ပန်း (တာယာ)

ဝီကီပီးဒီးယား မှ
ကားတာယာတစ်ခုပေါ်ရှိ ပန်း

ပန်းဆိုသည်မှာ ဘီးတပ်ယာဉ်များ၏ဘီးအပေါ်တွင် တပ်ဆင်ထားသော တာယာ၏ အပြင်ဘက်မျက်နှာပြင်ပေါ်ရှိ မညီညာသော မျဉ်း၊ သို့မဟုတ် လှိုင်းများ ဖြစ်သည်။ ထိုလှိုင်းတို့မှာ ဘီးနှင့် မြေပြင်ကြားရှိ ပွတ်တိုက်အား ပိုကောင်းအောင် ရည်ရွယ်ကာ ပြုလုပ်ထားခြင်း ဖြစ်သည်။ ၎င်းပန်းများကို ကုန်ကားအိမ်သုံးကား၊ အများပြည်သူစီး ဘတ်စ်ကားစက်ဘီးဆိုင်ကယ် စသည့် ယာဉ်များ၏ တာယာပေါ်တွင် အလွယ်တကူတွေ့နိုင်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

အကယ်၍ နှင်းခဲနေသော မြေပြင်၊ သို့မဟုတ် ပြောင်ချောနေသော ကြမ်းပြင်ပေါ်တွင် အောက်မျက်နှာပြင် ပြောင်ချောနေသည့်ဖိနပ်ကိုစီးကာ လမ်းလျှောက်မည်ဆိုလျှင် ခြေချော်ပြီး လဲကျပါလိမ့်မည်။ အကြောင်းမှာ ဖိနပ်နှင့် မြေပြင်၊ သို့မဟုတ် ကြမ်းပြင်တို့အကြား ပွတ်တိုက်မှုအား အလွန်နည်းနေသည့်အတွက်ကြောင့် ဖြစ်သည်။ ထိုနည်းတူစွာ ပြောင်ချောနေသောတာယာနှင့် ကား၊ သို့မဟုတ် စက်ဘီးကို မောင်းနှင်မည်ဆိုပါကလည်း အနှေးနှင့်အမြန်ဆိုသလို လမ်းပေါ်မှ ချော်ထွက်ကာ ယာဉ်မတော်တဆမှု ဖြစ်နိုင်လေသည်။ ထို့ကြောင့် တာယာများ၏အပေါ်မျက်နှာပြင်တွင် ပန်းများပါရှိရန် လိုအပ်လာသည်။ ထိုပန်းများသည် ၁၈၉၂ ခုနှစ်တွင် စပေါ်လာခဲ့သည်။ အစပိုင်းက ထိုပန်းများသည် အလွန်ရိုးရှင်းလှသည်။ အလျားလိုက်မျဉ်းများသာ ဖြစ်သည်။ နောက်ပိုင်းတွင် ကား၏ ကုန်တင်နိုင်သည့် အလေးချိန်၊ အမြန်နှုန်းတို့အပေါ် မူတည်ပြီး ပုံစံအမျိုးမျိုး ပြောင်းလဲလာကြသည်။

ပန်းအမျိုးအစားနှင့် ပုံစံများ[ပြင်ဆင်ရန်]

ယခုအခါတွင် ကားဘီးပေါ်ရှိ ပန်းများမှာ အလွန်များပြားရှုပ်ထွေးလှသော်လည်း အခြေခံအားဖြင့် အောက်ပါအတိုင်း သုံးမျိုးခွဲခြားနိုင်သည်။

  1. အများသုံးပန်းများ
  2. တောလမ်းသုံးပန်းများ
  3. အထွေထွေသုံးပန်းများ ဖြစ်ကြသည်။
တောင်တက်စက်ဘီးတာယာပေါ်ရှိ ပန်းများ

ပန်းပုံစံများကိုမူ ယေဘုယျအားဖြင့် အောက်ပါအတိုင်း ၅ မျိုး ခွဲခြားနိုင်သည်။

  1. အလျားလိုက်မျဉ်းပုံ
  2. ဒေါင်လိုက်မျဉ်းပုံ
  3. မျဉ်းစောင်း
  4. စတုဂံပုံ
  5. ရောနှောနေသည့်ပုံ တို့ဖြစ်ကြသည်။

အများသုံးပန်းများ[ပြင်ဆင်ရန်]

အများပြည်သူစီး ဘတ်စ်ကားဘီးများတွင် တွေ့နိုင်သည်။ ပန်းပုံစံမှာ ဒေါင်လိုက်မျဉ်းပုံနှင့် လွှသွားပုံ ရောထားသည်။ ၎င်းပုံစံကို ဆူညံသံမထွက်သည့်အတွက် အသံငြိမ်ပန်းပုံစံဟုလည်း ခေါ်သည်။

တောလမ်းသုံးပန်းများ[ပြင်ဆင်ရန်]

ထော်လာဂျီ၊ အလေးမ,ကရိန်းကားတို့တွင် တွေ့နိုင်သည်။ ပန်းပုံစံမှာ စတုဂံပုံပန်းအကြီးကြီးများ ဖြစ်သည်။ အားပိုသုံးရန် လိုအပ်သည့် ကားများတွင် သုံးသည်။

အထွေထွေသုံးပန်းများ[ပြင်ဆင်ရန်]

လမ်းကြောင်းတစ်ခုတည်းမှာပင် မတူညီသောလမ်းအခြေအနေများအတွက် သုံးသည်။ အချို့လမ်းများတွင် ကတ္တရာလမ်းတစ်လှည့်၊ သဲလမ်းတစ်လှည့်၊ ရွှံ့လမ်းတစ်လှည့် စသည်ဖြင့် ရှိတတ်သည်။ အဆိုပါလမ်းများတွင် အထွေထွေသုံးပန်းကို သုံးသည်။