ပီဇာ

ဝီကီပီးဒီးယား မှ
ပီဇာ
နေပယ်ထွက် ပီဇာ လက်ဟောင်းဖြစ်သည့် ပီဇာ မာဂရီတာ
အမျိုးအစားပေါင်မုန့်ပြား
အဓိကသုံးဆောင်မှုနေ့လယ်စာ (သို့) ညစာ
မူရင်းနိုင်ငံအီတလီ
ဒေသကန်ပေနီးယား (နေပယ်)
ဖန်တီးသူရာဖယ်လီ အက်စပိုဆီတို
သုံးဆောင် အပူချိန်ပူ (သို့) နွေး
အဓိက ပါဝင်ပစ္စည်းဂျုံနှစ်, အချဉ်ရည် (များသောအားဖြင့် ခရမ်းချဉ်သီး), ဒိန်ခဲ
Cookbook: ပီဇာ  Media: ပီဇာ

ပီဇာ ဆိုသည်မှာ အီတလီအစားအစာ တစ်မျိုးဖြစ်သည်။ ပီဇာရရှိရန် ဝိုင်းအောင်လုပ်ထားသည့် ဂျုံနှစ်ပွကို ခရမ်းချဉ်နှစ်၊ ဒိန်ခဲ နှင့် အခြားအဆာပလာများ (ငါးပါးနီ၊ သံလွင်သီး၊ အသား စသည်တို့) ထည့်ကာ မီးပြင်းတွင်ဖုတ်၍ ပြုလုပ်ကြသည်။ ရိုးရာနည်းအတိုင်းပြုလုပ်လိုပါက ထင်းမီးသုံးထားသည့် မုန့်ဖုတ်ဖိုကို အသုံးပြုကြရမည် ဖြစ်သည်။ စားသောက်ဆိုင်ကဲ့သို့ အကျအနပြင်ဆင်သည့်နေရာများတွင် ဇွန်းခက်ရင်းဖြင့် စားကြသော်လည်း အသုံးများသည့်စားနည်းမှာ အစိတ်ငယ်ပိုင်းကာ လက်ဖြင့်စားခြင်း ဖြစ်သည်။ ပီဇာစိတ်များကို ပီဇက်တက် (pizzettas) ဟု အခေါ်ရှိသည်။

ပီဇာဟူသော စကားလုံးကို ကန်ပေနီးယား (Campania) နယ်စပ်၊ အီတလီတောင်ပိုင်းမြို့တစ်ခုမှရသည့် (၁၀) ရာစု လက်ရေးမူ တစ်ခုတွင် စတွေ့ရကြောင်း မှတ်တမ်းရှိသည်။ ခေတ်သစ်ပီဇာမှာ နေပယ်မြို့တွင် ပေါ်ပေါက်လာခြင်းဖြစ်ပြီး အခြားနိုင်ငံအသီးသီးသို့ ပျံ့နှံ့သွားတော့သည်။ လူကြိုက်အများဆုံးအစားအစာများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး ဥရောပနှင့် မြောက်အမေရိကားရှိ အသင့်စားအမယ်တစ်ခုအဖြစ် အသုံးတော်ခံနေသည်။ ပီဇာဆိုင် (pizzeria) သို့မဟုတ် မြေထဲပင်လယ်ထွက် အစားအစာများရောင်းသည့် စားသောက်ဆိုင်တို့တွင် အိမ်အရောက်ပို့စနစ်ကို ဝန်ဆောင်မှုပေးလေ့ရှိသည်။ ဖုတ်ပြီးသားပီဇာကို ခဲထားပြီး အိမ်သို့ရောက်မှ အပူပေး၍ အသင့်စားနိုင်ရန် စီမံပေးထားသည်။

အကျိုးအမြတ်မယူသည့် အဖွဲ့တစ်ခုဖြစ်သော နေပယ်ထွက် ပီဇာအသင်း (Associazione Verace Pizza Napoletana) ကို ၁၉၈၄ ခုနှစ်တွင် ထူထောင်ပြီး နေပယ်မြို့၌ ရုံးချုပ်ဖွင့်ထားသည်။ အသင်း၏ ရည်ရွယ်ချက်မှာ စစ်မှန်သော ပီဇာကို ကာကွယ်ရန် နှင့် သတင်းဖြန့်ရန် ဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင် အီတလီနိုင်ငံ၏ တောင်းဆိုချက်အရ ပီဇာကို ရသာမှန် ရိုးရာအစာ အဖြစ် မှတ်ပုံတင်ထားသည်။