများကို ပြုလုပ်ရသည်။ ထို့ပြင် ကျောက်စာ၊ မှင်စာများကိုလည်း စုဆောင်း ရှာဖွေခဲ့ရသေးသည်။ မစ္စတာတော်စိန်ခို မရှိသည့်နောက်တွင်လည်း ဆက်လက်လုပ်ကိုင် ပြန်သေးကာ ထိုကျောက်စာ ဝန်ရုံးမှ အငြိမ်းစားရိက္ခာတော်ရ အဖြစ် ပင်စင်ယူသော အခါ၌မူ အသက်အားဖြင့် ( ၆၀ ) ပြည့်နေပေပြီ ဖြစ်သည်။ ၁၂၇၀ ပြည့်နှစ် တွင် ပုဂံမြို့မှ မန္တလေးမြို့ ရွှေကျောင်းကျောက်စာရုံးတွင် အမှုထမ်းပြီး ၁၂၇၄ ခုနှစ် ခန့်တွင် ကျောက်စာရုံး လက်ထောက် ကြီးကြပ်ရေး ( Assistant Superintendent ) အဖြစ်မှ အနားယူခဲ့လေသည်။ ထိုနှစ်မှာပင် မြန်မာနိုင်ငံ သာသနာပိုင် တောင်ခွင် ဆရာတော်ဘုရားကြီးက ဦးဖေအား သီရိစတုရင်္ဂဗလ ဘွဲ့တံဆိပ် ချီးမြှင့်ခဲ့လေသည်။

ပုဂံမြို့ ကျောက်စာရုံးတွင် အမှုထမ်းရခြင်းသည် ဦးဖေအတွက် ပုဂံမြို့နှင့် ပတ်သက်သမျှ ကို အလုံးစုံအ သေးစိတ်လေ့လာခွင့် ရခဲ့သည်။ ထိုသို့လေ့လာနိုင်ခဲ့ခြင်းကို ဦးဖေသည် ရာဇဝံသဇာလိနီကျမ်းခေါ် ပုဂံရာဇဝင်သစ်နိဒါန်းတွင် -

‘ပုဂံမြို့ဟောင်းမှာ ရုံးစိုက်ရပ်တန့်နေထိုင်၍ မူလကျောက်စာများကို အက္ခရာအတိုင်းပါအောင် ပုံနှိပ်ကူးယူ ကာလအရှည် ဖတ်ပြန် စဉ်းစားပြီးမှ ကျောက်စာစောင်ရေ ( ၁၂၀ဝ ) ကျော်တို့ကို အရင်းထား၍ မင်စာ၊ စဉ့်ကွင်း၊ စဉ့်ပုံ၊ မြေပုံ စာတို့ကို လည်းကောင်း၊ ထိုအခါ ကာလက ပြုစု စီရင်သော ကျမ်းဂန်တို့ကို လည်းကောင်း၊ မြို့ရိုးမြို့တာ ဘုရား စေတီ၊ ဥမင် ဂူလှိုဏ်၊ ရုပ်တုဆင်းတု၊ မြေပုံရုပ်၊ စဉ့်ကွန်းရုပ်၊ ဆေးရေးရုပ်၊ ကျောက်ရုပ်၊ အင်္ဂတေရုပ်တို့ကို လည်းကောင်း ကြည့်ရှုနှီးနှောသည်။ ထိုသို့ ကြည့်ရှုနှီးနှောခြင်းကြောင့် ဖြစ်ထွန်းသော အကျိုးမှာ မြို့ရိုးမြို့တာ စေတီဂူကျောင်း စသောအဆောက်အအုံတို့၏ အနေအထား စနစ်ပုံစံများကို တွေ့မြင်ရသဖြင့် ထိုအခါကာလက လူတို့ လက်မှုပညာ မည်မျှလောက် တတ်ကျွမ်းသည်ကို သိရသည်။ ကျောက်စာ၊ မော်ကွန်း၊ စဉ့်ကွင်းစာ၊ မြေပုံစာ ပြုစုစီရင်သော ကျမ်းဂန်များကို တွေ့မြင်ရသဖြင့် ထိုအခါကာလက သက္ကရာဇ် စွဲမှတ်ပုံ၊ လူတို့ သုံးစွဲ ပြောဆိုရေးမှတ်ကြသော အက္ခရာ ဘာသာ ဝေါဟာရ စီကုံးရေးသာပုံနှင့် တကွ ၊ သက္ကတ ၊ မာဂဓ စသော သာသနာတော်ကျမ်း၊ လောကီကျမ်း၌ မည်မျှလောက် သက်ဝင်ကျက်စား တတ်မြောက်သည်ကို သိရသည်။ စဉ့်ကွင်းရုပ်၊ ဆေးရုပ်၊ ကျောက်ရုပ်၊ အင်္ဂတေရုပ် စသည်တို့ကို တွေ့မြင်ရသဖြင့် ထိုအခါကာလက မင်း၊ ပုဏ္ဏား၊ သူဌေး ၊ သူကြွယ်တို့၏ ဝတ်စားဆင်ယင်ပုံ အလေ့အထ အသုံးအဆောင်များကို သိရသည်’

ဟူ၍ ရေးသားဝန်ခံထားလေသည်။

ပုဂံမြို့၌ပင် တတိယ အိမ်ထောင်ဖက် ဒေါ် ဒေါ်ဇင် နှင့် အကြောင်းပါပြီး သား မောင်မောင်ကြီး၊ မောင်မောင်လေး နှင့် သမီး မမကြီး ၊ မမလေး ဟူ၍ သားသမီး လေးယောက် ထွန်းကားခဲ့သည်။ ထို့နောက် မန္တလေး တက္ကသိုလ်တွင် ပါဠိ - မြန်မာ ကထိက အဖြစ်ဖြင့် သက္ကရာဇ် ၁၂၉၁ ခုနှစ်အထိ ဝင်ရောက်လုပ်ကိုင် သေးသည်။

ဦးဖေသည် ဝရုဏ ပျို့ နိဂုံးတွင်-

"သဒ္ဓါ သီလ စသည့် အပြား၊ ခုနှစ်ပါးနှင့် မခြား ပြည့်ဖြိုး၊ ကောင်းမှု ကြိုးသား၊ ကြောင်းကျိုး ချုပ်ရာ၊ သစ္စာလေးပါး၊ မျက်မှောက်ထား၍ တရားပရမေ၊ သိကြောင်း ဖွေသား၊ ဦးဖေတွင်မည်၊ ငါကုံသည်ကား၊ ဖြောင့်တည်စိတ်ထား၊ သူတစ်ပါးကို၊ တရားသိစေ့၊ ညွှန်ပြလေနှင့်"

ဟု စပ်ဆိုထားသည့် အတိုင်း ကိုယ်တိုင်ကိုယ်ကျ တရားကောင်းမြတ် တည်ကြည်စွာ စောင့်စည်းသည့် ပြင် အခြားသူများကိုလည်း ဆုံးမလေ့ ရှိသည်။ အစ်ကို ဖြစ်သူ ဝန်စာရေး ဦးကြီး၏ မိန်းမများခြင်း ပတ်သက်၍ ဦးဖေသည် ‘အစ်ကိုတို့တော့ စာတော့တော်ပါရဲ့၊ ဉာဏ်ရည်ဉာဏ်သွားလည်း ထက်ပါရဲ့၊ ဒါပေမယ့် စည်းမဲ့ကမ်းမဲ့ မိန်းမများ ယူလွန်းတာက ခက်တယ်’ ဟု ညည်းညူလေ့ရှိသည်။ ဦးဖေ၏ အလေးအနက် အထားဆုံးမှာ ဘာသာရေးပင် ဖြစ်သည်။ ဘာသာတရားကို အထူး ကိုင်းရှိုင်းပြီး ဝိပဿနာကို မပြတ် ပွားများ အားထုတ်သည်နှင့် အညီ ကျောက်စာရုံးမှ အငြိမ်းစား ယူလိုက်သောအခါ တောင်ခွင် ဆရာတော် ဘုရားကြီးထံတွင် တရားဓမ္မဆည်းပူး အားထုတ်၍နေသည်။ ထို့နောက်

‘မြန်ပြည်တိုင်းခွင်၊ မင်းသဘင်၌ ၊ လျှောက်တင်ထမ်းရွက်၊ နေ့ရက်လွန်ခါ၊ ထို့နောက်မှာကား၊ ပညာကောလိပ်၊ စုံသိပ်ပပေါင်း၊ မန်းမြို့ကျောင်းဝယ်၊ ရင့်ညောင်းတတ်သိ၊ ရှေးရိုးရှိနှင့်၊ ပါဠိမြန်မာ၊ ကဗျာဗန္ဓ၊ သင်လိုပို့ချ၏၊ ’

ဟုကိုယ်တိုင် မှတ်တမ်းတင်ထားသည့်အတိုင်း မန္တလေးမြို့ ကောလိပ်ကျောင်းတွင် ပါဠိ မြန်မာစာ ဆရာအဖြစ် ဆောင်ရွက်ရပြန်သည်။ ( မြန်မာစာဆရာ ဦးဘအောင် နှင့် ဦးလူဖေဝင်းတို့သည် ဦးဖေ၏ အတန်းသားများ ဖြစ်ခဲ့ဖူးသည် ဟု ဆိုသည် ) မန္တလေး ကောလိပ် ဆရာအဖြစ် ဆောင်ရွက်နေစဉ် မှာပင် ဘုရားဟော ပါဠိတော်၊ ခုဒ္ဒက နိကာယ်၊ တိံသ နိပါတ်၊ ကုမ္ဘဇာတ်တော် မှ လာသည့်အတိုင်း သူရာသောက်လျှင် အပြစ်ရှိကြောင်း အထောက်အထား အကိုးအကား အပြည့်အစုံဖြင့် ဝရုဏပျို့ ကို ရေးသားခဲ့လေသည်။ ယင်းပျို့ကို ရေးသားခြင်းကြောင့် ၁၂၈၈ ခုနှစ်တွင် ဝေလမင်းသား ဆုငွေ တစ်ထောင်နှင့် ရွှေတံဆိပ်ဆုများ ရရှိလေသည်။

ပင်စင် ယူပြီးနောက် တောင်ခွင် သာသနာပိုင် ဆရာတော်ဘုရားကြီး ထံတော်တွင် အတိုင်ပင်ခံ အကူအညီ လုပ်ဆောင်ရင်း 'သီရိစတုရင်္ဂဗလ' ဟူသော ဘွဲ့တံဆိပ်ဖြင့် ချီးမြှင့်ခြင်း ခံရပေသည်။ ထိုကဲ့သို့ ဘွဲ့မည်ရည် ချီးမြှင့်ခြင်း ခံရသောအကြောင်းနှင့် ပတ်သက်၍ မြန်မာပညာရှိ ဦးဖိုးစိန်က မိမိ စုဆောင်း ပေါင်းချုပ် ထုတ်ဝေ ဖြန့်ဖြူး ခဲ့ပေသော 'ဆောင်းပါး ပေါင်းချုပ်'၊ ပထမ စာအုပ်၊ စာမျက်နှာ ၇၄ နှင့် ၇၅ တို့တွင် 'ဂြိဟ် ၇ လုံး ပူးခြင်းကြောင့် အထူး စိုးရိမ်ကြောင့်ကြဖွယ် မရှိသင့်ကြောင်း' သာသနာတော်ကျမ်း၊ လောကီကျမ်း တို့နှင့် ညှိနှိုင်း၍ ဦးဖေ ရေးသားဖော်ပြသော 'စာတမ်း'၏'နိဒါန်း' အနေနှင့် -

"... မြန်မာ နိုင်ငံတော် နှစ်သစ်ကူး မဟာ သင်္ကြန်တက်၊ သင်္ကြန်ကျ၊ ဝါဆို၊ ဝါကပ်၊ အခါ နေ့ရက် များကို နှစ်စဉ် နိုင်ငံ အစိုးရ မင်းတို့ထံ တင်သွင်းရသော ပုဏ္ဏား ပညာရှိ၊ မြန်မာ ပညာရှိ အဖွဲ့ဝင် မြန်မာ နိုင်ငံ ဘုရင်ခံ မင်း၏ ဂုဏ်ထူးဆောင် လက်မှတ်နှင့် ရွှေတံဆိပ် ချီးမြှင့်ခြင်းကို ခံရလျက် မဟာ သံဃရာဇာ သာသနာပိုင် ဆရာတော်ဘုရားကြီး ထံမှ ဝိဇယပူရ ပန်းယမြို့ ဆင်ဖြူ လေးစီးရှင် မင်းတရားကြီး လက်ထက် မာဂဓ အဘိဓာန် ဋီကာ ကျမ်းပြု ပညာရှိ အမတ်ကြီး ကဲ့သို့ 'သီရိ စတုရင်္ဂဗလ' ဟူသော ဘွဲ့ တံဆိပ်ဖြင့် ချီးမြှင့်ခြင်းကို ခံရသော မြန်မာ ပညာရှိ အငြိမ်းစား ကျောက်စာရုံး - စာရေးကြီး ဦးဖေ ... " ဟူ၍ မှတ်တမ်း တင်ထားပေသည်။

စာပေရေးသားခြင်း[ပြင်ဆင်ရန်]

ထိုသို့ လေ့လာ သိရှိရသမျှကို ရာဇဝင် အစောင်စောင့်နှင့် ညှိနှိုင်း၍ မစ္စတာ တော်စိန်ခို၏ တိုက်တွန်းချက်အရ ဦးဖေသည် ရာဇဝံသဇာလိနီကျမ်းခေါ် ပုဂံ ရာဇဝင်သစ်ကို ရေးသားပြုစုခဲ့သည်။ အဆိုပါကျမ်းကို မန္တလေးမြို့ မြန်မာ့တာရာ ပုံနှိပ်တိုက်မှ ၁၃၁၄ ခု၊ ( ခရစ် ၁၉၅၂ ခုနှစ် ) တွင် ရိုက်နှိပ် ထုတ်ဝေခဲ့သည်။ ဦးဖေသည် မမ္တလေးမြို့တွင် နေထိုင်စဉ် ညီဝမ်းကွဲ ဖြစ်သူ ဦးညွှန့် (ပြည်ကြီးမင်္ဂလာ ဦးညွန့်) မှ တစ်ဆင့် မြဝတီ မောင်ကလေး ( မြဝတီမင်းကြီး ဦးစ၏ သား ) နှင့် ဆက်သွယ်မိရာမှ နန်းသူ့မယာ ပြဇာတ် စာအုပ်ကို ရေးသား ဖြစ်ခဲ့သည်။ ယင်းစာအုပ်ကို မန္တလေးမြို့ မလွန်ဈေးဟောင်း အနီးရှိ မြဝတီပုံနှိပ်တိုက်မှ ရိုက်နှိပ် ထုတ်ဝေခဲ့သည်။ ထို့ပြင် နန္ဒာစေတီယ ကထာစာတမ်း ၊ ဇိဏ္ဏကာဝါသ ပဋိသင်္ခရဏ စာတမ်း၊ ရွှေကူကြီးဘုန်း ကျောက်စာဂါထာ ( ၁၀ဝ ) နိဿယ၊ အလင်္ကာရတ္ထဝိဘာဝန်ကျမ်း စသည်များကိုလည်း ပုဂံကျောက်စာရုံးတွင် အမှုထမ်းနေစဉ်ပင် ရေးသားခဲ့သည်။

ဦးဖေ ရေးသား စီရင်ခဲ့သော ကျမ်းပေါင်းများစွာတို့တွင်၊ စေတီယင်္ဂဏဌာနကို ဆုံးဖြတ်ရာ ဥဒ္ဒေသ ၁၇ ဂါထာ မြန်မာ ဘာသာ နိဒ္ဒေသဖြင့် တန်ဆာဆင်အပ်သော စေတီယင်္ဂဏ ဝိနိစ္ဆယျမ်း၊ ထိုကျမ်း၏ ဥဒ္ဒေသ ၁၇ ဂါထာကို ဖွင့်ဆိုသော စေတီယင်္ဂဏတ္ထ ဝိဘာဝနီ ဋီကာပါဌ်၊ အင်္ဂလိပ် အစိုးရ လက်ထက် ဝိသုံဂါမ မြေပေးသည့် အရာမှာ ယုံမှား ဝိမတိ မရှိစေရန် ရေးသား ဆုံးဖြတ် အပ်သော ဝိသုံ ဝါမ ဝိနိစ္ဆယကျမ်း၊ စဥ့်ကူး မင်းသား၏ ရွှေနားတော်သွင်း ဖြစ်သော ကဗျာကို အကျယ်ဖွင့်ဆိုရာ ဖြစ်သော ကဗျတ္ထစန္ဒိကာကျမ်း၊ ရှေးရှေးသောအခါက ထင်ရှားသော ကျောက်စာ၊ မော်ကွန်း၊ ရာဇဝင် တို့ဖြင့် ညှိုနှိုင်း၍ သက္ကရာဇ် နန်းစံ အတ္ထုပ္ပတ္တိ များကို အစိုးရအမိန့်နှင့် ဆုံးဖြတ်ရေးသားအပ်သော 'ရာဇဝံသဇာလိနီ' မည်သော ပုဂံ ရာဇဝင် ကျမ်းသစ်၊ ပုဂံမြို့ အလောင်းစည်သူမင်း ကုသိုလ်တော် ရွှေကူကြီး ဘုရား ကျောက်စာ ဂါထာ (၁ဝဝ) နိဿယ၊ သုဗောဓာ လင်္ကာရ ကျမ်း၏ အနက် အဓိပ္ပာယ်များကို ပြဆိုရာ အလင်္ကာရတ္ထ ဝိဘာနီကျမ်း၊ စတုဓမ္မသာရ လင်္ကာပိုဒ်ဦး "ဇာတိပုည" ပိုဒ်ကို ဖြေဆိုရာ ဖြစ်သော ကျဗဝဏ္ဏနာ၊ ပါရမီ - လင်္ကာ ပညာပါရမီခန်း "မတတ်၊ လိမ္မာ" ချီပိုဒ်ကို ဖြေဆိုရာဖြစ်သော 'မတတ်, လိမ္မာ' ဖြေ စာတမ်း၊ ပုဂံမြို့ နန္ဒာဘုရား အတ္ထုပ္ပတ္တိကို ပြဆိုရာ ဖြစ်သော နန္ဒစေတီယ ကာထာ၊ ပုဂံမြို့ ရှေးဘုရား ဟောင်းကြီး များကို ပြင်ဆင် သင့်ကြောင်း အစိုးရ အမိန့်နှင့် ရေးအပ်သော ဇိဏ္ဏကာ ဝါသပဋိသင်္ခရဏာ - စာတမ်း၊ ဝေလမင်းသား၏ ဆုတော်ငွေ ၁ဝဝဝိ ကို ချီးမြှင့်ခြင်း ခံရသော 'ဝရုဏပျို့' အစ ရှိသည် တို့လည်း ပါဝင်သည်။

ဦးဖေသည် ကျမ်းပေါင်းများစွာ အပြင်၊ တိုးတက်ရေးမဂ္ဂဇင်း၊ မြန်မာ့အလင်း မဂ္ဂဇင်းနှင့် တာရာမဂ္ဂဇင်း တို့တွင် အခါအားလျော်စွာ ခေါင်းကြီးပိုင်းများကို ကူညီရေးပေးခဲ့သည်။ ထို့ပြင် သားဖြစ်သူ ဦးတော်ရေးသော ဆယ့်နှစ်ရာသီ ဘွဲ့လူးတား အဖြေ၊ ဝန်ကတော် ခင်ခင်ညွှန့် ဝတ္ထုနှင့် အခြား စာအုပ်များကိုလည်း တည်းဖြတ်ပေးခဲ့သည်။ ၁။

ဘဝနိဂုံး[ပြင်ဆင်ရန်]

ဦးဖေသည် ဘဝတစ်သက်တာတွင် စာပေနှင့် ပတ်သက်၍ လည်းကောင်း၊ တရားဓမ္မနှင့် ပတ်သက်၍ လည်းကောင်း၊ တစ်ခုမဟုတ်တစ်ခု ပွားများ အားထုတ်နေရမှ နေတတ်သူ ဖြစ်သည်။ ထို့ကြောင့် အသက် ( ၆၈ နှစ် ) ခန့်တွင် မန္တလေး ကောလိပ်ကျောင်းဆရာ အဖြစ်မှ အငြိမ်းစား ယူပြီးနောက် ဂျပန်စစ်ပြေး ပြေးရင်း စစ်ကိုင်းတောင်သို့ သွားရောက် တရားအားထုတ် နေလေတော့သည်။ ထိုသို့ တရားအားထုတ်နေစဉ် အသက် ၈၂ နှစ်ခန့် အရွယ်တွင် သက္ကရာဇ် ၁၃၀၅ ခု၊ ဝါခေါင်လကွယ်နေ့ ( ခရစ် ၁၉၄၃ ခု၊ ဩဂုတ်လ ၁၅ရက် ) တနဂင်နွေနေ့ တွင် စစ်ကိုင်းတောင်ရိုး 'ခေမာသင်္သက' ချောင်၌ ဘဝ တစ်ပါးသို့ ပြောင်းသွား ရှာသတည်း။[၁]

ကျမ်းကိုးစာရင်း[ပြင်ဆင်ရန်]

  1. ဗိုလ်မှူး ဘသောင်း (၁၊ ဩဂုတ်၊ ၂ဝဝ၂). in ဦးခင်အေး (မောင်ခင်မင်၊ ဓနုဖြူ) ပါမောက္ခ၊ မြန်မာစာဌာန၊ ရန်ကုန် တက္ကသိုလ်: စာဆိုတော်များ အတ္ထုပ္ပတ္တိ, ပဉ္စမအကြိမ်, ရာပြည့် စာအုပ်တိုက်, ၃၀၃ -၃၀၅။ 
  2. ဒဂုန်ရွှေများ. မြန်မာနိုင်ငံစာပေဆုများ 
  3. သီရိစတုရင်္ဂဗလ ဘွဲ့ခံ ဦးဖေ (၁၃၁၄ ခု). ရာဇဝံသဇာလိနီကျမ်း ခေါ် ပုဂံ ရာဇဝင်သစ်ကျမ်း. မန္တလေး: မြန်မာ့တာရာ ပုံနှိပ်တိုက်။ 
  4. မောင်မောင်သွင် (၁၉၇၀ ၊ ဇူလိုင်). "သီရိစတုရင်္ဂဗလ ဦးဖေ". ငွေတာရီ မဂ္ဂဇင်း ၁၂၁. 
  5. ဦးဖိုးစိန်. ဆောင်းပါးပေါင်းချုပ် ပထမအုပ် 
  6. ဦးဖေ၏ သမီးကြီး ဒေါ်မမကြီး ထံမှ မေးမြန်း ရရှိသည့် ဦးဖေ၏ အတ္ထုပ္ပတ္တိ
  7. ဖိုးဝဇီရ၊ မျက်နှာ ၂ဝ၄
  8. ဝရုဏပျို့နိဒါန်းနှင့် နိဂုံး