ပထဝီဓာတ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
![]() |
ပထဝီဓာတ် သည် ဓာတ်ကြီးလေးပါး၏ တစ်ပါးဖြစ်ပြီး၊ ရုပ်တရားများ၏ အခြေတည်ရာအဖြစ် အရေးပါသည်။
သဘာဝနှင့် ဒေသနာတော်
[ပြင်ဆင်ရန်]မဟာရာဟုလောဝါဒသုတ္တန်တွင် ပထဝီဓာတ်ကို “မာမှု-ကြမ်းမှု” နှစ်မျိုးဖြင့် ဟောကြားထားပြီး၊ အဋ္ဌကထာ-ဋီကာများကလည်း ဤနှစ်ချက်ကို အဓိကရှုကွက်အဖြစ် ဖော်ပြသည်။ သို့သော် ဓမ္မသင်္ဂဏီတွင် “မာ-ကြမ်း-လေး၊ ပျော့-ချော-ပေါ့” ဟူ၍ (၆)မျိုးဖြင့် ခွဲခြားထားသည်။ ဤကွဲပြားမှုမှာ နတ်-ဗြဟ္မာတို့၏ စိတ်နှစ်သက်မှုအလိုက် ဟောကြားခြင်းဖြစ်သော်လည်း နှစ်မျိုးစလုံးသည် တူညီသည်။ ဥပမာ၊ ရွှံ့တုံးကို အုတ်ခဲနှင့်နှိုင်းလျှင် ပျော့သည်၊ အုတ်ခဲကို ကျောက်ခဲနှင့်နှိုင်းလျှင် ပျော့သည်ဟု ဆိုရသကဲ့သို့၊ မာမှု-ပျော့မှုသည် နှိုင်းယှဉ်မှုအပေါ် မူတည်သည်။ ထို့အတူ ကြမ်း-ချော၊ လေး-ပေါ့တို့လည်း အလားတူဖြစ်သည်။[၁]
သဘောတရား ၆-မျိုးလုံး ရှုရသည့် ရည်ရွယ်ချက်
[ပြင်ဆင်ရန်]ဓာတ်ကမ္မဋ္ဌာန်းရှုရာတွင် ဓာတ်များ၏ အယုတ်အလွန်ဖြစ်မှုကို ညီမျှအောင် ထိန်းညှိနိုင်ရန်နှင့် သဘောတရားများကို ကုန်စင်အောင် ရှုပွားစေလိုသော ရည်ရွယ်ချက်ကြောင့် ဖြစ်သည်။ ဥပမာ၊ သမာဓိအားကောင်းလာသောအခါ၊ ပထဝီဓာတ်၏ မာမှု သို့မဟုတ် ကြမ်းမှု လွန်ကဲလာပါက ခန္ဓာကိုယ်တွင် တောင့်တင်းမှု၊ လေးလံမှု၊ နာကျင်ကိုက်ခဲမှုများ ဖြစ်ပေါ်လာတတ်သည်။ ထိုအခါ ယောဂီသည် ပျော့မှု၊ ချောမှု၊ ပေါ့မှုတို့ကို ဦးစားပေး၍ နှလုံးသွင်းရှုပွားပါက ဓာတ်များ ညီမျှသွားပြီး၊ သမာဓိတည်မြဲမှု ပြန်လည်ရရှိလာတတ်သည်။
အဋ္ဌကထာ-ဋီကာများကို ကျော်လွန်သည်ဟု မယူဆသင့်ဘဲ၊ မာမှု-ကြမ်းမှုကို အခြေခံ၍ ရှုပွားရာမှ သမာဓိအားကောင်းလာသောအခါ (၆)မျိုးလုံး ထင်ရှားလာသည်ကို တွေ့ရမည်ဖြစ်သည်။[၁]
လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်
[ပြင်ဆင်ရန်]- လက္ခဏာ= ခက်မာခြင်း: ပထဝီဓာတ်၏ အဓိက သဘောလက္ခဏာမှာ ခက်မာခြင်း ဖြစ်သည်။ တောင့်တင်းခြင်း၊ ခိုင်မာခြင်းဟုလည်း နားလည်နိုင်သည်။ သုတ္တန်များတွင် ကက္ခဠ (မာကြမ်းခြင်း)၊ ခရိဂတ (ခဲသွားခြင်း/မာကျောခြင်း) ဟူ၍လည်း ဟောကြားရာ ထိုသဘောများကို ရှုမှတ်နိုင်သည်။
- ရသ= တည်ရာဖြစ်ခြင်း: ပထဝီဓာတ်သည် ၎င်းနှင့်အတူ တစ်ကလာပ်တည်း၌ ဖြစ်ပေါ်နေသော ကြွင်းကျန်သည့် ရုပ်တရားများ (အာပေါ၊ တေဇော၊ ဝါယော စသည်) အတွက် တည်ရှိရာ၊ မှီခိုရာ အောက်ခံအဖြစ် လုပ်ငန်းကိစ္စ (ကိစ္စရသ) ကို ဆောင်ရွက်ပေးသည်။ (ကလာပ်မတူသော အခြားရုပ်များ၏ တည်ရာအဖြစ်ကို မဆောင်ရွက်နိုင်ပါ။)
- ပစ္စုပဋ္ဌာန်= အောက်ကခံထားတတ်သော သဘော: ပထဝီဓာတ်သည် ကလာပ်တူရုပ်တရားတို့၏ တည်ရာအဖြစ်ကို ဆောင်ရွက်နေသောကြောင့်၊ ရှုမှတ်နေသော ယောဂီ၏ ဉာဏ်တွင် ထိုကြွင်းကျန်ရုပ်တရားများကို အောက်မှ ခံထားပေးသော၊ ခံလင့်ထားသော အခြင်းအရာအားဖြင့် ရှေးရှုထင်ပေါ်လာသည်။ ဆိုလိုသည်မှာ ပထဝီဓာတ်က အောက်ခံ၊ ကြွင်းရုပ်များက အပေါ်မှ မှီတည်နေသည့် သဘောမျိုး ဉာဏ်တွင် ထင်လာခြင်း ဖြစ်သည်။
- ပဒဋ္ဌာန်= ကလာပ်တူ ဓာတ်သုံးပါး: ပထဝီဓာတ်သည် ၎င်းနှင့်အတူ တစ်ကလာပ်တည်း၌ ဖြစ်သော အာပေါဓာတ်၊ တေဇောဓာတ်၊ ဝါယောဓာတ်ဟူသော ကြွင်းကျန် ဓာတ်ကြီးသုံးပါးလျှင် အနီးကပ်ဆုံးသော အကြောင်းတရား (ပဒဋ္ဌာန်) ရှိသည်။ [၂]
ပထဝီဓာတ်နှင့် အခြားဓာတ်များ၏ ဆက်စပ်မှု
[ပြင်ဆင်ရန်]- အာပေါဓာတ်က ဖွဲ့စည်းပေးမှု၊ တေဇောဓာတ်က ရင့်ကျက်အောင် စောင့်ရှောက်မှု (အပူအအေးဖြင့်)၊ ဝါယောဓာတ်က ထောက်ကန်ပေးမှုများ ရှိမှသာ ပထဝီဓာတ်သည် မိမိ၏ တည်ရာဖြစ်ခြင်း ကိစ္စကို ဆောင်ရွက်နိုင်သည်။ ဓာတ်သုံးပါးမပါဘဲ ပထဝီဓာတ်ချည်းသက်သက် မတည်နိုင်၊ အလုပ်မလုပ်နိုင်။
- တစ်ဖန် ပထဝီဓာတ်က တည်ရာအဖြစ် ကျေးဇူးပြုသောကြောင့်လည်း အာပေါက ဖွဲ့စည်းနိုင်၊ တေဇောက ပူစေအေးစေနိုင်၊ ဝါယောက ထောက်ကန် လှုပ်ရှားစေနိုင်သည်။ (ဥပမာ- မြေကြီးရှိမှ တိုင်စိုက်၍ ထောက်နိုင်သည်။)
- ဤသို့ ဓာတ်ကြီးလေးပါးသည် အချင်းချင်း ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ အပြန်အလှန် ကျေးဇူးပြုနေကြသည် (`စတ္တာရော မဟာဘူတာ အညမညံ သဟဇာတပစ္စယေန ပစ္စယော`)။ ဤသို့ အညမည၊ သဟဇာတ စသော ပစ္စည်းသတ္တိတို့ဖြင့် ကျေးဇူးပြုမှုကိုပင် အဋ္ဌကထာများက "ပဒဋ္ဌာန်" ဟု ခေါ်ဝေါ်သုံးစွဲခြင်း ဖြစ်သည်။ (ထို့ကြောင့် ပဒဋ္ဌာန်ကို ဘုရားမဟောဟု ပစ်ပယ်လျှင် ပဋ္ဌာန်းဒေသနာတော်၏ နက်နဲမှုကို နားလည်ခွင့် လွဲချော်နိုင်သည်ဟု ကျမ်းစာက ဆိုလိုသည်။)[၃]
ရှုပွားနည်း
[ပြင်ဆင်ရန်]သာဝကများအနေဖြင့် ခန္ဓာအတွင်းရှိ ရုပ်ကလာပ်အားလုံးကို ကုန်စင်အောင် ရှုနိုင်ရန် မဖြစ်နိုင်သော်လည်း၊ ရုပ်တုံးရုပ်ခဲ (ဃန) ပြိုကွဲပြီး ပရမတ်သဘောကို ဉာဏ်ဖြင့် သိမြင်ရန်၊ ပထဝီဓာတ်ကို လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန် လေးချက်ဖြင့် ပိုင်းခြားရှုပွားရမည်။ ဥပမာ၊ စက္ခုဒွါရ (မျက်စိဌာန) တွင် စက္ခုဒသကကလာပ် (၁၀)မျိုးပါရုပ်တရားများကို သိမ်းဆည်းပြီး၊ ၎င်းတို့ထဲမှ ပထဝီဓာတ်ကို ရွေးထုတ်၍ မာမှုသဘောကို ဦးစွာ မြင်အောင်ရှုရမည်။ ထို့နောက် ၎င်း၏ ကိစ္စရသ (တည်ရာဖြစ်ခြင်း)၊ ပစ္စုပဋ္ဌာန် (အောက်ခံသဘော)၊ ပဒဋ္ဌာန် (အခြားဓာတ်များနှင့် ဆက်စပ်မှု) တို့ကို ဆက်လက် ရှုပွားရမည်။[၃]
ရုပ်အားလုံးကို သိမ်းဆည်းပါ
[ပြင်ဆင်ရန်](၆)ဒွါရ၊ (၄၂)ကောဋ္ဌာသရှိ ရုပ်ကလာပ်တစ်ခုချင်းစီရှိ ရုပ်တရားများ (ဥပမာ၊ စက္ခုဒွါရတွင် ရုပ် ၆၃ မျိုး) ကို အဇ္ဈတ္တ (မိမိခန္ဓာ) နှင့် ဗဟိဒ္ဓ (အပြင်ဘက်) နှစ်ဌာနလုံးတွင် လက္ခဏ-ရသ စသည်ဖြင့် ကုန်စင်အောင် သိမ်းဆည်းရမည်။ ဤသို့ရှုရန် ယောဂီသည် ရုပ် (၂၈) ပါး၏ လက္ခဏ-ရသ-ပစ္စုပဋ္ဌာန်-ပဒဋ္ဌာန်တို့ကို ကျေညက်စွာ အလွတ်ရရှိထားရန် လိုအပ်သည်။[၃]