မာတိကာသို့ ခုန်သွားရန်

နွေဦးကာလ မြူထသောခါ

ဝီကီပီးဒီးယား မှ

နွေဦးကာလ မြူထသောခါ[] ကဗျာကို ညောင်ရမ်းခေတ် စာဆို ဝန်ကြီးပဒေသရာဇာ ရေးဖွဲ့ခဲ့သည်။ တျာချင်း ကဗျာအမျိုးအစားဖြစ်သည်။

ထန်းတက်သမားမိသားစု၏ တစ်နေ့တာလုပ်ငန်းနှင့် ဘဝကို အားရတက်ကြွရွှင်မြူးဖွယ်ရေးဖွဲ့ထားသည်။

ကဗျာစာသား

[ပြင်ဆင်ရန်]

နွေဦးကာလ၊ မြူထသောခါ
ရင်းထောင်ရင်းဆွဲ၊ ဆောင်မြဲအိုးလွယ်ကာ
ဓားနှီးထက်စွာ၊ ခါးမှာချပ်လျက်
ထန်းပွင့်ထန်းခိုင်၊ ရွှန်းမြိုင်မြိုင်
ကလိုင်သာလွယ်လို့ တက်သည်နှင့်လေး။

ထန်းပင်ထန်းလက်၊ ထန်းရွက်ကယ်ဝေဝေ
စင်အောင်ခုတ်ထစ်၊ နုမျစ်ကယ်ထန်းဦးရည်
မယားငယ်ဆွေ၊ ထန်းရည်သိမ်းဆည်း
သားမြေးဟစ်ကြော်၊ ခွေးဝက်ကယ်ခေါ်
ထန်းလျှော်သာ ယုန်ပိုက်စည်းငယ်နှင့်လေး။

ခေါ်သံရိုက်ဟည်း၊ လူလည်းကြော်ငြာ
ခွေးဟစ်လူဟစ်၊ ခတ်ပစ်ကယ်ခြောက်သောခါ
ပုတတ်ကယ်ယုန်ခါ၊ တောမှာရှိကြ
ငုံး ကြက်ကယ် ဖွတ် မြွေ၊ ဝံပုလွေ
မနေထွက်လာကြသည်တည့်လေး။

ဝမ်းသာအားရ၊ မယားကတစ်သွယ်
ဟင်းရွက်ဆိုးကောင်း၊ သောင်းပြောင်းရော၍လွယ်
လင်ကတစ်သွယ်၊ ယုန်ငယ်ကစ
တောသတ္တဝါ၊ တွေ့တိုင်းကိုသာ
အိတ်မှာသာယူ၍ ချသည်နှင့်လေး။
သို့နှင့်ရောက်က၊ ခဏအောင့်လျှင်
တံစို့ထက်နှင့်၊ ထန်းလျက်ဖိုမှာကင်
ဟင်းအိုးဆူလျှင်၊ အကင်ခတ်ပြီး
အိုးကင်းနှင့်လှော်၊ ရေနှင့်ကြော်
မိုးမျှော်ငရုတ်သီးငယ်နှင့်လေး။

နှီးဒေါင်းလန်းကြီး၊ ခူးပြီးသောခါ
သမီးနှင့်သား၊ များလို့မဝင်သာ
ဒူးတစ်ဖက်ဟာ၊ တွန်းကာဖယ်လျက်
သူ့ထက်ငါလေ၊ စားတော့မည်စေ
စားပေသာလှ အုန်းခွက်ကယ်နှင့်လေး။

ငုံ့လျက်ကိုယ်စီသာ၊ ဆုပ်ကာလွေးတော့သည်။
ပြီးလျှင်ရေမရှာ၊ ခွေးသာကျွေးတော့သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာစာ - ဧကာဒသမတန်း (ကျောင်းသုံးစာအုပ်) (ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ - ပညာရေးဝန်ကြီးဌာန) (၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်)
  2. ဦးရဲဝေ (မြန်မာစာ)။ ဒသမတန်းမြန်မာစာသင်ရိုးကုန်လေ့လာချက်