မင်္ဂလာ ၃၈ ပါး

ဝီကီပီးဒီးယား မှ

သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ[ပြင်ဆင်ရန်]

မြတ်စွာဘုရား နတ်လူတို့၏ အကျိုးစီးပွားအလို့ငှာ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတော်ကို ဟောကြားတော်မူသည်။ နတ်၊ လူ ဟူသမျှတို့၏ ကြီးပွားကြောင်း အမြတ်ဆုံးသော မင်္ဂလာ တရားများပေတည်း။

မင်္ဂလာ ၃၈ ပါး[ပြင်ဆင်ရန်]

မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း တော်၌ သီတင်းသုံးနေတော်မူစဉ် လူနတ်တို့၏ အကျိုးစီးပွား အလို့ငှာ တစ်ညသော သန်းခေါင်အခါ၌ မထင်ရှားသော နတ် သားတစ်ပါး တောင်းပန်လျှောက်ထားသဖြင့် သုံးဆယ့်ရှစ်ပါး အပြားရှိသော ဤမင်္ဂလာတရားတော်ကို ဂါထာဆယ်ပုဒ်ဖြင့် ဟောကြားတော်မူခဲ့သည်။ သုံးဆယ့်ရှစ်ပါး အပြားရှိသော မင်္ဂလာတရားတို့ကား

အသေဝနာစ ဗာလာနံ ဟူသော ပုဒ်၌ ၃ ပါး[ပြင်ဆင်ရန်]

  1. သူမိုက်တို့ကို မမှီဝဲ မဆည်းကပ်ခြင်းလည်း တစ်ပါး၊
  2. ပညာရှိသောသူတို့ကို မှီဝဲဆည်းကပ်ခြင်းလည်း တစ်ပါး၊
  3. ပူဇော်ထိုက်သော သူတို့ကို ပူဇော်ခြင်းလည်း တစ်ပါး၊

ပတိရူပ ဒေသဝါသောစ ဟူသော ပုဒ်၌ ၃ ပါး[ပြင်ဆင်ရန်]

  1. တင့်အပ် လျောက်ပတ်သော အရပ်၌ နေခြင်းလည်း တစ်ပါး၊
  2. ရှေးဘဝကပြုခဲ့ဘူးသော ကောင်းမှုရှိသောသူ၏ အဖြစ် လည်း တစ်ပါး၊
  3. မိမိကိုယ်ကို ကောင်းစွာ ဆောက်တည်ခြင်းလည်း တစ်ပါး၊

ဗာဟု သစ္စဉ္စ သိပ္ပဉ္စဟူသော ပုဒ်၌ ၄ ပါး[ပြင်ဆင်ရန်]

  1. အကြားအမြင်များသော သူ၏ အဖြစ်လည်း တစ်ပါး၊
  2. အပြစ်မရှိသော အတတ်ကို တတ်ခြင်းလည်း တစ်ပါး၊
  3. ကောင်းစွာသင်အပ်သော အကျင့်ဝိနည်းလည်း တစ်ပါး၊
  4. ကောင်းသောစကားကို ကောင်းစွာ ပြောဆိုခြင်းလည်း တစ်ပါး၊

မာတာပိတု ဥပဋ္ဌာန ဟူသော ပုဒ်၌ ၃ ပါး[ပြင်ဆင်ရန်]

  1. အမိအဖကို လုပ်ကျွေးမွေးမြူခြင်းလည်း တစ်ပါး၊
  2. သားမယားအား သင်္ဂြိုဟ်ထောက်ပံ့ခြင်းလည်း တစ်ပါး၊
  3. အနှောင့်အရှက်မရှိသော အမှုအလုပ်တို့ကို ပြုလုပ်ခြင်း လည်း တစ်ပါး၊

ဒါနဉ္စ ဓမ္မစရိယာစ ဟူသော ပုဒ်၌ ၄ ပါး[ပြင်ဆင်ရန်]

  1. အလှူပေးခြင်းလည်း တစ်ပါး၊
  2. တရားတော်နှင့်အညီ မြတ်သောအကျင့်ကို ကျင့်ခြင်း လည်း တစ်ပါး၊
  3. အဆွေအမျိုးတို့အား ခြီးမြေ|ာက် ထောက်ပံ့ခြင်းလည်း တစ်ပါး၊
  4. အပြစ်မရှိသော အမှုတို့ကို ပြုလုပ်ခြင်းလည်း တစ်ပါး၊

အာရတီ ဝိရတီပါပါ ဟူသော ပုဒ်၌ ၄ ပါး[ပြင်ဆင်ရန်]

  1. မကောင်းမှုတို့မှ ဝေးစွာရှောင်ကြဉ်ခြင်းလည်း တစ်ပါး၊
  2. မကောင်းမှုတို့မှ ကိုယ်နှုတ်တို့ဖြင့် အထူး ရှောင်ကြဉ် ခြင်းလည်း တစ်ပါး၊
  3. သေရည်သေရက် သောက်စားခြင်းမှ ကောင်းစွာစောင့် စည်းခြင်းလည်း တစ်ပါး၊
  4. ကောင်းမှုကုသိုလ် တရားတို့၌ မမေ့မလျော့ခြင်းလည်း တစ်ပါး၊

ဂါရဝေါစ နိဝါတောစဟူသော ပုဒ်၌ ၅ ပါး[ပြင်ဆင်ရန်]

  1. ရိုသေထိုက်သော သူကို ရိုသေခြင်းလည်း တစ်ပါး၊
  2. မိမိကိုယ်ကို နှိမ့်ချခြင်းလည်း တစ်ပါး၊
  3. ရောင့်ရဲတင်းတိမ် လွယ်ခြင်းလည်း တစ်ပါး၊
  4. သူ့ကျေးဇူးကို သိခြင်းလည်း တစ်ပါး၊
  5. သင့်တင့်လျောက်ပတ်သောအခါ၌ တရားတော်ကို နာခြင်းလည်းတစ်ပါး၊

ခန္တီစ သောဝစဿတာ ဟူသော ပုဒ်၌ ၄ ပါး[ပြင်ဆင်ရန်]

  1. သည်းခံခြင်းလည်း တစ်ပါး၊
  2. သူတော်ကောင်းတို့ ဆုံးမအပ်သော တရားကို လိုက်နာ လွယ်ခြင်းလည်း တစ်ပါး၊
  3. ရဟန်းကောင်းရဟန်းမြတ်တို့အား ဖူးမြော်ခြင်းလည်း တစ်ပါး၊
  4. သင့်တင့် လျောက်ပတ်သောအခါ၌ တရားစကားကို ဆွေးနွေးမေးမြန်းခြင်း လည်း တစ်ပါး၊

တပေါစ ဗြဟ္မစရိယဉ္စ ဟူသော ပုဒ်၌ ၄ ပါး[ပြင်ဆင်ရန်]

  1. ခြိုးခြံစွာ ကျင့်ခြင်းလည်း တစ်ပါး၊
  2. မြတ်သောအကျင့်ကို ကျင့်ခြင်းလည်း တစ်ပါး၊
  3. အရိယသစ္စာတရားတို့ကို သိမြင်ခြင်းလည်း တစ်ပါး၊
  4. အရဟတ္တဖိုလ်ကို မျက်မှောက်ပြုခြင်းလည်း တစ်ပါး

ဖုဋ္ဌဿ လောကဓမ္မေဟိ ဟူသော ပုဒ်၌ ၄ ပါး[ပြင်ဆင်ရန်]

  1. လောကဓံတရား ရှစ်ပါးနှင့် တွေ့ကြုံငြားသော်လည်း စိတ်သည် တုန်လှုပ်ခြင်း မရှိသည်လည်းတစ်ပါး၊
  2. စိုးရိမ်ခြင်း မရှိသည်လည်း တစ်ပါး၊
  3. ရမ္မက်ဟူသော မြူအညစ်အကြေး ကင်းခြင်းလည်း တစ်ပါး၊
  4. ဘေးမရှိခြင်းလည်း တစ်ပါး၊

ဤသို့ပြအပ်ခဲ့ပြီးသော ၃၈ ပါး မင်္ဂလာတရားတို့ကို ပြုကျင့် အားထုတ်သောသူတို့သည် မည်သည့်အရပ်၌မဆို ရန် သူတို့မအောင်နိုင်သဖြင့် အရာခပ်သိမ်း၌ ချမ်းသာကြရကုန်၏။ ထို မင်္ဂလာတရား ၃၈ ပါးသည် နတ်လူဟူသမျှတို့၏ ကြီးပွား ချမ်းသာကြောင်း အမြတ်ဆုံးသော မင်္ဂလာတရားများ ဖြစ်ကြပေ သည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)