ပါရီ ဒေးကား တက္ကသိုလ်

ဝီကီပီးဒီးယား မှ
Paris Descartes University
Université Paris 5 René Descartes
အမျိုးအစားအများဆိုင်
တည်ထောင်၁၉၇၁
မိခင်တက္ကသိုလ်
Sorbonne Paris Cité
ဘက်ဂျက်ယူရို သန်း ၃၄၀ (US $၄၇၆ သန်း)
အဓိပတိPatrick Gérard
Chancellor of the Universities of Paris
ဥက္ကဋ္ဌFrédéric Dardel
သင်တန်းသား၃၃,၅၀၀
ဘွဲ့ကြိုဦးရေ၁၅,၀၀၀
ဘွဲ့လွန်ဦးရေ၁၈,၅၀၀
တည်နေရာပါရီမြို့, ပြင်သစ်နိုင်ငံ
48°51′05″N 2°20′26″E / 48.851389°N 2.340556°E / 48.851389; 2.340556
အထိမ်းအမှတ် အရောင်ပန်းခရမ်းနှင့် အဖြူ   
နှီးနွယ်အဖွဲ့အစည်းများSorbonne Paris Cité University group
ဝဘ်ဆိုဒ်http://www.univ-paris5.fr/
ပါရီ ဒေးကား တက္ကသိုလ် သည် ပါရီမြို့ တွင် တည်ရှိသည်
ပါရီ ဒေးကား တက္ကသိုလ်
France Paris

ပါရီ ဒေးကား တက္ကသိုလ် (အင်္ဂလိပ်: Paris Descartes University; ပြင်သစ်: Université Paris 5 René Descartes) ကို ပါရီ ၅ (Paris V) ဟုလည်း ခေါ်ကြပြီး ပြင်သစ်နိုင်ငံ ပါရီမြို့တွင် တည်ရှိသည်။

ကမ္ဘာ့ ဒုတိယ သက်တမ်း အရင့်ဆုံးဖြစ်သော ပါရီတက္ကသိုလ်၏ ဆေးပညာ ဌာနကို ဆက်ခံရန် ၁၉၆၈ ပြင်သစ် ယဉ်ကျေးမှု တော်လှန်ရေးအပြီး ၁၉၇၀ ဒီဇင်ဘာတွင် ထူထောင်ခဲ့သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

သမိုင်းဝင် ပါရီတက္ကသိုလ် (အင်္ဂလိပ်: University of Paris; ပြင်သစ်: Université de Paris) သည် ၁၂ ရာစု အလယ်လောက်တွင် ပေါ်ပေါက်လာခဲ့သော်လည်း ၁၉၇၀ ခုနှစ်တွင်မှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ် ဖြစ်လာခဲ့သည်။ ပြင်သစ်ပြည်တွင် တက္ကသိုလ် စနစ်များကို ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ပြီးနောက် ယခင် ပါရီ တက္ကသိုလ်ရှိ ရှေးဟောင်း မဟာဌာနကြီး ၅ ခုကို တက္ကသိုလ် ၁၃ ခုအဖြစ် ဖော်ရေး ဥပဒေအရ ပြန်လည် ဖွဲ့စည်းခဲ့သည်။

ပါရီ တက္ကသိုလ် (၁)၊ ပါရီ တက္ကသိုလ် (၃)၊ ပါရီ တက္ကသိုလ် (၄)၊ ပါရီ ဆော်ဘွန်း၊ ပါရီ ဒေးကား တက္ကသိုလ် ခေါ် ပါရီ တက္ကသိုလ် (၅) ဟူ၍ အမည်များ ကွဲပြားပြီး တည်နေရာလည်း ကွဲပြားသွားခဲ့သည်။ ပြင်သစ် ဒဿနပညာရှင် ရီနေ ဒေးကားကို အစွဲပြု၍ ပါရီ ဒေးကား တက္ကသိုလ်ဟု ခေါ်ဆိုခြင်း ဖြစ်သည်။

ပါရီ ဒေးကား တက္ကသိုလ် ပရိဝုဏ်များ[ပြင်ဆင်ရန်]

ဒေးကား တက္ကသိုလ် ပရိဝုဏ်များသည် ပြင်သစ်တွင် ၁၀ ခု ရှိသည်။ ဗဟိုဌာနမှာ ရှာရာဂျီတွင် တည်ရှိသည်။ သင်ကြားရေးဌာနများနှင့် သုတေသန ဓာတ်ခွဲခန်းများမှာ စိန့် ပီရက်စ် တက္ကသိုလ် စင်တာတွင် ရှိပြီး ဆေးပညာကျောင်း၊ လူမှုသိပ္ပံကျောင်းများလည်း ရှိသည်။

စိတ်ပညာဌာနမှာ ဟင်နရီ ပီရွန် စင်တာတွင် ရှိပြီး ဥပဒေ ပညာကျောင်းမှာ မာလာကော့ဖ်တွင် ဖြစ်သည်။ သွားဘက်ဆိုင်ရာ ဆေးပညာကျောင်းမှာ မွန်ထရိုးတွင် တည်ရှိသည်။

ဘာသာရပ်များ[ပြင်ဆင်ရန်]

ပါရီ ဒေးကား တက္ကသိုလ်သည် နာမည်ကျော် တက္ကသိုလ်တစ်ခုဖြစ်ပြီး ဆေးပညာ သိပ္ပံ၊ ဇီဝဆေးပညာ သိပ္ပံ၊ ဥပဒေ၊ ကွန်ပျူတာ သိပ္ပံ၊ စီးပွားရေး ပညာရပ်နှင့် စိတ်ပညာတို့တွင် ကျော်ကြားသည်။

ဆေးပညာ သိပ္ပံတွင် ဆေးပညာ၊ သွားဘက်ဆိုင်ရာ၊ ဆေးဝါးပညာ၊ စိတ်ပညာတို့ ပါဝင်ပြီး ဇီဝဆေးပညာ သိပ္ပံတွင် ဆယ်လူလာနှင့် မော်လီကျူလာ ဇီဝဗေဒ၊ ဇီဝဓာတုဗေဒ၊ ဓာတုဗေဒ၊ ဇီဝဆေးပညာ ဇီဝကမ္မဗေဒတို့ သင်ကြားသည်။

လူမှုသိပ္ပံဘာသာရပ်တွင် လူမှုဗေဒ၊ မနုဿဗေဒ၊ ဘာသာဗေဒ၊ ဒီမိုဂရပ်ဖီ၊ ပညာရေးသိပ္ပံတို့ ဖြစ်သည်။ ဥပဒေ ဘာသာရပ်တွင် သတင်းနည်းပညာ ဥပဒေ၊ စီးပွားရေး ဥပဒေ၊ အခွန် ဥပဒေ၊ အများပြည်သူဆိုင်ရာ ဥပဒေ၊ ပုဂ္ဂလိကဆိုင်ရာ ဥပဒေတို့ ပါဝင်သည်။

ပါရီ ဒေးကား တက္ကသိုလ်သည် လူမှုသိပ္ပံဘာသာရပ်တွင် ကွင်းဆင်းလေ့လာမှု၊ ပူးပေါင်းပါဝင်မှု၊ စောင့်ကြည့်မှုနှင့် တိုင်းရင်းသားလေ့လာမှုများကို အခြေပြုသော ခေတ်သစ် ချဉ်းကပ်လေ့လာမှုများကို အားပေးသည်။ ဆော်ဘွန်း တက္ကသိုလ်၊ ပန်သီယန် ဆော်ဘွန်း တက္ကသိုလ်၊ အီကိုး နော်မယ် ဆူပရီးရား တို့နှင့် ပူးပေါင်းကာ သင်ကြား သုတေသန ပြုမှုများလည်း ရှိသည်။

တက္ကသိုလ် ဝင်ခွင့်[ပြင်ဆင်ရန်]

ပါရီ ဒေးကား တက္ကသိုလ်တွင် ဘွဲ့ကြိုတန်းများကို ရွေးချယ်သည့်စနစ်ဖြင့် ဝင်ခွင့်ပြုသည်။ ဝင်ခွင့်ရသည့် နှုန်းမှာ လျှောက်ထားသူများ၏ ၁၁ ရာခိုင်နှုန်း ဖြစ်သည်။ မဟာဘွဲ့အတွက် ဝင်ခွင့်သည်လည်း ရွေးချယ်သည့်စနစ်ပင် ဖြစ်သည်။ အချို့ မဟာဘွဲ့တန်းများအတွက် ဝင်ခွင့်သည် လျှောက်ထားသူ ၁ ဒသမ ၇ ရာခိုင်နှုန်းသာ ဝင်ခွင့်ရသည်။ ပရိုဂရမ်တစ်ခုလျှင် ကျောင်းသား ၂၅ ဦးနှုန်း ဖြစ်သည်။

နိုင်ငံတကာ[ပြင်ဆင်ရန်]

ပါရီ ဒေးကား တက္ကသိုလ်သည် ကမ္ဘာ့တိုက်ကြီး ၅ တိုက်မှ နိုင်ငံခြား တက္ကသိုလ် ၁၅၀ နှင့် သဘောတူ စာချုပ်များ ချုပ်ဆိုထားသည်။ ဥပရောမှ အကောင်းဆုံး တက္ကသိုလ်များဖြစ်သော ဝါးဝစ်ခ်၊ ကိုပင်ဟေဂင်၊ ရောမ၊ မက်ဒရစ်၊ ရိုတာဒမ်၊ ဟယ်လ်ဆင်ကီ၊ စတော့ခ်ဟုမ်း၊ ဂန့်တ် စသည့် တက္ကသိုလ်များနှင့် ချိတ်ဆက်ထားသည်။[၁] ထို့အပြင် အမေရိကန်၊ ဘရာဇီးနှင့် တရုတ်နိုင်ငံများမှ တက္ကသိုလ်များနှင့်လည်း လက်တွဲဆောင်ရွက်သည်။

အဆင့်သတ်မှတ်ချက်များ[ပြင်ဆင်ရန်]

၂၀၁၃ ခုနှစ်တွင် တက္ကသိုလ် အဆင့် သတ်မှတ်ချက်အရ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ ဘာသာရပ်တွင် အဆင့် ၅၁-မှ ၁၀ဝ အတွင်းဖြစ်ပြီး ပြင်သစ်တွင် အဆင့် ၁ ဖြစ်သည်။ ဇီဝသိပ္ပံတွင် ကမ္ဘာ့အဆင့် ၁၀၁ မှ ၁၅၀ ဝင်ပြီး ပြင်သစ်တွင် အဆင့် ၁ ဖြစ်သည်။ ဆေးပညာတွင် ကမ္ဘာ့အဆင့် ၁၀ဝ ဖြစ်ပြီး ပြင်သစ်တွင် အဆင့် ၁ ဖြစ်သည်။ စိတ်ပညာတွင် ကမ္ဘာ့အဆင့် ၁၅၁ မှ ၂၀ဝ အထိ ဖြစ်ပြီး ပြင်သစ်တွင် အဆင့် ၁ ဖြစ်သည်။[၂] ဘာသာဗေဒတွင် ကမ္ဘာ့ အဆင့် ၁၅၁ မှ ၂၀ဝ ဖြစ်ပြီး ပြင်သစ်တွင် အဆင့် ၂ ဖြစ်သည်။[၃] ဥပဒေတွင် ကမ္ဘာ့အဆင့် ၁၅၁ မှ ၂၀ဝ ဖြစ်ပြီး ပြင်သစ်တွင် အဆင့် ၂ ဖြစ်သည်။[၄]

ထင်ရှားသူများ[ပြင်ဆင်ရန်]

ပါရီ ဒေးကား တက္ကသိုလ်ထွက်များအနက် ထင်ရှားသူများမှာ ပြင်သစ် ဝန်ကြီးချုပ်ဟောင်း ဖရန်စစ် ဖီလွန်၊ နက္ခတ်ပညာရှင် အဲလီဇဘက် တေစီယာ၊ SoftTech VC ထူထောင်သူ ဂျက်ဖ် ကလဲဗီယာ၊ သမားတော် အိုလီဗာ ဘရန်ဒစ်ကော့တ်၊ ဆေးပညာ တော်ဝင်အသင်း ဒု ဥက္ကဋ္ဌနှင့် ခွဲစိတ်အထူးကု နာဒီ ဟာကမ် တို့ ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]