ပဲခူးမြို့မဆရာတော် ရှင်ဣန္ဒာစာရ
၁၉၈၀ ပြည့်နှစ် ပထမအကြိမ် ဂိုဏ်းပေါင်းစုံ (သုဓမ္မာ ရွှေကျင် မဟာဒွါရ မူလဒွါရ အနောက်ချောင်ဒွါရ ဝေဠုဝန် စတုဘုမ္မိက (ငှက်တွင်း) ကူးတို့ မဟာရင် ဂိုဏ်း ၉ ဂိုဏ်း) သံဃအစည်းအဝေးကြီးက နိုင်ငံတော် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဂိုဏ်းပေါင်းစုံ သံဃအဖွဲ့အစည်းကြီး၏ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြှောက်ခံရ၏။ ရာသက်ပန် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌအလား ပျံလွန်တော်မူသည့်တိုင် နှစ်ပေါင်း ၁၃-နှစ်တိုင်တိုင် သာသနာတော် သန့်ရှင်းစင်ကြယ် ပြန့်ပွားရေးအတွက် ဦးဆောင်ခဲ့သည်။ ငယ်ရွယ်စဉ် ပရိယတ္တိစာပေ သင်ယူစဉ်က ချောင်းဦး ဓမ္မာရုံ၊ မန္တလေး မစိုးရိမ်၊ ဘုရားကြီး၊ ရွှေရေးဆောင်၊ ပခုက္ကူ၊ မဟာဝိသုတာရာမ၊ ဆည်တွင်းချောင်၊ ကျွန်းကုန်းတောရ၊ တောင်မြို့ မင်္ဂလာရာမ၊ တူးမောင်း၊ မြင်းခြံ ဖက်ပင်အိုင်တို့တွင် ဆရာစုံ နည်းစုံ တပည့်ခံ၍ လောကီ လောကုတ္တရာ စွယ်စုံ လေ့လာဆည်းပူးခဲ့သည်။ ပရိယတ္တိစာပေ ပြန်လည်ပို့ချစဉ် စာသင် သံဃာ ၂၀ ခန့်မှ ၂၀၀ ကျော်ရှိ ပဲခူးမြို့မ စာသင်တိုက်ကြီးကို ဦးဆောင် တည်ထောင်၍ ပဲခူးမြို့မဆရာတော် ဟု ထင်ရှားခဲ့သည်။ မစိုးရိမ်ဆရာတော် ရှင်သူရိယ၏ လမ်းညွှန်မှုဖြင့် ပဲခူးနယ်တွင် နိကာယ်စာမေးပွဲများ ဦးဆောင် ဦးဆောင်ကျင်းပ၍ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဌ ဆရာတော်အဖြစ် ထင်ရှားပါသည်။
ဣန္ဒာစာရ၊ ရှင်၊ ပဲခူးမြို့မဆရာတော်
[ပြင်ဆင်ရန်]၁၈၉၇ ခုနှစ် ဇူလိုင်လ ၁၁-ရက် တနင်္ဂနွေနေ့၌ ပဲခူးမြို့နယ် ဝမ်းဘဲအင်းရွာ၌ ဖွားသည်။ အဖ ဦးရွှေအေး၊ အမိ ဒေါ်လှညိမ်း ဖြစ်သည်။ မွေးချင်း ၇-ယောက်တွင် အကြီးဆုံးဖြစ်ပြီး အမည် အောင်သိန်းလေး ဖြစ်သည်။
အသက် ၅-နှစ်တွင် ဝမ်းဘဲအင်းရွာ ဆရာဦးစံအေး၏ မြန်မာစာ သင်ကျောင်း၌ စတင်ပညာသင်သည်။ ၁၀ နှစ်သားတွင် လေးတန်းအောင်သည်။ ဝမ်းဘဲအင်းရွာ အနောက်ကျောင်းကြီး ဆရာတော်ရှင်သုဒဿနထံ ပြောင်းရွှေ့ ပညာဆည်းပူးသည်။ ၁၁-နှစ်တွင် သာမဏေဖြစ်သည်။ ဘွဲ့မည် ရှင်ဣန္ဒ၊ ဥပဇ္ဈာယ်ဆရာ ရှင်သုဒဿန၊ ရှင်ဒါယကာမှာ မိဘနှစ်ပါး ဖြစ်သည်။ သာမဏေ ၈ ဝါရသည့်တိုင် ရှင်သုဒဿနထံတွင် သဒ္ဒါ၊ သင်္ဂြိုဟ်၊ ဝိနည်းတို့ကို သင်ယူသည်။
အသက် ၂၀ ပြည့်ချိန် ၁၉၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၄-ရက် စနေနေ့တွင် ဝမ်းဘဲအင်း အနောက်ကျောင်းသိမ်၌ ရှင်သုဒဿနကို ဥပဇ္ဈာယ်ပြု၍ ရဟန်းဖြစ်သည်။ မိဘများက ရဟန်းဒါယကာခံသည်။ ရဟန်းဘွဲ့ ရှင်ဣန္ဒာစာရ ဖြစ်သည်။ ရဟန်း ၁ ဝါရတွင် ၈-ကြိမ်မြောက် ပဲခူး သုဓမ္မာနိကာယ ကြေးနီကန်ဝိနည်းစာပြန်ပွဲ အောင်မြင်ခဲ့သည်။ ဥဘတောဝိဘင်း၊ ဥဒ္ဒေသပါဌ်၊ ခုဒ္ဒကသိက္ခာ၊ မူလသိက္ခာတို့ကို အာဂုံ ပြန်ဆိုခဲ့သည်။ ရဟန်း ၂ ဝါရတွင် ချောင်းဦး ဓမ္မာရုံဆရာတော် ရှင်ဒီပမာလာ (၁၈၇၄—၁၉၃၄)ထံ ပိဋကတ်စာပေများ သင်ယူသည်။ ရှင်ဒီပမာလာမှာ ရှင်သုဒဿန၏ ညီတော်ဖြစ်၍ ပရိယတ္တိအရာ ထင်ရှားသည်။ မုံရွာ သုဓမ္မာဂိုဏ်းချုပ်၊ ပရမတ္ထဝိဘာဝနီကျမ်းပြု ဖြစ်၏။ ပရမတ္ထဝိဘာဝနီ ကျမ်းမှာ လယ်တီဆရာတော် ရှင်ဉာဏ (၁၈၄၆-၁၉၂၃)၏ ပရမတ္ထဒီပနီ ဋီကာခေါ် ဋီကာမော်ကို ချေပသောကျမ်း ဖြစ်သည်။ ချောင်းဦးဆရာတော်ထံ၌ ၃-နှစ် ပရိယတ္တိစာပေသင်ယူစဉ် အစိုးရပထမပြန် ငယ်၊ လတ်၊ ကြီး စာမေးပွဲများ ဖြေဆိုအောင်မြင်သည်။
ရဟန်း ၅ ဝါရတွင် မန္တလေး မစိုးရိမ်တိုက် ရှင်သောမာဘိဝံသ (၁၈၇၇–၁၉၃၉)၊ ရှင်သူရိယ (၁၈၇၉–၁၉၇၅)၊ ရှင်ဉာဏ (၁၈၈၃-၁၉၃၇) တို့ထံ ပါဠိတော် အဋ္ဌကထာ, ဋီကာများကို နေ့ဝါ ညဝါဖြင့် သင်ယူ ခဲ့သည်။ မစိုးရိမ် ဝိနည်းစာမေးပွဲကိုလည်း တတိယအဆင့်အထိ ဖြေဆို အောင်မြင်ခဲ့သည်။ မန္တလေးတွင်နေစဉ် တောင်ပြင် ဒက္ခိဏာရာမ ဘုရားကြီးတိုက် စာချအကျော် သာသနာ့ဇောတိကာရုံဆရာတော် အရှင်နာရဒ (၁၈၈၈—၁၉၆၅) နှင့် ရွှေရေးဆောင်ဆရာတော် ဦးကြည် ခေါ် ရှင်အာဒိစ္စရံသီ (၁၈၅၇–၁၉၃၅) တို့ထံ မန္တလေးစာသင်နည်း နည်းခံ ခဲ့သည်။ ၇ ဝါမြောက်တွင် ပိဋကတ်သုံးသွယ် နိကာယ်ငါးရပ် ကျမ်းအိပ်များ ပို့ချရာ ပခုက္ကူ မဟာဝိသုတာရာမတိုက် အရှင်ပညာ (၁၈၇၈-၁၉၄၆)၊ ရှင်နန္ဒဝံသ (၁၈၈၂–၁၉၅၇)၊ ရှင်သုန္ဒရ (၁၈၇၉–၁၉၇၂) တို့ထံ နည်းခံ သင်ယူပါသည်။ မဟာဝိသုတာရာမတိုက်တွင် ပခုက္ကူနည်းဖြင့် ကျမ်းပေါက် ၃-နှစ်ခန့် သင်ယူနေစဉ် ပလိပ်ရောဂါကြောင့် မြင်းခြံခရိုင် တောင်သာ မြို့နယ် ဆယ်တွင်းချောင်တောရ ကျွန်းရွာဆရာတော် ရှင်အဂ္ဂဝံသ (၁၈၈၀-၁၉၄၉)ထံ ပြောင်းရွှေ့နည်းခံသည်။ ရှင်အဂ္ဂဝံသမှာ ဝိနိစ္ဆယ ဖြတ်ထုံး၊ ဂန္ထန္တရကျမ်းဂန် အရပ်ရပ်တွင် “တစ်မိုးအောက် တစ်အဂ်”ဟု ဆိုရိုးပြုခံရ၏။
တောင်သာတွင် ပရိယတ္တိစာပေ ဆည်းပူးနေစဉ် ထင်ရှားလှသော တောင်သာဗိန္ဓောဆေးပညာကို တောင်သာဆရာမှုန်၊ ဆရာမှဲ့တို့၏ သားတပည့် ဆရာကြီး ဦးတဲနှင့် မုန်းပင်ဘုန်းကြီး ဦးကျွဲထံ နည်းခံ သင်ယူခဲ့သည်။ ထို့နောက် ဗေဒပါရဂူ၊ ဝါကျပါရဂူ ဖက်ပင်အိုင်ဆရာတော် ရှင်ဒီပ (၁၈၅၆–၁၉၃၈)ထံ နည်းခံရန် အခါအခွင့်စောင့်နေစဉ်ရမည်းသင်း ပျော်ကုန်းရွာ၌ ဝါဆိုသည်။ ထိုစဉ် ကိုရင် ရှင်စန္ဒောဘာသ (နောင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် ရွှေတောင်ဆရာတော်)၊ ရှင်ဒီပတို့ တောင်းပန်၍ ‘ဝိဂြိုဟ်အလင်းပြကျမ်း’ ပြုစု၏။ ပျော်ကုန်းမှ တစ်ဆင့် တောင်မြို့ခေါ် အမရပူရ မင်္ဂလာတိုက်သစ် ညဝါအကျော် ရှင်ဓမ္မသာမိထံ ပဋ္ဌာန်းညဝါ၊ တူးမောင်းတိုက် ရှင်နန္ဒိယထံ ဗန်းမော်ဆန်း ကျမ်းမှုကျယ် သင်ယူခဲ့သည်။ အမရပူရတွင် စာပေ သင်ယူပို့ချနေစဉ် ဖက်ပင်အိုင်၌ သင်ယူရန် အခွင့်ရ၍ ၁၁ ဝါရ၌ မြင်းခြံနယ် ဖက်ပင်အိုင်အနီး ကျောင်းတိုင်ရေတွင်း ကျောင်းကို ပြောင်းရွှေ့ခဲ့သည်။ ဖက်ပင်အိုင်ဆရာတော်ထံမှ အဘိဓမ္မတ္ထ ဝိဘာဝနီခေါ် ဋီကာကျော်နှင့် မူလဋီကာ ထပ်မံသင်ယူသည်။ ဖက်ပင်အိုင် ဆရာတော်၏တပည့် ပင်လယ်ရွာဘုန်းကြီး အရှင်သောဘိတထံမှ ဝါထပ် ရက်ငင်ဆိုင်ရာ လက်ရိုးကျမ်း၊ သရေဒွေးကျမ်းနှင့် ဗေဒင်နက္ခတ်ကျမ်းများ လေ့လာသင်ယူသည်။ ဖက်ပင်အိုင်နိယံအဖြေခေါ် ဝါကျတ္ထပါဒက ဝါကျ အခြေပြုကျမ်းကိုလည်း ရေးမှတ်ခဲ့သည်။ ၁၉၃၁ ခုနှစ်တွင် ပဲခူးငလျင်နှင့် ဆရာစံဦးဆောင်သော တောင်သူလယ်သမားပုန်ကန်မှုကြောင့် နယ်မြေ မငြိမ်မသက်ဖြစ်နေသဖြင့် မိဘနှစ်ပါးနှင့် ဥပဇ္ဈာယ်ဆရာက ပြန်လည် ခေါ်ယူခဲ့၏။
၁၉၃၁ ခုနှစ်တွင် ဇာတိ ဝမ်းဘဲအင်းအနောက်ကျောင်း ဥပဇ္ဈာယ် ဆရာထံ ပြန်သီတင်းသုံးသည်။ ကျောင်းသား၊ သာမဏေများကို စာပေ ပို့ချ၍ ဥပဇ္ဈာယ်ဆရာကို ပြန်လည်စောင့်ရှောက်သည်။ စာသင်သံဃာ ၃၀ ခန့် တိုးပွားလာရာ ကျေးရွာအခြေအနေနှင့် ဆွမ်းကွမ်းထောက်ပံ့ရန် အခက်အခဲဖြစ်လာသည်။ ၁၉၃၃ ခုနှစ်တွင် ဘုန်းတော်ကြီး ဦးဩဘာ ဆက်သွယ်ပေးသဖြင့် ပဲခူးမြို့ စိန်ထွန်းရပ် ဥတ္တရာဇေယျုံကျောင်းကို ပြောင်းရွှေ့ စာချသည်။ ထိုမှတစ်ဖန် ပဲခူးမြို့ ညောင်ဝိုင်းကျောင်းကို ပြောင်းရွှေ့သည်။ ညောင်ဝိုင်းကျောင်းမှာ မူလက ရဟန္တာဟု ထင်ရှားသော တောရဘုန်းကြီး ဦးသီလ (၁၈၃၂–၁၉၀၇) သီတင်းသုံးသည့်နေရာ ဖြစ်သည်။ လက်ရှိ ညောင်ဝိုင်းဘုန်းကြီး ရှင်သုမန၏ ခွင့်ပြုချက်ဖြင့် ၁၉၃၄ ခုနှစ်တွင် သုမနာဝံသ ဝိဇ္ဇာလယ မြို့မစာသင်တိုက် ဖြစ်လာသည်။ ရှင်ဣန္ဒာစာရသည် ဦးလေးတော် ရှင်ဝိစိတြနှင့်အတူ မြို့မစာသင် တိုက်ကို သက်ငယ်မိုး၊ ဝါးကပ်အဆောက်အအုံ စာသင်သံဃာ ၂၀ မျှဖြင့် စတင်ခဲ့သည်။ စာသင်တိုက်မှာ တဖြည်းဖြည်း စာသင်သံဃာ ၅၀ ခန့်အထိ တိုးပွားလာသည်။ ၁၉၃၇ ခုနှစ်တွင် တောင်ခွင်သာသနာပိုင် ရှင်ဝိသုဒ္ဓါ သီလာစာရ၏ ‘ရာမညရဋ္ဌ ဝိနယဓရ သာသနာပြုဆရာတော်” ဘွဲ့တံဆိပ် ချီးမြှင့်ခံရသည်။
ဂျပန်ခေတ် (၁၉၄၂-၄၅)တွင် ရှင်ဣန္ဒာစာရသည် တပည့် စာသင် သားအချို့နှင့်အတူ ဝမ်းဘဲအင်းရွာပြောင်း၍ ခေတ္တယာယီကျောင်းတည်ပြီး စာကြည့် ကျမ်းပြုခဲ့သည်။ ပဲခူးမြို့ပေါ်ရှိ မြို့မစာသင်တိုက်ကိုလည်း အခြေ အနေအရ စောင့်ရှောက် ထိန်းသိမ်းခဲ့သည်။ ဂျပန်ခေတ်တွင် ဝိနည်းစာမေးပွဲများကျင်းပရာ စာစစ်ဆရာတော်အဖြစ် တာဝန်ပေးအပ်ခံရသည်။ ၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလ ၁၉-ရက် တနင်္လာနေ့တွင် ညောင်ဝိုင်းတိုက် ဂရန်ပိုင် ဘုန်းကြီး ရှင်သုမက စာချဆရာတော် ရှင်ဣန္ဒာစာရအား မြို့မ စာသင်တိုက် တိုက်ပိုင်အဖြစ် အပြီးအပြတ် လွှဲအပ်ပေးခဲ့သည်။ စစ်ပြီး မြို့မစာသင်တိုက်ကို ပြန်လည်ပျိုးထောင်နေစဉ် ၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၅-ရက်တွင် ပဲခူးမြို့နယ် သုဓမ္မာ ဂိုဏ်းလုံးဆိုင်ရာ သံဃအစည်းအဝေး ကျင်းပခဲ့သည်။ ထိုအစည်းအဝေးတွင် ရှင်ဣန္ဒာစာရသည် အခမ်းအနားမှူး အဖြစ် ဆောင်ရွက်ခဲ့၍ အစည်းအဝေးက အမှုဆောင်အဖွဲ့ဝင်အဖြစ် ရွေးချယ် တာဝန်ပေးအပ်ခံရသည်။ ၁၉၅၂ ခုနှစ်တွင် ပဲခူးမြို့နယ် ဝိနိစ္ဆယ ဌာန ဝိနည်းဓိုရ်၊ ပဲခူးခရိုင် ဝိနည်းဓိုရ်အဖြစ် ထပ်မံ တာဝန်ပေးအပ် ခံရသည်။ ၁၉၅၂-၅၃ ခုနှစ်တွင် ပဲခူးမြို့ ရွှေမော်ဓောစေတီ ပြန်လည် တည်ဆောက်ရေးအဖွဲ့ ဩဝါဒါစရိယအဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့သည်။
၁၉၅၄ ခုနှစ် ဆဋ္ဌသင်္ဂါယနာသဘင်၌ ပါဠိဝိသောဓကအဖွဲ့ဝင်၊ ပဲခူးမြို့နယ် သုဓမ္မာနိကာယ ပါဠိဝိသောဓကအဖွဲ့ အကျိုးဆောင်အဖြစ် ရွေးချယ်ခံရသည်။ ဝိသောဓကအဖွဲ့နှင့်အတူ ဘူရိဒတ္ထ၊ စန္ဒကုမာရ၊ မဟာ နာရဒ၊ ဝိဓူရ၊ ဝေဿန္တရာဇာတ် အဋ္ဌကထာ ပါဠိနိဿယ၊ ဇာတ်ပါဠိတော်၊ ပါဌဇာတ်ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာတို့ကို သုတ်သင်တည်းဖြတ်ပေး ခဲ့သည်။ ဆဋ္ဌသင်္ဂါယနာ အလှည့်ကျ သိင်္ဂီတိကာရ ဘဏကဆရာတော် အဖြစ် ၁၉၅၆ ခုနှစ် ဧပြီလ ၂၀ ရက်မှ မေလ ၂၇-ရက်အထိ ကျင်းပသော ပဉ္စမ သန္နိပါတတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။
၁၉၆၅ ခုနှစ် မတ်လ ၁၇-ရက်မှ ၁၉-ရက်အထိ မှော်ဘီမြို့တွင် ကျင်းပသော ဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးကြီး၌ သုဓမ္မာနိကာယမှ ပဲခူးခရိုင်ကိုယ်စားလှယ်အဖြစ် တက်ရောက်ဆွေးနွေးခဲ့သည်။
၁၉၇၅ ခုနှစ်တွင် မစိုးရိမ်ဆရာတော် ရှင်သူရိယာဘိဝံသ၏ လမ်းညွှန်မှု၊ တိုက်တွန်းမှုအရ ပဲခူးနယ်တွင် နိကာယ်စာမေးပွဲများ ကျင်းပရန် တာဝန်ယူ၍ ၁၉၇၆ ခုနှစ်မှစတင်၍ ပဲခူးမြို့မစာသင်တိုက်၌ စာမေးပွဲများ ကျင်းပပေးခဲ့သည်။ နိကာယ်သာသနာပြန့်ပွားရေးအဖွဲ့ ပဓာန နာယကအဖြစ် တာဝန်ယူခဲ့သည်။
၁၉၈၀ ပြည့်နှစ် မေလ ၂၄-ရက်မှ ၂၇-ရက်အထိ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူတော်၌ ကျင်းပသော ဂိုဏ်း ပေါင်းစုံ သံဃအဖွဲ့အစည်းကြီး၏ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဗဟိုသံဃဝန်ဆောင် အဖွဲ့ ဥက္ကဋ္ဌ၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌအဖြစ် ရွေးချယ် တင်မြှောက်ခံရသည်။ ထိုအချိန်မှစ၍ ပျံလွန်သည့်တိုင် သံဃအဖွဲ့အစည်း များ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌအဖြစ် ၁၉၈၉ ခုနှစ်တွင် လေးနိုင်ငံဘုရားဖူး (ထိုင်း၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ)၊ ၁၉၉၀ ပြည့်နှစ်တွင် ငါးနိုင်ငံ ပရိယတ္တိပညာသင်ကြားမှု လေ့လာရေး (နီပေါ၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ဂျပန်၊ ထိုင်း) ခရီးများ ကြွရောက်ခဲ့သည်။
နိုင်ငံတော်က အဂ္ဂမဟာပဏ္ဍိတဘွဲ့ (၁၉၈၀)၊ အဘိဓဇ မဟာရဋ္ဌဂုရုဘွဲ့ (၁၉၈၃)၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမဇောတိကဘွဲ့ (၁၉၉၁)တို့ ဆက်ကပ်ခံရသည်။
ပြုစုခဲ့သော စာပေကျမ်းများမှာ ပိဋကတ်ကြေးမုံ၊ ပကိဏ္ဏကဝိနိစ္ဆယ၊ ဖက်ပင်အိုင်နိယံအဖြေခေါ် ဝါကျအခြေပြုကျမ်း၊ ဋီကာကျော်ဂဏ္ဌိသစ်၊ ဝိသုဂါမဝိနိစ္ဆယစာတမ်း၊ ဝါစနက္ကမဒီပနီ၊ ပဋ္ဌာန်းညဝါကြေးမုံကျမ်း၊ ဝါကျ နယူပဒေသ၊ မာတိကာ ညဝါကြေးမုံ နိဒါန်းအဖွင့်နှင့် ဓာတုကထာ နယ လက္ခဏာ စသော ၃၆ ကျမ်း ရှိသည်။ အများစုမှာ လက်ရေးမူအဖြစ်သာ ကျန်ရစ်သည်။ ပုံနှိပ်မူသို့ မရောက်သေးချေ။
သက်တော် ၉၇ သိက္ခာ ၇၇ ဝါအရ ၁၉၉၃ ခုနှစ် ဧပြီလ ၂၈-ရက် ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့ တပ်မတော်ဆေးရုံကြီး၌ ဘဝနတ်ထံ ပျံလွန် ခဲ့ပါသည်။ [၁]