နျူကလီးယားစွမ်းအင်နှင့် နိုင်ငံတကာ

ဝီကီပီးဒီးယား မှ

ကမ္ဘာ့နျူကလီးယားစွမ်းအင်အသုံးပြုလာမှုများသည် အလျှင် အမြန် တိုးတက်လျက်ရှိကြောင်းတွေ့ရသည်။ ၁၉၆၀ နှစ်ပိုင်း လောက်တွင် 1 Gigawatt (GW) ခန့်သာ အသုံးပြုနေရာမှ ၁၉၇၀ တွင် 100 GW အထိ၊ ၁၉၈၀ တွင် 300 GW အထိသုံးစွဲလာကြောင်း တွေ့ရသည်။ ၁၉၈၀ နောက်ပိုင်းတွင် တိုးတက်သုံးစွဲမှုနှုန်းကျဆင်း သွားသည်။ ၂၀၀၅ တွင် 366 GW အထိသာသုံးစွဲကြောင်းတွေ့ရ သည်။ ၁၉၇၀ ဇန်နဝါရီလတွင် ကမ္ဘာ့နျူကလီးယားစက်ရုံ သုံးပုံ နှစ်ပုံခန့် ရပ်ဆိုင်းသွားခဲ့သည်။ ၁၉၇၅ မှ ၁၉၈၀ အတွင်း အမေရိ ကန်နိုင်ငံတစ်ခုတည်းမှာပင် နျူကလီးယားဌာနပေါင်း ၆၃ ခုကို ဖျက်သိမ်းခဲ့ ကြောင်းတွေ့ရသည်။

၁၉၇၃ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် ရေနံအကျပ်အတည်းသည် နိုင်ငံအတော်များများသို့ ဂယက်ရိုက်ခတ်ခဲ့သည်။ ဥပမာ ပြင်သစ် နှင့် ဂျပန်တို့တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအတွက် ရေနံကိုသာ အဓိက အားထားနေခဲ့ရသည်။ (၃၉ ရာခိုင်နှုန်းနှင့် ၇၃ ရာခိုင် နှုန်း)။ သို့ဖြစ်ရာ နျူကလီးယားစွမ်းအင်ထုတ်လုပ်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာကြသည်။ ယနေ့ ပြင်သစ်နှင့်ဂျပန် တို့တွင် (၈၀ ရာခိုင်နှုန်းနှင့် ၃၀ ရာခိုင်နှုန်း) လျှပ်စစ်စွမ်းအင်ထုတ် လုပ်မှုကို နျူကလီးယားစွမ်းအင်ဖြင့် အသုံးပြုနေကြသည်။

တစ်ချိန်တည်းမှာပင် နျူကလီးယားထုတ်လုပ်မှုကို ဆန့်ကျင်သည့်အဖွဲ့အစည်းများကလည်း ၂၀ ရာစုနှောင်းပိုင်းတွင် ပိုပြီးပြင်း ထန်လာသည်။ အထူးသဖြင့် နျူကလီးယားမတော်တဆဖြစ်မှု၊ ရေဒီယိုဓာတ်သတ္တိများယိုစိမ့်မှု၊ နျူကလီးယားစွန့်ပစ်ပစ္စည်းများ အန္တရာယ်၊ သယ်ယူပို့ဆောင်မှု၊ သိုလှောင်သိမ်းဆည်းမှုပြဿနာများ ကို အကြောင်းရှာပြီး ဝေဖန်တိုက်ခိုက်မှုများကို ပြုလုပ်လာကြသည်။ အထူးသဖြင့် ပြည်သူများ၏အသက်အန္တရာယ်နှင့် ကျန်းမာရေးကို အကြောင်းပြကာဆန့်ကျင်လာကြသည်။

၁၉၇၉ ခုနှစ်တွင် Three Miles ကျွန်း၊ ၁၉၈၆ ခုနှစ်တွင် ချာနိုဘိုင်းနျူကလီးယားစက်ရုံပေါက်ကွဲမှုတို့ကြောင့် နိုင်ငံအမြောက် အမြားတွင် နျူကလီးယားထုတ်လုပ်မှုများ ရပ်ဆိုင်းခဲ့ကြသည်။ ထိုအချိန်က ရပ်ဆိုင်းရခြင်းမှာ လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရေးတွင် အသုံးပြုမှုနည်းသေးသောကြောင့်ဟူ၍ ဘရွတ်ကင်းတက္ကသိုလ်မှ ပညာရှင်များက သုံးသပ်ကြသည်။

နျူကလီးယားစွမ်းအားအသုံးပြုခြင်း[ပြင်ဆင်ရန်]

Nuclear Power ဟုဆိုလိုက်လျှင် ထိုစွမ်းအင်ကို ထုတ်လုပ်ရေး ထက် ထိန်းချုပ်ရေးအတွက် အပြုသဘောဖြင့် စဉ်းစားသုံးသပ် တတ်ကြသည်။ ယခုအခါ နျူကလီးယာစွမ်းအင်ကို အပူစွမ်းအင် အဖြစ်ပြောင်းလဲပြီး ရေနွေးငွေ့ထုတ်ကာ ရေနွေးငွေ့မှ လျှပ်စစ်ဓာတ် အားထုတ်လုပ်မှုကို ပြောင်းလဲခြင်းဖြင့် လူ့ဘောင်လောက အကျိုးရှိ ရေးအတွက် ကြံဆောင်ကျိုးပမ်းနေကြသည့် ခေတ်ကာလဟုဆိုနိုင် သည်။

၂၀၀၉ ခုနှစ်တွင် ကမ္ဘာ့လျှပ်စစ်စွမ်းအင်၏ ၁၃ မှ ၁၄ ရာခိုင်နှုန်းခန့်ကို နျူကလီးယားစွမ်းအင်မှထုတ်ယူသုံးစွဲနေရသည်။ ရေတပ်သုံး သင်္ဘောကြီးပေါင်း ၁၅၀ ကျော်သည်လည်း နျူကလီး ယားစွမ်းအင်ကို အသုံးပြုပြီးမောင်းနှင်နိုင်ရန်တည်ဆောက်ထား သည်။

၂၀၀၅ ခုနှစ်တွင် ကမ္ဘာ့စွမ်းအင် ၆ ဒသမ ၃ ရာခိုင်နှုန်းကို နျူကလီးယားစွမ်းအင်မှထုတ်ယူရရှိသည်။ ကမ္ဘာ့လျှပ်စစ်စွမ်းအင် ကို နျူကလီးစွမ်းအင်မှ ၁၅ ရာခိုင်နှုန်းထုတ်ယူသုံးစွဲခဲ့ရသည်။ အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်နှင့် ဂျပန်သုံးနိုင်ငံစုစုပေါင်းမှာ နျူကလီးယားလျှပ်စစ်စွမ်းအင်ထုတ်ယူသုံးစွဲမှုပမာဏ ၅၆ ဒသမ ၅ ရာခိုင်နှုန်းဖြစ်လာသည်။ ၂၀၀၇ ခုနှစ်တွင် IAEA ၏အစီရင်ခံ စာ၌ ကမ္ဘာ့နိုင်ငံပေါင်း ၃၁ နိုင်ငံတွင် လက်ရှိအသုံးပြုနေသည့် နျူကလီး ယားဓာတ်ပေါင်းဖို ၄၃၉ လုံးရှိသည်။

အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာတွင် နျူကလီးယား လျှပ်စစ်စွမ်းအင် အထုတ်လုပ်ဆုံးနိုင်ငံဖြစ်ပြီး၊ လျှပ်စစ်စွမ်းအင် ထုတ်လုပ်မှု စုစုပေါင်း၏ ၁၉ ရာခိုင်နှုန်းရှိသည်ဟုဆိုသည်။ ပြင်သစ်နိုင်ငံသည် ၂၀၀၆ ခုနှစ်တွင် လျှပ်စစ်စွမ်းအင်ကို နျူကလီးယားမှထုတ်လုပ်မှုပမာဏမှာ ၈၀ ရာခိုင်နှုန်းရှိသည်။ ဥရောပဘုံဈေးအဖွဲ့ဝင်နိုင်ငံများတွင် နျူကလီးယားလျှပ်စစ်စွမ်းအင် ထုတ်ယူသုံးစွဲမှုမှာ ၃၀ ရာခိုင်နှုန်းဖြစ်သည်။

နျူကလီးယားစွမ်းအင်ဆိုင်ရာမူဝါဒများသည် ဥရောပဘုံဈေး အဖွဲ့ဝင်နိုင်ငံများအတွင်း ကွဲပြားလျက် ရှိသည်။ ဩစတီးယား၊ အက်စတိုးနီးယားနှင့် အိုင်ယာလန်နိုင်ငံများတွင် နျူကလီးယား စွမ်းအင်ဌာနများမထားရှိပေ။ သို့သော် ပြင်သစ်နိုင်ငံတွင် နျူကလီး ယားစက်ရုံပေါင်း ၁၆ ရုံခန့်ဆောက်လုပ်ထားပြီး သုံးစွဲနေသည်။ အမေရိကန်ပြည်ထောင်စုတွင် ၂၀၁၃ ခုနှစ်တွင် ကျောက်မီးသွေးနှင့် သဘာ၀ဓာတ်ငွေ့မှ လျှပ်စစ်စွမ်းအင်ကို ဒေါ်လာ ၈၅ ဘီလီယံဖိုး ထုတ်ယူသုံးစွဲရန် လျှာထားပြီး၊ နျူကလီးယားလောင်စာစွမ်းအင်မှ ဒေါ်လာ ၁၈ ဘီလီယံဖိုးထုတ်ယူသုံးစွဲရန်ရှိသည်ဟုဆိုသည်။

စစ်တပ်နှင့် အရပ်ဘက်သုံး (ဥပမာ ရေခဲပြင်ခွဲ သင်္ဘောကြီး များ) ကို နျူကလီးယားစွမ်းအင်ဖြင့် မောင်းနှင်အသုံးပြုကြသည်။ အာကာသသို့လွှတ်တင်သော ဒုံးယာဉ်အချို့တွင်လည်း နျူက လီးယားလောင်စာကန်များကို ထည့်သွင်းအသုံးပြုကြသည်။ ဥပမာ ဆိုဗီယက်တို့၏ဒုံးပျံ RORSAT များနှင့် အမေရိကန်ပြည်ထောင်စု ထုတ် SNAP-10A ဒုံးပျံများဖြစ်သည်။

နျူကလီးယားစွမ်းအင်ပေါ်လစီ[ပြင်ဆင်ရန်]

နျူကလီးယားစွမ်းအင်ပေါ်လစီ (Nuclear Energy Policy) ဆိုသည်မှာ အမျိုးသားရေးဆိုင်ရာမူဝါဒ၊ နိုင်ငံတကာဆိုင်ရာမူဝါဒ ဖြစ်သည်။ နျူကလီးယားစွမ်းအင်အသုံးချရေး၊ သိုလှောင်ရေး၊ ထုတ်လုပ်ရေးနှင့်ပတ်သက်၍ မူဝါဒများစီမံချမှတ်လုပ်ဆောင်ခြင်း ကိုခေါ်ဆိုသည်။ အစိုးရသည် နျူကလီးယားအရေးနှင့်ပတ်သက်ပြီး နိုင်ငံတကာနှင့် သဘောတူစာချုပ်များချုပ်ဆိုရန်၊ နျူကလီးယား နည်းပညာ၊ နျူကလီးယားလျှပ်စစ်၊ နျူကလီးယားစွန့်ပစ်ပစ္စည်း နှင့် ယူရေနီယံထုတ်လုပ်မှုများအတွက် တာဝန်ယူခြင်း၊ အထောက် အပံ့ပေးခြင်းများကိုပြုလုပ်ပေးရသည်။

နျူကလီးယားစွမ်းအင်နှင့် နျူကလီးယားလက်နက်နည်း ပညာများသည် ဆက်စပ်နေသဖြင့် စစ်တပ်ကလည်းမဖြစ်မနေ ပါဝင်ပတ်သက်နေရမှုများရှိနိုင်သည်။ နိုင်ငံတကာနျူကလီးယား စွမ်းအင်ဆိုင်ရာ ပေါ်လစီများချမှတ်ရာတွင် နျူကလီးယား လက်နက်ပြန့်ပွားမည်ကို စိုးရိမ်သောကပွားစရာတစ်ခုအနေဖြင့် ထည့်သွင်းစဉ်းစားလေ့ရှိသည်။

ကမ္ဘာ့နျူကလီးယားရုပ်ပုံလွှာ[ပြင်ဆင်ရန်]

၁၉၈၆ နှစ်နောက်ပိုင်းတွင် ချာနိုဘိုင်းအနုမြူစက်ရုံပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အနုမြူဓာတ်သတ္တိကြွမှုများကို ပြည်သူတို့စိုးရိမ် ထိတ်လန့်လာခဲ့သည်။ နိုင်ငံအများအပြားတွင်း နျူကလီးယား ထုတ်လုပ်မှုကို ရပ်ဆိုင်းရန်အထိထည့်သွင်းစဉ်းစားလာကြသည်။ သို့သော် တိုးပွားလာသည့်လူဦးရေပြဿနာနှင့် လိုအပ်လာသည့် လောင်စာစွမ်းအင်ပြဿနာ၊ ရှားပါးလာသည့်လောင်စာ၊ ဈေးနှုန်း များကြီးမြင့်လာမှု၊ ပတ်ဝန်းကျင်စိမ်းလန်းရေးဖိအားပေးလာမှုတို့ ကြောင့် နျူကလီးယားကို ပြန်လည်စိတ်ဝင်စားမှုပြလာကြသည်။

၂၀၀၇ ခုနှစ်တွင် နျူကလီးယားစက်ရုံပိုင်ဆိုင်သည့် နိုင်ငံ ပေါင်း ၃၁ နိုင်ငံရှိလာသည်။ လျှပ်စစ်စွမ်းအား ပြည်ထွန်းကား ရေးအတွက်လျှပ်စစ်စွမ်းအင်ထုတ်နိုင်ရန် နျူကလီးယားစွမ်းအင် အကြီးအကျယ်ထူထောင်နေကြသည့်အထဲတွင် တရုတ်၊ အိန္ဒိယ၊ အမေရိကန်၊ ရုရှားနှင့် ဥရောပနိုင်ငံအများအပြားပါဝင်လာသည်။

နျူကလီးယားအများဆုံးထုတ်သုံးစွဲသည့် နိုင်ငံစာရင်းတွင် အမေရိကန်သည် ကမ္ဘာ့နျူကလီးယားသုံးစွဲမှုစုစုပေါင်း၏ ၂၈ ရာခိုင်နှုန်း၊ ပြင်သစ် ၁၈ ရာခိုင်နှုန်း၊ ဂျပန်က ၁၂ ရာခိုင်နှုန်းရှိသည်။ ၂၀၀၇ တွင် ကမ္ဘာအနှံ့ နျူကလီးယားလျှပ်စစ်ဓာတ်အား ထုတ်လုပ် သည့်စက်ရုံပေါင်း ၄၃၉ ရုံရှိသည်။ ထိုစက်ရုံများမှ ထုတ်သည့် စုစုပေါင်း လျှပ်စစ်ဓာတ်အားမှာ ၃၅၁ gigawatt ရှိသည်။ IAEA ၏အစီရင်ခံစာအရ ၂၀၀၈ စက်တင်ဘာလတွင် နျူကလီးယား စွမ်းအင်သည် ကမ္ဘာ့လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၏ ၁၂.၄ ရာခိုင် နှုန်းမှ ၁၄.၄ ရာခိုင်နှုန်း လောက်သာရှိသေးသည်။ ၂၀၃၀ လောက် အထိ အခြားစွမ်းအင်ကို အဖြေရှာမရသေးပါလျှင် နျူကလီးယား ကိုသာ မှီခိုအားထားစရာအကြောင်းရှိသည်။

ကမ္ဘာ့နျူကလီးယားပိုင်ဆိုင်သည့် နိုင်ငံစာရင်းတွင် အာဂျင်တီးနား၊ အာမေးနီးယား၊ ဘရာဇီးလ်၊ ဘူလ်ဂေးရီးယား၊ ကနေဒါ၊ တရုတ်၊ ချက်သမ္မတနိုင်ငံ၊ အီဂျစ်၊ ဖင်လန်၊ ပြင်သစ်၊ ဟန်ဂေရီ၊ အီတလီ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီရန်၊ အစ္စရေး၊ ဂျပန်၊ လစ်သူနီးယား၊ မက္ကဆီကို၊ မြောက်ကိုရီးယား၊ ရိုမေးနီးယား၊ ရုရှား၊ ပါကစ္စတန်၊ ပိုလန်၊ ဆလိုဗေးကီးယား၊ ဆလိုဗေးနီးယား၊ တောင်အာ ဖရိက၊ တောင်ကိုရီးယား၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ တရုတ် (တိုင်ပေ)၊ ယူကရိန်း၊ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ဗီယက်နမ်နိုင်ငံများဖြစ်သည်။ ထိုနိုင်ငံများတွင် နျူကလီးယား အဏုမြူဓာတ်ပေါင်းဖိုများဆောက်ပြီး အဏုမြူခေတ်ကို တည်ဆောက်နေကြသည်။ ဂျာမနီ၊ နယ်သာလင်၊ စပိန်နိုင်ငံများ တွင် အဏုမြူဓာတ်ပေါင်းဖိုများရှိသော်လည်း ထပ်မံတိုးချဲ့ ထုတ် လုပ်ခြင်းမပြုတော့ဘဲ ရပ်ဆိုင်းထားကြသည်။ ဘယ်လ်ဂျီယံ နိုင်ငံသည် နျူကလီးယားမထုတ်ရေးဥပဒေပြဋ္ဌာန်းထားသည့် နိုင်ငံ ဖြစ်သည်။ ဩစတီးယား၊ ဒိန်းမတ်၊ ဂရိ၊ အိုင်ယာလန်နှင့် နော်ဝေနိုင်ငံများတွင် နျူကလီးယားစက်ရုံတွေ မဆောက်ရန် ဆုံးဖြတ်ထားကြပြီး၊ နျူကလီးယားခေတ်ထူထောင်ရန် အပြင်းအထန် ဆန့်ကျင်ကန့်ကွက်နေကြသည့် နိုင်ငံတွေစာရင်းတွင်ပါ ဝင်ကြသည်။

နိုင်ငံအလိုက်နျူကလီးယားအနေအထား[ပြင်ဆင်ရန်]

အယ်လ်ဂျီးရီးယား[ပြင်ဆင်ရန်]

၁၉၅၅ ခုနှစ်ကတည်းက ဒရားရီးယားနှင့် အင်အော်ဆာရာ ဒေသများတွင် နျူကလီးယားဓာတ်ပေါင်းဖိုများဆောက်လုပ်ပြီး သုတေသနပြုနေသည်။ ၂၀၀၇ ဇန်နဝါရီတွင် ရုရှားနှင့်လည်း ကောင်း၊ ၂၀၀၇ ဇွန်လ၌ အမေရိကန်ပြည်ထောင်စုနှင့် လည်းကောင်း၊ ၂၀၀၈ မတ်လတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် လည်းကောင်း ပူးပေါင်း လုပ်ဆောင်ရန် သဘောတူလက်မှတ်များ ရေးထိုးထားသည်။ ပြင်သစ်နှင့်လည်း ပူးပေါင်းလုပ်ဆောင်ရန် ဆွေးနွေးလျက် ရှိကြောင်း သိရသည်။

အီဂျစ်[ပြင်ဆင်ရန်]

၁၉၆၄ ခုနှစ်တွင် 150 MWe နှင့် ၁၉၇၄ ခုနှစ်တွင် 600 MWe အထိထုတ်လုပ်နိုင်ရေးအတွက် နျူကလီးယားစက်ရုံများကို တည်ဆောက်ရန် လျာထားခဲ့သည်။ NPPA (Nuclear Power Plants Authority) စီမံအုပ်ချုပ်ရေးအဖွဲ့ကို ၁၉၇၆ ခုနှစ်တွင်ထူထောင်ခဲ့ပြီး၊ ၁၉၈၃ ခုနှစ်တွင် မက်ဒီတာရေးနီးယန်းကမ်းခြေ၌ El Dabaa စက်ရုံ ကိုတည်ဆောက်ခဲ့သည်။ ပထမပိုင်းတွင် လျာထားချက်များကို အကောင်အထည်မဖော်နိုင်ခဲ့ရခြင်းမှာ ချာနိုဘိုင်းနျူကလီးယား ပြဿနာကြောင့်ဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် အီဂျစ်သည် နျူကလီးယားစွမ်းအင်ကိုထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ ၁၀ နှစ်အတွင်း El Dabaa အရပ်၌ ၁၀၀၀ မီဂါဝပ် နျူကလီးယား စက်ရုံကြီးတစ်ရုံကို ထူထောင်နိုင်ခဲ့ခြင်းဖြစ်သည်။ စက်ရုံတန်ကြေး မှာ အမေရိကန် ၁ ဒသမ ၅ ဘီလီယံဖြစ်ပြီး၊ နိုင်ငံခြားမှ ရင်းနှီး မြှုပ်နှံသူများ၏အထောက်အပံ့ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ၂၀၀၈ ခုနှစ်မတ်လတွင် အီဂျစ်သည် ရုရှားနှင့် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုကြရန် သဘောတူလက်မှတ်ရေးထိုးခဲ့ ကြသည်။

ဂါနာ[ပြင်ဆင်ရန်]

၂၀၀၇ ခုနှစ် ဧပြီလတွင် ဂါနာအစိုးရသည် ရင်ဆိုင်နေရသည့် စွမ်းအင်ပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် နျူကလီးယားစွမ်း အင်ထုတ်ထုတ်လုပ်မှုကို ပြုလုပ်တော့မည်ဟု ကြေညာခဲ့သည်။၁၉၉၄ ခုနှစ်ကတည်းက တရုတ်အဖွဲ့နှင့်ပူးပေါင်းပြီး အဏုမြူ ဆိုင်ရာ သုတေသနများကို ပြုလုပ်ခဲ့သည်။

လစ်ဗျား[ပြင်ဆင်ရန်]

၂၀၀၆ ခုနှစ်တွင် လစ်ဗျားနှင့် ပြင်သစ်တို့သည် အဏုမြူစွမ်း အင်ကို ငြိမ်းချမ်းစွာအသုံးပြုရေး ပူးတွဲလက်မှတ်ရေးထိုးကြသည်။ ၂၀၀၇ ဇူလိုင်တွင် ထပ်မံပြီး အလယ်အလတ်အရွယ်အစား နျူကလီး ယားစက်ရုံကို တည်ဆောက်ရန် သဘောတူစာချုပ် ချုပ်ဆိုကြပြန် သည်။

မော်ရိုကို[ပြင်ဆင်ရန်]

မော်ရိုကိုနိုင်ငံတွင် 2 MW Triga အဏုမြူဓာတ်ပေါင်းဖိုတစ်ခုကို သုတေသနပြုလုပ်ရန်တည်ဆောက်ထားသည်။ အစိုးရအနေဖြင့် ၂၀၁၆-၂၀၁၇ တွင် Sငိင ဩကူဘမa အရပ်တွင် နျူကလီးယားစက်ရုံ တစ်ရုံကိုရုရှားနှင့် ပူးပေါင်းတည်ဆောက်ရန် စီစဉ်ထားသည်။ အတ္တလန္တိတ်ပင်လယ်ကမ်းခြေရှိ Tan-Tan အရပ်တွင် တရုတ်နှင့် ပူးပေါင်းပြီး နျူကလီးယားထုတ်လုပ်ရန်အတွက် အသုံးပြုရန် ရေချိုထုတ်လုပ်ရေးစက်ရုံတစ်ရုံကိုလည်းစီစဉ်ထားသည်။

နိုင်ဂျီးရီးယား[ပြင်ဆင်ရန်]

၂၀၀၄ ခုနှစ်ကတည်းက တရုတ်သုတေသီများနှင့်ပူးပေါင်းပြီး Ahmabu Bello တက္ကသိုလ်တွင် နျူကလီးယားဓာတ်ပေါင်းဖိုတည် ဆောက်ရန် သုတေသနပြုလုပ်ခဲ့သည်။ နိုင်ငံတကာ အဏုမြူ စွမ်းအင်အေဂျင်စီ (IAEA) ၏အကူအညီဖြင့် 4000 MWe နျူကလီး ယားစွမ်းအင်ကို ၂၀၂၇ ခုနှစ်တွင် ထုတ်လုပ်ရန်လျာထားသည်။ နိုင်ဂျီးရီးယားသည် ၂၀၁၁ တွင် စက်ရုံကိုစတင်ဆောက်လုပ်ရန် စီစဉ်ထားပြီး ၂၀၁၇ တွင်စတင်ထုတ်နိုင်လိမ့်မည်ဟု ခန့်မှန်းထား သည်။ ၂၀၀၇ ဇူလိုင် ၂၇ ရက်နေ့တွင် နိုင်ဂျီးရီးယားသမ္မတ အူမာယူ ယာအဒေါကလည်း နိုင်ငံအတွင်း လျှပ်စစ်စွမ်းအင်တိုးမြှင့် ထုတ်လုပ်နိုင်ရေးအတွက် အားပေးကူညီလျက် ရှိသည်။ Italic text

တောင်အာဖရိက[ပြင်ဆင်ရန်]

တောင်အာဖရိကနိုင်ငံသည် အာဖရိကတိုက်အတွင်း တစ်ခု တည်းသော နျူကလီးယားစက်ရုံရှိသည့်နိုင်ငံဖြစ်သည်။ လျှပ်စစ် စွမ်းအင်ကုမ္ပဏီတစ်ခုဖြစ်သည့် Eskom သည် ၂၀၂၅ ခုနှစ်တွင် နျူကလီးယားစွမ်းအင် 20 GW ကိုထုတ်လုပ်နိုင်သည့်စက်ရုံတစ်ရုံကို တည်ဆောက်နိုင်ရန်စီစဉ်ထားသည်။ ယခုလက်ရှိဆောက်လုပ်နေ သည့် မီဂါဝပ် ၃၃၀၀ နှင့် ၄၀၀၀ အထိထုတ်လုပ်နိုင်သည့် စက်ရုံ မှာ ၂၀၁၇ ခုနှစ်တွင် ပြီးမည်ဖြစ်သည်။

တူနီးရှား[ပြင်ဆင်ရန်]

တူနီးရှားသည် 600 MWe နျူကလီးယားစက်ရုံတစ်ရုံကိုတည် ဆောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ၂၀၀၆ ဒီဇင် ဘာလတွင် ပြင်သစ်နိုင်ငံနှင့်ပူးပေါင်းပြီး နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရေး လက်မှတ်ရေးထိုးခဲ့သည်။ နျူကလီးယား စွမ်းအင်နှင့် ရေချိုထုတ်လုပ်ရေးတို့ကိုလည်းဆောင်ရွက်ရန် စီစဉ် ထားသည်။

အာမေးနီးယား[ပြင်ဆင်ရန်]

အာမေးနီးယားသည် ဆိုဗီယက်တို့ ဒီဇိုင်းထုတ်ထားသည့် VVER-440 နျူကလီးယားစက်ရုံတစ်ရုံကို Metsamor အရပ်တွင် စတင်လည်ပတ်နေပြီဖြစ်သည်။ နိုင်ငံအတွင်း လျှပ်စစ်စွမ်းအင်လို အပ်ချက်၏ ၄၀ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးနေကြောင်းလည်း သိရသည်။ ဥရောပဘုံဈေးအဖွဲ့ဝင်နိုင်ငံများနှင့် တူရကီနိုင်ငံကလည်း အထောက်အပံ့ပေးလျက်ရှိသည်။ အာမေးနီးယား စွမ်းအင်ဝန်ကြီး ကလည်း အမေရိကန်ဒေါ်လာ ၂ ဘီလီယံတန်ဖိုးရှိ 1000 MWe စွမ်းအင်ထုတ်လုပ်နိုင်စွမ်းရှိသော နျူကလီးယားစက်ရုံတစ်ရုံကို ရုရှား၊ အမေရိကန်၊ IAEA တို့၏အကူအညီဖြင့် တည်ဆောက်ရန် စီစဉ်နေကြောင်းထုတ်ပြန်ထားသည်။ အမေရိကန်နိုင်ငံကလည်း ပဏာမစုံစမ်းစစ်ဆေးမှုများပြုကာ အကူအညီပေးရန်စီစဉ်နေကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်[ပြင်ဆင်ရန်]

၁၉၆၁ ခုနှစ်တွင် ပထမဦးဆုံးနျူကလီးယားစက်ရုံကို တည်ဆောက်ခဲ့သည်။ နောက်ပိုင်း ပရောဂျက်ပေါင်းများစွာကို လုပ်ဆောင်ခဲ့ကြောင်းသိရသည်။ ၂၀၀၁ တွင် ဘင်္ဂလားဒေ့ရှ် အမျိုး သားစွမ်းအင်စီမံချက်ကို စတင်ဆောင်ရွက်ခဲ့သည်။ ၂၀၀၇ ဇွန်လ ၂၄ ရက်နေ့တွင် အစိုးရသည် နျူကလီးယားပါဝါဖြင့် လျှပ်စစ် ဓာတ်အားရှားပါးပြတ်လပ်မှုကို အစားထိုးဆောင်ရွက်နိုင်ပြီဖြစ် ကြောင်း ကြေညာခဲ့သည်။ ပက်နာအရပ်ရှိ Rooppur နျူကလီးယား စက်ရုံမှ ၂၀၁၅ ခုနှစ်တွင် 700 MW မှ 1000 MW အတွင်းထုတ်လုပ် နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

တရုတ်[ပြင်ဆင်ရန်]

တရုတ်တွင် အဏုမြူဓာတ်ပေါင်းဖို ၁၁ လုံးလည်ပတ်လျက် ရှိ ပြီး၊ နောက်ထပ် အလုံးပေါင်း ၂၀ ခန့်ထပ်မံဆောက်လုပ်လျက် ရှိ ကြောင်းသိရသည်။ အဏုမြူဓာတ်ပေါင်းဖိုပေါင်း အလုံး ၁၀၀ ခန့်ထူထောင်သွားမည်ဟုဆိုသည်။ ၂၀၂၀ တွင် 60 GWe ခန့်ထုတ် လုပ်ပြီး၊ ၂၀၃၀ တွင် ၁၂၀ မှ 160 GWe အထိထုတ်လုပ်ရန် စီစဉ် ထားကြောင်းသိရသည်။

ပင်လယ်ကွေ့ဒေသများ[ပြင်ဆင်ရန်]

ပင်လယ်ကွေ့ဒေသများကောင်စီတွင် (ကူဝိတ်၊ ဆော်ဒီ အာရေဗျ၊ ဘာရိန်း၊ အာရပ်စော်ဘွားများနိုင်ငံ (UAE) ၊ ကာတာ နှင့် အိုမန်နိုင်ငံများပါဝင်သည်။ ထိုပူးပေါင်းကောင်စီမှာ နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်လျက် ရှိသည်။ ၂၀၀၇ ဖေဖော်ဝါရီတွင် IAEA နှင့် ပူးပေါင်းကာ ဒေသတွင်နျူကလီးယားစွမ်းအင်အသုံးချရေး၊ ရေချို ထုတ်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်စီစဉ်ထားကြောင်းသိရ သည်။

အာရပ်စော်ဘွားများနိုင်ငံအနေဖြင့် ၂၀၀၈ ဇူလိုင်လတွင် နျူကလီးယားစွမ်းအင်ပေါ်လစီကို လက်ခံခဲ့ပြီး၊ ၂၀၀၉ အောက်တို ဘာ ၄ ရက်နေ့တွင် အမျိုးသားနျူကလီးယားစွမ်းအင်ဥပဒေကို ပြဋ္ဌာန်းခဲ့ကြသည်။ ဥပဒေနှင့် ပေါ်လစီအရ အာရပ်စော်ဘွားနိုင်ငံ များနျူကလီးယားစွမ်းအင်ပူးပေါင်းဆောင်ရွက်ရေးကို သဘောတူ လက်ခံခဲ့ကြသည်။ ပြင်သစ်၊ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နိုင်ငံ များနှင့်လည်း နျူကလီးယားကို ငြိမ်းချမ်းပြီး အကျိုးရှိသည့် လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူလက်မှတ် ရေးထိုးခဲ့ကြသည်။ ၂၀၀၉ ဒီဇင်ဘာလတွင် အာရပ်စော်ဘွားများ နိုင်ငံ (UAE) တွင် APR1400 အမျိုးအစား အဏုမြူဓာတ်ပေါင်းဖို လေးလုံးအပါအဝင် နျူကလီးယားစက်ရုံတစ်ရုံဆောက်လုပ်ရန် ဆုံး ဖြတ်ခဲ့ကြသည်။ ၂၀၁၇ ခုနှစ်တွင် ကိုရီးယားအီလက်ထရစ်ပါဝါ မှ ပထမဦးဆုံးအဏုမြူဓာတ်ပေါင်းဖိုကို စတင်တည်ပေးမည်ဖြစ် သည်။ ထိုနျူကလီးယားစက်ရုံသည် ရူဝါရီမှ ၃၃ မိုင်အကွာ ဘရာကာအရပ်တွင်ဆောက်လုပ်မည်ဖြစ်သည်။ ၂၀၀၈ မတ်လ ၂၉ ရက်နေ့တွင် ဘာရိန်းသဘောတူစာချုပ်ကို အမေရိကန်နှင့် နျူကလီး ယားစွမ်းအင်ပူးပေါင်းဆောင်ရွက်ရန် ချုပ်ဆိုခဲ့ကြသည်။

အိန္ဒိယ[ပြင်ဆင်ရန်]

အိန္ဒိယနိုင်ငံတွင် အဏုမြူဓာတ်ပေါင်းဖို ၁၇ လုံးရှိသည်။ ၆ လုံးမှာတည်ဆောက်ဆဲဖြစ်ပြီး နောက်ထပ် ၄ လုံးထပ်ဆောက်ရန် စီစဉ်ထားသည်။ ၁၅ လုံးအထိတိုးမြင့်ဆောက်လုပ်ရန် လျာထားသည်။

အင်ဒိုနီးရှား[ပြင်ဆင်ရန်]

၁၉၉၀ ပြည့်နှစ်လယ်ပိုင်းလောက်တွင် အင်ဒိုနီးရှားနိုင်ငံသည် နျူကလီးယားစွမ်းအင်စက်ရုံ ၁၂ ရုံခန့်အထိ ဆောက်လုပ်ရန်လျာ ထားသည်။ ထိုစီမံချက်ကို သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားများ ကန့်ကွက်ချက်ကြောင့်လည်းကောင်း၊ ၁၉၉၇ ခုနှစ် ကျရောက်ခဲ့သည့် အာရှဒေသစီးပွားရေးအကျပ်အတည်းကြောင့် လည်းကောင်း ရွှေ့ဆိုင်းခဲ့ရသည်။ ၂၀၀၆ ခုနှစ်တွင် အင်ဒိုနီးရှား အစိုးရသည် နျူကလီးယားပါဝါစက်ရုံတစ်ရုံကို ဂျာဗားကျွန်း အလယ်ပိုင်း၊ ဂျပါရာအရပ်ရှိ မူရီယားကျွန်းဆွယ်တွင် ၂၀၁၅ ခုနှစ် ၌ တည်ဆောက်မည်ဟုကြေညာခဲ့သည်။ သို့သော် ထိုဆုံးဖြတ်ချက် မှာအတည်မဖြစ်သေးပေ။ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ များ၏ အပြင်းအထန်ဝေဖန်ဆန့်ကျင်မှုကို ခံနေရသောကြောင့်ဖြစ် သည်။ ၂၀၀၇ ဇွန်လတွင် ဂိုရွန်တာလိုအရပ်တွင် ရုရှားလုပ် 70 MW ထုတ်လုပ်နိုင်သော ရေပေါ်နျူကလီးယားစွမ်းအင်စက်ရုံတစ်ရုံ ကို တည်ဆောက်မည်ဟုကြေညာထားသည်။

အီရန်[ပြင်ဆင်ရန်]

၁၉၇၀ ပြည့်နှစ်လယ်လောက်တွင် အီရန်နိုင်ငံသည် နျူကလီး ယားစွမ်းအင်စက်ရုံနှစ်ရုံကို Bushehr အရပ်တွင် စတင်ဆောက်လုပ် ခဲ့သည်။ သို့သော် ၁၉၇၉ တွင်ထိုပရောဂျက်ကို ရွှေ့ဆိုင်းလိုက်ရ သည်။ ၁၉၉၄ ခုနှစ်တွင် ရုရှားနိုင်ငံက Bushehr အရပ်ရှိ စက်ရုံ Unit 1 ကိုပြန်လည်တည်ဆောက်ပေးခဲ့ရာ ၂၀၀၇ ခုနှစ်နှောင်းပိုင်း လောက်တွင် ပြီးဆုံးသွားခဲ့သည်။ ဒုတိယတစ်လုံးကိုလည်း ဆက်လက်တည်ဆောက်ပေးရန် စီစဉ်လျက် ရှိသည်။ နျူကလီးယား စက်ရုံသစ်ကို Darkhovin အရပ်တွင်ဆောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။

အစ္စရေး[ပြင်ဆင်ရန်]

အစ္စရေးနိုင်ငံတွင် နျူကလီးယားစက်ရုံမရှိပေ။ သို့သော် ၂၀၀၇ ခုနှစ် ဇန်နဝါရီလတွင် ဆောက်လုပ်ရေးဝန်ကြီး ဘင်ယာမင် ဘန် အယ်လီဇာက နျူကလီးယားစွမ်းအင်ကို ပြည်သူများအကျိုး အတွက် ထုတ်လုပ်ရန်စဉ်းစားထားကြောင်း ပြောကြားသွားသည်။

ဂျပန်[ပြင်ဆင်ရန်]

ဂျပန်သည် အဏုမြူဓာတ်ပေါင်းဖို ၅၅ လုံးရှိပြီး စုစုပေါင်း 49,580 MWe ထုတ်လုပ်ပေးလျက်ရှိသည်။ နောက်ထပ် 2,285 MWe ထုတ်လုပ်ပေးနိုင်မည့် အဏုမြူဓာတ်ပေါင်းဖို ၂ လုံးတည် ဆောက်နေပြီး၊ 16,045 MWe ထုတ်လုပ်ပေးနိုင်မည့် အဏုမြူဓာတ် ပေါင်းဖို ၁၂ လုံးတည်ဆောက်ရန် လျာထားသည်။ ဂျပန်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုပမာဏ၏ ၃၀ ရာခိုင်နှုန်းကို နျူကလီးယားစွမ်းအင်မှ ထုတ်လုပ်ခြင်းဖြစ်သည်။ စုစုပေါင်း ပမာဏ ၄၇.၅ GWန ထုတ်ပေးနိုင်ခြင်းဖြစ်သည်။ ၂၀၀၉ တွင် ၃၇ ရာခိုင်နှုန်း၊ ၂၀၁၄ တွင် ၄၁ ရာခိုင်နှုန်းအထိ တိုးမြှင့်ထုတ်လုပ်ရန် စီစဉ်ထားသည်။ ၂၀၀၇ ဇူလိုင် ၁၆ တွင် လှုပ်ခတ်ခဲ့သည့် မြေငလျင်ကြောင့် တိုကျိုရှိ နျူကလီးယားလျှပ်စစ်စွမ်းအင်ထုတ်စက်ရုံတစ်ရုံပျက်စီးခဲ့ ရသည်။ ထိုစက်ရုံ (Kashiwazaki-Kariwa) သည် ကမ္ဘာ့အကြီးဆုံး နျူကလီးယားစက်ရုံ ၇ ရုံတွင် တစ်ရုံအပါအဝင်ဖြစ်သည်။ ထိုစက်ရုံ ကြီးကို တစ်နှစ်ခန့်ပိတ်ကာ ပြင်ဆင်ခဲ့ရသည်။

ဂျော်ဒန်[ပြင်ဆင်ရန်]

ဂျော်ဒန်နိုင်ငံသည် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနိုင်ငံများနှင့် နျူကလီး ယားသဘောတူစာချုပ်များ လက်မှတ်ရေးထိုးထားသည်။ ၂၀၀၉ ဒီဇင်ဘာလတွင် ဂျော်ဒန်အဏုမြူစွမ်းအင်ကော်မရှင် (JAEC) မှ တောင်ကိုရီးယားနိုင်ငံ ဒေဝူးကုမ္ပဏီနှင့်ပူးပေါင်းပြီး 5 MW ပမာဏ ရှိ သုတေသနအဏုမြူဓာတ်ပေါင်းဖိုတစ်လုံးကို ပထမဦးဆုံးတည် ဆောက်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ဂျော်ဒန်သိပ္ပံနှင့်နည်းပညာ တက္ကသိုလ်မှ သုတေသနလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်ဖြစ် သည်။ ထိုသုတေသနအဏုမြူဓာတ်ပေါင်းဖိုနေရာသည် ဂျော်ဒန် နိုင်ငံအတွက် နျူကလီးယားနည်းပညာဌာနကြီးတစ်ခုဖြစ်လာစေ ရန် ရည်ရွယ်ထားသည်။ ထိုတက္ကသိုလ်ကြီးမှ အနာဂတ်အတွက် အဏုမြူကျွမ်းကျင်ပညာရှင်များအား မွေးထုတ်ပေးနိုင်ရန်လည်း ရည်ရွယ်ထားသည်။ ဂျော်ဒန်နိုင်ငံသည် နျူကလီးယားစက်ရုံတစ်ရုံကို အက္ကဘာမှ ၁၂ မိုင်ဝေးသည့် နေရာတွင် ၂၀၁၃ ခုနှစ်၌တည်ဆောက်ရန် စီစဉ် ထားသည်။ ထိုစက်ရုံမှထုတ်ပေးသည့် နျူကလီးယားစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားနှင့် ရေချိုများကိုထုတ်လုပ်ပေးနိုင်ရန်ရည်ရွယ် ထားသည်။ ဂျော်ဒန်နိုင်ငံသည် ယူရေနီယမ်တူးဖော်ခွင့်ရရှိထား သည့် နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။

ကာဇက်စတန်[ပြင်ဆင်ရန်]

ကာဇက်စတန်နိုင်ငံသည် နျူကလီးယားစွမ်းအင်ထုတ်လုပ်မှု ကို ၁၉၉၉ ခုနှစ်ကတည်းက ပိတ်ပင်ထားခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် သတ္တုနှင့်စွမ်းအင်ဝန်ကြီးက နောက် ၁၅ နှစ်အကြာတွင် နျူကလီး ယားစွမ်းအင်ကို ပြန်လည်ထုတ်လုပ်မည်ဟုကြေညာခဲ့သည်။ လက်ရှိ နျူကလီးယားစက်ရုံ ၃ ရုံကို ကရာဂန်ဒါအရပ်ရှိ ဘာကာရှာ ကန်ကြီးဘေးတွင် တည်ဆောက်ထားသည်။

မြောက်ကိုရီးယား[ပြင်ဆင်ရန်]

မြောက်ကိုရီးယားတွင် နျူကလီးယားစွမ်းအင်အသုံးပြုရေး အစီအစဉ်မရှိပေ။ ၂၀၀၃ နိုဝင်ဘာတွင် နျူကလီးယားတည်ဆောက် မှုလုပ်ငန်းမှန်သမျှ ရပ်ဆိုင်းထားကြောင်းသိရသည်။ ၂၀၀၅ စက်တင်ဘာလ ၁၉ ရက်နေ့တွင် မြောက်ကိုရီးယားသည် နျူက လီးယားအစီအစဉ်များကို ဖျက်သိမ်းရန်သဘောတူခဲ့ပြီး နျူကလီး ယားမထုတ်လုပ်ရေးသဘောတူစာချုပ်များတွင်လက်မှတ်ရေးထိုးခဲ့ သည်။ နိုင်ငံတကာစစ်ဆေးမှုများကိုလည်း လက်ခံခဲ့ပြီး နျူကလီး ယားစွမ်းအင်ကို အကျိုးရှိစွာအသုံးပြုရေးအတွက် ဂျပန်၊ အမေရိ ကန်တို့နှင့် ဆက်ဆံမှုများရှိနေသည်။

တောင်ကိုရီးယား[ပြင်ဆင်ရန်]

တောင်ကိုရီးယားတွင် လက်ရှိလည်ပတ်နေသည် နျူကလီး ယားဓာတ်ပေါင်းဖို ၁၈ လုံးရှိသည်။ နောက်ထပ် နှစ်လုံးထပ်မံတည် ဆောက်ဦးမည်ဟုသိရသည်။

မလေးရှား[ပြင်ဆင်ရန်]

မလေးရှားနိုင်ငံတွင် နျူကလီးယားအေဂျင်စီကိုထားရှိသော် လည်း ဝေဖန်မှုများကိုရင်ဆိုင်နေရသည်။ လက်ရှိ နျူကလီးယား စွမ်းအင်ဆိုင်ရာထုတ်လုပ်နိုင်သည့် အနေအထားတွင်မရှိသေးသော် လည်း အနာဂတ်တွင်ထူထောင်လာနိုင်စရာအကြောင်းရှိသည်။

မြန်မာနိုင်ငံ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည် နှင့်အညီ ကုလသမဂ္ဂမှ ပြဋ္ဌာန်းထားသော ဆုံးဖြတ်ချက်များကို အစဉ်လေးစားလိုက်နာနေသည့်နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ထို့ အပြင် ဂျီနီဗာမြို့ရှိ လက်နက်ဖျက်သိမ်းရေးကွန်ဖရင့်၏ မူလအဖွဲ့ ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် တက်ကြွစွာပါဝင်လျက်ရှိသည့် နိုင်ငံ တစ်နိုင်ငံဖြစ်သည်။

မြန်မာနိုင်ငံသည် နျူကလီးယားလက်နက်မပြန့်ပွားရေး စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ယင်းစာချုပ်နှင့်စပ်လျဉ်းသည့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ စောင့် ကြည့်မှု သဘောတူညီချက်ကိုလည်း ၁၉၉၅ ခုနှစ်တွင် IAEA နှင့် လက်မှတ်ရေးထိုးထားပြီးဖြစ်သည်။ ဒေသတွင်းအဆင့်တွင် လည်း မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနျူကလီးယား လက်နက် ကင်းမဲ့ရေးဇုန်စာချုပ်တွင်လည်း ပါဝင်ထားသည့် အာဆီယံ အသင်းဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်စေရန် နှင့် ကျန်းမာရေး၊ ပညာရေးနယ်ပယ်များတွင် ငြိမ်ချမ်းသောရည် ရွယ်ချက်များအတွက် အသုံးပြုရန် ကြိုးပမ်းမှုတစ်ရပ်အဖြစ် ရုရှား နိုင်ငံအပါအဝင် အခြားနိုင်ငံများသို့ ပညာသင်များစေလွှတ်ခြင်း အပြင် ရုရှားနိုင်ငံနှင့် ပူးပေါင်း၍ ၁၀ မဂ္ဂါဝပ်ရှိသော နျူကလီးယား ဓာတ်ပေါင်းဖိုတစ်ခုတည်ဆောက်ရန် သဘောတူညီချက်တစ်ခု ရှိခဲ့ဖူးသော်လည်း လုံလောက်သည့် အရင်းအမြစ်များမရှိခြင်း၊ နိုင်ငံ တကာမှ နားလည်မှု လွဲမှားမည်စိုးခြင်းတို့ကြောင့် လက်တွေ့လုပ် ဆောင်နိုင်ခြင်းမရှိသေးဘဲ ရပ်ဆိုင်းထားခဲ့သည်။ ယင်းစီမံကိန်း ကိုလည်း IAEA ၏ စောင့်ကြည့်မှု အစီအစဉ်အောက်မှနေ၍ ဆောင်ရွက်ရန် စီစဉ်ခဲ့သည်။

နျူကလီးယားလက်နက်ထုတ်လုပ်ရန် မြန်မာနိုင်ငံအနေဖြင့် အခြေခံအဆောက်အအုံနှင့် နည်းပညာအရလည်းကောင်း၊ ငွေကြေး အရင်းအမြစ်အရလည်း လုံလောက်မှုမရှိသည့် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခု သာဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားလက်နက် ထုတ်လုပ်နိုင်ရေးနိုင်သည့် အခြေအနေမရှိဟု ကျွမ်းကျင်သူအချို့က သုံးသပ်ကြသည်။

(၁၂.၆.၂၀၁၀ နေ့ထုတ် နိုင်ငံပိုင်သတင်းစာများမှ နိုင်ငံခြား ရေးဝန်ကြီးဌာန-နေပြည်တော်၏ သတင်းထုတ်ပြန်ချက်မှ ကောက်နုတ်ဖော်ပြသည်)

ပါကစ္စတန်[ပြင်ဆင်ရန်]

ပါကစ္စတန်နိုင်ငံတွင် အဏုမြူဓာတ်ပေါင်းဖိုနှစ်လုံးရှိသည်။ တတိယမြောက်ကိုလည်း တည်ဆောက်လျက် ရှိသည်။ လက်ရှိ နျူကလီးယားစွမ်းအင်ထုတ်လုပ်နိုင်စွမ်းပမာဏသည် 425 MWe ဖြစ်ကြောင်းသိရသည်။

ဖိလစ်ပိုင်[ပြင်ဆင်ရန်]

၂၀၀၄ ခုနှစ်တွင် သမ္မတ ဂလိုရီယာ အာရိုယိုက စွမ်းအင် ပေါ်လစီကိုချမှတ်ခဲ့သည်။ ထိုအစီအစဉ်တွင် ဘာတန်နျူကလီးယား စွမ်းအင်စက်ရုံတည်ဆောက်ရေးဖြင့် သဘာ၀ဓာတ်ငွေ့သုံးစွဲမှုတွင် အစားထိုးသုံးစွဲရန် အစီအစဉ်တစ်ခုပါဝင်လာသည်။

ဆီးရီးယား[ပြင်ဆင်ရန်]

ချာနိုဘိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးကတည်းက ဆီးရီးယားနိုင်ငံ သည် VVER-440 အမျိုးအစား အဏုမြူဓာတ်ပေါင်းဖိုတစ်လုံး တည်ဆောက်နေမှုကို ရပ်ဆိုင်းထားလိုက်သည်။ ထိုအစီအစဉ်ကို ၂၀၀၀ ပြည့်နှစ်တွင် ပြန်လည်အကောင်အထည်ဖော်ခဲ့ပြီး၊ ရုရှား နှင့်ပူးပေါင်းကာ နျူကလီးယားစက်ရုံတစ်ရုံတည်ဆောက်ရေး၊ ပင်လယ်ရေကို အဏုမြူစွမ်းအင်ဖြင့် ရေချိုရေသန့်ထုတ်လုပ်ရေး စက်ရုံများတည်ဆောက်ရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရသည်။

ထိုင်ဝမ်[ပြင်ဆင်ရန်]

ထိုင်ဝမ်တွင် လက်ရှိလည်ပတ်နေသည် နျူကလီးယားဓာတ် ပေါင်းဖို ၆ လုံးရှိသည်။ သို့သော် နျူကလီးယားထုတ်လုပ်မှုကို အထောက်အပံ့ပေးရေးကိစ္စနှင့်ပတ်သက်ပြီး KMT ပါတီနှင့် DPP ပါတီတို့အကြား သဘောထားကွဲပြားမှုများရှိနေသည်။ နျူကလီး ယားစွမ်းအင်ကို ၂၀၀၈ စွမ်းအင်ကောင်စီက သန့်စင်သောစွမ်းအင် အဖြစ် သတ်မှတ်ခဲ့သည်။

ထိုင်း[ပြင်ဆင်ရန်]

ထိုင်းစွမ်းအင်ဝန်ကြီး၏အဆိုအရ နိုင်ငံတော်ပိုင် လျှပ်စစ်စွမ်း အင်ဦးစီးအဖွဲ့ (EGAT) မှဦးဆောင်ပြီး နျူကလီးယားစက်ရုံနှစ်ရုံကို ၂၀၂၁ တွင်ဆောက်လုပ်မည်ဟုသိရသည်။ ထိုဆုံးဖြတ်ချက်ကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (Greenpeace) နှင့်လည်း ပြဿနာများရင်ဆိုင်နေရသည်။ ထိုင်းနိုင်ငံအနေဖြင့် နျူကလီးယား စွမ်းအားဖြင့် ရေအားလျှပ်စစ်ထုတ်လုပ်ရန်နှင့် ဇီ၀လောင်စာစက်ရုံ များတည်ဆောက်ရေးတွင် အထောက်အကူပြုရန်အတွက်တည် ဆောက်ရန်တွန်းအားပေးခြင်းခံနေရသည်။

ဗီယက်နမ်[ပြင်ဆင်ရန်]

၁၉၈၀ ခန့်ကတည်းက နျူကလီးယားစွမ်းအင်နှင့်ပတ်သက် ပြီး စတင်လေ့လာမှုများပြုခဲ့သည်။ လျှပ်စစ်စွမ်းအားအတွက် နျူကလီးယားမှထုတ်လုပ်ရန် အဓိကဦးတည်ထားသည်။ အမျိုးသား စွမ်းအင်စီမံကိန်းကို ၂၀၁၀ တွင်စတင်ဆောင်ရွက်ခဲ့သည်။ ၂၀၀၆ ဖေဖော်ဝါရီလတွင် နိုင်ငံတော်မှ နျူကလီးယားစွမ်းအင်စက်ရုံတစ်ရုံ ကို ၂၀၁၇ တွင်တည်ဆောက်မည်ဟု ကြေညာထားသည်။

ယီမင်[ပြင်ဆင်ရန်]

ယီမင်နိုင်ငံသည် အာရပ်အဏုမြူစွမ်းအင်အေဂျင်စီသို့ဝင်ထားပြီး နျူကလီးယားသုတေသီများကိုခေါ်ကာ သုတေသနပြုလုပ် လျက် ရှိသည်။ နျူကလီးယားကို ငြိမ်းချမ်းရေးအတွက်အသုံးပြုရန် အထူးသဖြင့် လျှပ်စစ်စွမ်းအင်အတွက် အသုံးပြုရန် ရည်ရွယ်ထား ကြောင်းသိရသည်။

ဩစတြေးလျ[ပြင်ဆင်ရန်]

ဩစတြေးလျတွင် နျူကလီးယားစက်ရုံမရှိပေ။ သို့သော် ဩစတြေးလျနိုင်ငံတွင် ယူရေနီယံသတ္တုသိုက်များစွာရှိပြီး ကမ္ဘာ့ ယူရေနီယံထုတ်လုပ်မှု၏ ၄၀ ရာခိုင်နှုန်းခန့်ရှိနေသည်။ ကနေဒါနိုင်ငံပြီးလျှင် ကမ္ဘာ့ယူရေနီယံထုတ်လုပ်မှုတွင် ဒုတိယနေရာ ၌ရှိနေသည်။ နိုင်ငံအတွင်း ကျောက်မီးသွေးနှင့် သဘာ၀ဓာတ်ငွေ့ များ ပေါကြွယ်ဝသဖြင့် နျူကလီးယားစွမ်းအင်ကို ခိုင်ခိုင်မာမာဆန့် ကျင်ကာ မသုံးစွဲသေးသော နိုင်ငံလည်းဖြစ်သည်။

၂၀၀၅ ခုနှစ်တွင် ဩစတြေးလျအစိုးရသည် ဖွဲ့စည်းပုံ အခြေခံဥပဒေကိုအသုံးပြုပြဋ္ဌာန်းပြီး နျူကလီးယားဆန့်ကျင်သော အစိုးရအဖြစ်ရပ်တည်ခဲ့သည်။ တရုတ်အစိုးရနှင့်လည်း အကာ အကွယ်ပေးရေးသဘောတူညီချက်များအရ ယူရေနီယံများကို ပေးပို့လျက်ရှိသည်။ ဩစတြေးလျ လေဘာပါတီအစိုးရအနေ ဖြင့်လည်း နောက်ထပ်သတ္တုမိုင်းအသစ်များ ထပ်မံတူးဖော်ခြင်းမပြု နိုင်ရေးအတွက် ဥပေဒေများပြဋ္ဌာန်းဆောင်ရွက်လျက်ရှိသည်။ ဂျွန် ဟိုးဝပ်သည် ၂၀၀၇ နိုဝင်ဘာတွင်ကျင်းပသည့် ပြည်နယ်ရွေးကောက် ပွဲတွင် နျူကလီးယားစွမ်းအင်ကိုထောက်ခံမှုဖြင့် စည်းရုံးလှုပ်ရှားခဲ့ သော်လည်း လေဘာပါတီကို ရှုံးနိမ့်ခဲ့ရသည်။ လေဘာပါတီသည် နျူကလီးယားဆန့်ကျင်ရေးကိုဆောင်ရွက်နေသည့်ပါတီဖြစ်သည်။

နယူးဇီလန်[ပြင်ဆင်ရန်]

နယူးဇီလန်နိုင်ငံသည် နျူကလီးယားကင်းမဲ့ဇုံ၊ လက်နက် ဖျက်သိမ်းရေးနှင့် လက်နက်ထိန်းချုပ်ရေးအက်ဥပဒေကို ၁၉၈၇ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည်။ ထိုဥပဒေအရ နိုင်ငံအတွင်း နျူကလီး ယားလက်နက်များမထုတ်လုပ်ရေး၊ နိုင်ငံပိုင်ရေနယ်နိမိတ်အတွင်း နျူကလီးယားလက်နက်တင်ဆောင်ထားသည့်သင်္ဘောများ၊ နျူကလီးယား စွမ်းအင်ဖြင့်မောင်းနှင်သည့်သင်္ဘောများမဖြတ်သန်းရေး တို့ကို တားမြစ်ထားသည်။ သို့သော် ပါလီမန်ဥပဒေတွင် နျူကလီး ယားစက်ရုံတည်ဆောက်ခြင်းကို တားမြစ်ထားခြင်းမရှိပေ။ ၂၀၀၈ ခုနှစ်စစ်တမ်းအရ နျူကလီးယားစွမ်းအင်ကိုထောက်ခံသူ အနည်း ငယ်သာရှိသည်။ Italic text

အယ်လ်ဘေးနီးယား[ပြင်ဆင်ရန်]

နျူကလီးယားစက်ရုံမရှိပေ။ သို့သော် ၂၀၀၇ တွင် အစိုးရ သည် နျူကလီးယားစွမ်းအင်စက်ရုံတစ်ရုံကို ဒါးရပ်စ်ဒေသတွင် ဆောက်လုပ်ရန်ဆွေးနွေးတင်ပြခဲ့ဖူးသည်။ ပြည်တွင်းစွမ်းအင်လို အပ်ချက်ကိုဖြည့်ဆည်းရန်နှင့် အိမ်နီးချင်း ဘော်လ်ကန်ဒေသများ နှင့် အီတလီသို့ ရေအောက်ကြိုးများဖြင့် လျှပ်စစ်ဓာတ်အားကို ပို့ ဆောင်ရောင်းချနိုင်ရေးအတွက် နျူကလီးယားစွမ်းအင်ကို ထုတ်လုပ်ရန် ရည်ရွယ်ခဲ့သည်။ ၂၀၀၉ ဧပြီလတွင် အယ်လ်ဘေးနီး ယားနှင့် ခရိုရေးရှားတို့ပူးပေါင်းပြီး 1,500 MWe နျူကလီးယား စွမ်းအင်စက်ရုံတစ်ရုံကို ရှာကိုးဒါးကန်ကြီးဘေးတွင် တည်ဆောက် ရန် ကြေညာခဲ့သည်။ ထိုဒေသသည် မွန်တီနီဂရိုးနှင့် အယ်လ်ဘေး နီးယားနယ်စပ်တွင်ရှိသည်။

ဩစတီးယား[ပြင်ဆင်ရန်]

၁၉၆၀ နှစ်ပိုင်းလောက်တွင် ဩစတီးယားအစိုးရသည် နျူကလီးယားစွမ်းအင်အစီအစဉ်ကို စတင်ခဲ့သည်။ ပါလီမန်က တစ်ညီတစ်ညွတ်တည်းတည်ဆောက်ရန် ထောက်ခံခဲ့ကြခြင်းဖြစ် သည်။ ၁၉၇၂ တွင် ဂျာမန်ကုမ္ပဏီတစ်ခုဖြစ်သည့် KWU သည် Zwentendorf အမည်ရှိ 700 MWe အဏုမြူဓာတ်ပေါင်းဖိုတစ်လုံး ကို စတင်တည်ဆောက်ပေးခဲ့သည်။ ၁၉၇၆ နျူကလီးယားစွမ်းအင် စက်ရုံမဖွင့်မီ ၂ နှစ်ခန့်စောပြီး အစိုးရသည် နိုင်ငံသူနိုင်ငံသားများ အတွက် နျူကလီးယားလုံခြုံရေးနှင့် အကျိုးရှိစွာသုံးစွဲမှုဖြစ်ကြောင်း ကို ပညာပေးခဲ့သည်။ သို့သော် ၁၉၇၇ တွင် လူထုအတွင်းစည်းရုံး ရေးသည် စက်ရုံကိုဆန့်ကျင်သည် ဆန္ဒပြပွဲအသွင်သို့ကူးပြောင်း သွားခဲ့ရသည်။ ၁၉၇၈ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ဩစတီး ယားပါလီမန်က ၁၉၉၈ ခုနှစ်အထိ နျူကလီးယားစွမ်းအင်ကို အသုံးမပြုရန် ပိတ်ပင်လိုက်သည်။ ထိုဥပဒေအရ နိုင်ငံအတွင်း နျူကလီးယားပစ္စည်းများကိုပါ နိုင်ငံအတွင်း သယ်ယူပို့ဆောင် ခြင်း၊ သိုလှောင်ခြင်းတို့ကိုတားမြစ်ထားသည်။ ၁၉၉၇ ဇူလိုင် ၂ ရက်နေ့တွင် ဩစတီးယား ပါလီမန်သည် နျူကလီးယားဆန့်ကျင် သည့်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်သွားရန် ဆုံးဖြတ်ခဲ့သည်။

ပြင်သစ်[ပြင်ဆင်ရန်]

၁၉၇၀ ခုနှစ်ပိုင်းလောက်ကတည်းက ရေနံလောင်စာပြဿနာ ကြောင့် ပြင်သစ်အစိုးရသည် ၁၉၇၄ တွင် လျှပ်စစ်စွမ်းအင်ထုတ် လုပ်မှုတွင် လုံလောက်သည့်ပမာဏလောက်သာ နျူကလီးယားစွမ်း အင်ကိုထုတ်မည်ဟုဆုံးဖြတ်ခဲ့သည်။ ယခုအခါ ပြည်တွင်း လျှပ်စစ် စွမ်းအင်ထုတ်လုပ်မှု၏ ၇၈ ဒဿမ ၁ ရာခိုင်နှုန်းကို နျူကလီးယား စွမ်းအင်မှထုတ်လုပ်ပေးလျက် ရှိသည်။ ပြင်သစ်သည် နိုင်ငံအတွင်း သုံးစွဲမှုမှ ပိုလျှံသည့် နျူကလီးယားစွမ်းအင်များကို နိုင်ငံခြားသို့ တင်ပို့သည့်နိုင်ငံလည်းဖြစ်သည်။ ထိုနိုင်ငံများတွင် နျူကလီးယား စွမ်းအင်အသုံးပြုရန် ဆန့်ကျင်ထားခြင်းခံရသည့် ဂျာမနီနိုင်ငံများ လည်းပါဝင်သည်။ ပြင်သစ်လျှပ်စစ်စွမ်းအင်ဘုတ်အဖွဲ့သည် 1630 Mwe EPR ပမာဏထုတ်ပေးနိုင်သည့် နျူကလီးယားစက်ရုံတစ်ရုံကို နော်မန်ဒီကမ်းခြေရှိ ဖလာမန်ဗီးလ်အရပ်တွင် ၂၀၀၇ နှောင်းပိုင်း၌ တည်ဆောက်လျက် ရှိပြီး ၂၀၁၂ တွင်ပြီးဆုံးမည်ဟုခန့်မှန်းရသည်။

ဂျာမနီ[ပြင်ဆင်ရန်]

၂၀၀၀ ပြည့်နှစ်တွင် ဂျာမန်အစိုးရသည် Green Party နှင့်ပူး ပေါင်းပြီး ဂျာမနီနိုင်ငံတွင် နျူကလီးယားစွမ်းအင်ကို အဆင့်ဆင့် ရပ်ဆိုင်းသွားရန် ကြေညာထားသည်။ ထို့ကြောင့်နိုင်ငံအတွင်းရှိ စွမ်းအင်ကုမ္ပဏီများနှင့် နျူကလီးယားစက်ရုံ ၁၉ ရုံလည်း ၂၀၂၀ တွင် ရပ်ဆိုင်းသွားရန် အလားအလာရှိနေသည်။ ဂျာမနီတွင် Nuclear Exit Law ကိုလည်း ထုတ်ပြန်ထားသည်။ Stade ဒေသနှင့် Obrigheim အရပ်ရှိ နျူကလီးယားစက်ရုံများကို ၂၀၀၃ နိုဝင်ဘာ ၁၄ နှင့် ၂၀၀၅ မေ ၁၁ တို့တွင်ပိတ်ခဲ့သည်။ ၂၀၀၇ အထိအဆင့်ဆင့် စက်ရုံများကို ပိတ်ရန်စီစဉ်ခဲ့သည်။ သို့သော် Nuclear Exit Law တွင် Gronau အရပ်ရှိ နျူကလီးယားစက်ရုံကို ဆက်လက်ဖွင့်လှစ် ခွင့်ပေးထားသည်။

အီတလီ[ပြင်ဆင်ရန်]

အီတလီတွင် ၁၉၈၆ ခုနှစ် ချာနိုဘိုင်းဒေသနျူကလီးယား စက်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးကတည်းက တစ်နိုင်ငံလုံးအမျိုးသား ညီလာခံမှ နျူကလီးယားစက်ရုံလေးရုံကို ပိတ်ပစ်ရန် သဘောတူခဲ့သည်။ နောက်ဆုံးစက်ရုံကို ၁၉၉၀ တွင် ပိတ်ပစ်နိုင်ခဲ့သည်။ ဆောက်လုပ်ဆဲစက်ရုံများကိုလည်း ၁၉၉၃ ခုနှစ်အထိရပ်ဆိုင်းထား ခဲ့ပြီး ဆက်လက်ဆိုင်းငံ့ထားဆဲဖြစ်သည်။

ဝန်ကြီးချုပ် ဆဲလ်ဗီယို ဘာလုစ်ကိုနီသည် နျူကလီးယားစွမ်း အင်နှင့်ပတ်သက်ပြီး ၂၀၀၅ ခုနှစ်တွင် ပြန်လည်အသုံးပြုရေး အတွက်ဆွေးနွေးရာ အပြင်းအထန်ဝေဖန်ခြင်းခံရသည်။ အီတလီ တွင်လက်ရှိ လျှပ်စစ်စွမ်းအင် ၈၅ ရာခိုင်နှုန်းကို နိုင်ငံခြားမှရယူနေရ သဖြင့် ပြန်လည်စဉ်းစားလာကြခြင်းဖြစ်သည်။ ၂၀၀၇ နိုဝင်ဘာ ၁၃ ရက်နေ့ ရောမ၌ကျင်းပပြုလုပ်သည့် ကမ္ဘာ့စွမ်းအင်ကောင်စီ တွင် အီတလီ၏နျူကလီးယားရပ်တည်ချက်နှင့်ပတ်သက်ပြီး Paolo Scaroni ကုမ္ပဏီမှ CEO ဖြစ်သူ Eni က အပြင်းအထန်ဝေဖန်ခဲ့ သည်။ ၂၀၀၈ မေလ ၂၂ ရက်တွင် အီတလီစက်မှုဝန်ကြီးက ၂၀၁၃ ခုနှစ်တွင် နျူကလီးယားစွမ်းအင်စက်ရုံကို အသစ်ပြန်လည်တည် ဆောက်မည်ဟု ထုတ်ပြန်ကြေညာထားသည်။

ရုရှား[ပြင်ဆင်ရန်]

ရုရှားတွင် အဏုမြူဓာတ်ပေါင်းဖို ၃၁ လုံးရှိသည်။ နောက် ထပ် ၃ လုံးကိုဆောက်လုပ်ဆဲဖြစ်ပြီး၊ ၂၇ လုံးဆက်လက်ဆောက် လုပ်ရန်စီစဉ်ထားကြောင်းသိရသည်။ ရုရှားသည် ရေပေါ်နျူကလီး ယားစက်ရုံစီမံကိန်းများကိုလည်း စတင်ဆောက်လုပ်အကောင် အထည်ဖော်နေသည်။ Lomonosov အမည်ရှိ ဒေါ်လာ ၂၀၄ ဒဿမ ၉ သန်းတန် နျူကလီးယားထုတ်လုပ်မည့် သင်္ဘောကြီး တစ်စင်းကို ၂၀၁၀ တွင်အပြီးတည်ဆောက်ထားသည်။ ရုရှားနိုင်ငံ တစ်ဝန်း စွမ်းအင်အညီအမျှရရှိရေးကို ရည်ရွယ်သည်ဟုဆိုသည်။ ရုရှားကုန်းမြေပေါ်တွင် တည်ဆောက်ထားသည့် နျူကလီးယား စက်ရုံများသည် မြို့ပေါင်း ၂ သိန်းခန့်ကိုသာ လျှပ်စစ်စွမ်းအင်များ ပေးနိုင်ပြီး ပင်လယ်ရေချိုထုတ်လုပ်ရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်ပေးနိုင်သည်။ နိုင်ငံတော်ပိုင် Rosatom ကုမ္ပဏီက နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ရေပေါ်နျူကလီး ယားစက်ရုံသင်္ဘောများကို ဝယ်ယူရန်စိတ်ဝင်စားနေကြောင်း ပြောကြားခဲ့သည်။

ဗြိတိန်[ပြင်ဆင်ရန်]

ဗြိတိန်၏အနာဂတ် နျုကလီးယားစွမ်းအင်အရေးကို ပြန်လည် သုံးသပ်ဆွေးနွေးနေကြပြီဖြစ်သည်။ နိုင်ငံတစ်ဝန်းလုံးတွင် အဏုမြူ ဓာတ်ပေါင်းဖိုများစွာရှိပြီး ထိုဓာတ်ပေါင်းဖိုများ၏သက်တမ်းက လည်း ကုန်ဆုံးတော့မည်ဖြစ်သည်။ ထိုဓာတ်ပေါင်းဖိုများနေရာတွင် မည်သည့်အစားထိုးမှုများပြုလုပ်မည်ကိုလည်း မဆုံးဖြတ်ရသေး ပေ။ ဗြိတိန်သည် CO2 ထုတ်လုပ်မှုကို လျော့ချရန်ပျက်ကွက်လျက် ရှိသဖြင့် နောက်ထပ်နျူကလီးယားစက်ရုံအသစ်များတည်ဆောက် ရန်လည်း မဖြစ်နိုင်သေးပေ။ နိုင်ငံအတွင်း သဘာ၀ဓာတ်ငွေ့လောင် စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများရှိသော်လည်း ဓာတ်ငွေ့ လောင်စာရရှိမှု အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

ဗြိတိန်အစိုးရသည် နျူကလီးယားကိုထောက်ခံသည့်အစိုးရ လက်ထက် ၂၀၀၈ ဇန်နဝါရီတွင်၊ နျူကလီးယားလောင်စာကို ရင်ဆိုင်နေရသည့် လျှပ်စစ်စွမ်းအင်ပြဿနာဖြေရှင်းရေးအတွက် စက်ရုံသစ်များဆောက်လုပ်ခွင့်ကို သဘောတူညီမှုရရှိခဲ့သည်။ ၂၀၂၀ တွင် ပထမဦးဆုံး စက်ရုံသစ်ကိုဆောက်လုပ်ရန် မျှော်လင့်ထား သည်။ သို့သော် စကော့တလန်အစိုးရက ထိုအစီအစဉ်ကို ပြောင် ပြောင် တင်းတင်းကန့်ကွက်လျက်ရှိသည်။

အမေရိကန်[ပြင်ဆင်ရန်]

၂၀၀၈ ခုနှစ်အထိ အမေရိကန်ပြည်ထောင်စုတွင် နျူကလီး ယားစက်ရုံပေါင်း ၁၀၄ ခုရှိသည်။ ၆၉ ခုမှာ ရေဖိအားသုံးအဏုမြူ ဓာတ်ပေါင်းဖိုများဖြစ်ပြီး၊ ၃၅ ရုံမှာ ရေနွေးငွေ့အားသုံး ဓာတ်ပေါင်း ဖိုများဖြစ်သည်။ လုပ်ငန်းသုံးနျူကလီးယားစက်ရုံများကို လိုင်စင် ယူပြီးမှ လည်ပတ်ခွင့်ရှိပြီး ယခုအခါ စုစုပေါင်း လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီပေါင်း ၈၀၆ ဒသမ ၂ ဘီလီယံထုတ်လုပ်ပေးလျက် ရှိ သည်။ နိုင်ငံလျှပ်စစ်ဓာတ်အားသုံးစွဲမှုပမာဏစုစုပေါင်း၏ ၁၉ ဒသမ ၆ ရာခိုင်နှုန်း ထုတ်လုပ်ပေးနေရခြင်းဖြစ်သည်။ အမေရိကန် ပြည်ထောင်စုသည် စီးပွားရေးလုပ်ငန်းသုံးနျူကလီးယားပါဝါကို အထုတ်လုပ်ဆုံးနိုင်ငံဟုဆိုနိုင်သည်။ ၂၀၁၀ ဖေဖော်ဝါရီလတွင် သမ္မတအိုဘာမား၏အုပ်ချုပ်ရေးအဖွဲ့မှ ဂျော်ဂျီယာနိုင်ငံတွင် နျူကလီးယားစက်ရုံနှစ်ရုံဆောက်လုပ်ရန် ဒေါ်လာ ၈ ဘီလီယံချေး ငှားပေးမည်ဟု ခွင့်ပြုခဲ့သည်။ ထိုခွင့်ပြုငွေဖြင့်သာ နျူကလီးယား စက်ရုံများဆောက်မည်ဆိုလျှင် ၁၉၇၀ လောက်ကတည်းက ရပ်ဆိုင်းထားသည့် အဏုမြူစက်ရုံတည်ဆောက်ခြင်းကို ပြန်လည် စတင်ခြင်းဟုဆိုရမည်။

အမေရိကန်နိုင်ငံအနေဖြင့် နျူကလီးယားတစ်ရေးပြန်နိုးလာ ခြင်းမှာ အကြောင်းရှိသည်။ ပြည်ထောင်စုအစိုးရအနေဖြင့် Nuclear Power 2010 Program ဖြင့် နျူကလီးယားပြန်လည် ထုတ်လုပ်ရေးကို ခွင့်ပြုခဲ့သည်။ ထို့ပြင် Energy Policy Act ကို လည်း ပြဋ္ဌာန်းပေးပြီး လောင်စာစွမ်းအင်မြှင့်တင်ရေးကို အားပေးလုပ်ဆောင်ခဲ့သည်။

၂၀၁၀ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် သမ္မတ ဘားရက် အိုဘားမားသည် ဂျော်ဂျီယာပြည်နယ်ရှိ Vogtle NPP ကုမ္ပဏီသို့ နျုကလီးယားစက်ရုံနှစ်ရုံဆောက်လုပ်ရေးအတွက် ချေးငွေများထုတ် ပေးရန် ကတိပြုခဲ့သည်။ ၂၀၀၉ မတ်လ ၉ ရက်နေ့ကတည်းက အမေရိကန်နျူကလီးယားထိန်းချုပ်ရေးအဖွဲ့သည် နျုကလီးယား စွမ်းအင်ထုတ်လုပ်ရန်အတွက် စက်ရုံသစ်ဆောက်လုပ်ရန် လျှောက်ထားသူပေါင်း ၂၆ ဦးထံမှလျှောက်လွှာများရရှိခဲ့သည်။ နောက်ထပ် လုပ်ပိုင်ခွင့်လျှောက်ထားရန် ၇ ခုခန့်တက်လာနိုင် ကြောင်း သိရသည်။ ယခုအခါ အဏုမြူဓာတ်ပေါင်းဖို ၆ လုံးမှာ ယူပြီးဖြစ်သည်။

အမေရိကန်သည် ဒုတိယကမ္ဘာစစ်ပြီးကတည်းက အဏုမြူ စွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရေး သုတေသနပြုမည်ဟုဆုံးဖြတ်ကာ အဏုမြူစွမ်းအင်ကော်မရှင်၏ ဦးဆောင်မှုကို ခံယူခဲ့သည်။ သို့ဖြစ်ရာ ၁၉၄၆ ခုနှစ်တွင် အဏုမြူစွမ်းအင်အက်ဥပဒေကို ပြဋ္ဌာန်း ခဲ့သည်။ ဆေးပညာရှင်များသည် အဏုမြူမှထုတ်လုပ်ရရှိသည့် ရေဒီယိုရောင်ခြည်ဓာတ်သတ္တိဖြင့် ကင်ဆာဆဲလ်များပွားများခြင်းကို တားဆီးပေးနိုင်မှုအား စိတ်ဝင်စားလာကြသည်။ သို့ဖြင့် အဏုမြူကို ရောဂါကုသရေးတွင် အသုံးပြုရန် ပစ္စည်းကိရိယာများတီထွင်မှုကို ဦးစားပေးလုပ်ဆောင်လာသည်။

၁၉၆၀ နောက်ပိုင်းတွင် နျူကလီးယားစွမ်းအင်အသုံးပြုမှု သည် အမေရိကန်နိုင်ငံတွင်ဖွံ့ဖြိုးလာပြီး အဏုမြူစွမ်းအင်ကော်မရှင် ၏ ထိန်းချုပ်မှုအောက်တွင် အဏုမြူဓာတ်ပေါင်းဖို ၁၀၀၀ ကျော် အထိ ၂၀၀၀ ပြည့်နှစ်တွင်ဖြစ်လာခဲ့သည်။ ၁၉၇၀ နှစ်ပိုင်းတွင် အဏုမြူလောင်စာစွမ်းအင်ဘေးအန္တရာယ်ကြောင့် စက်ရုံပေါင်း ၁၂၀ ကို ဖျက်သိမ်းခဲ့သည်။

၁၉၇၀ မှ ၁၉၉၂ ခုနှစ်အတွင်း နျူကလီးယားစွမ်းအင်အသုံး ပြုမှုကြောင့် အမေရိကန်နိုင်ငံအတွင်း သေဆုံးမှုများကို IAEA မှ အဖွဲ့တစ်ဖွဲ့နှင့် သုတေသီ ပေါလ်ရှာရာတို့ကစုံစမ်းဖော်ထုတ်ခဲ့ သည်။ သူတို့စာရင်းတွင် နျူကလီးယားစက်ရုံများတွင် အလုပ်လုပ် နေသူပေါင်း ၃၉ ဦးသေဆုံးခဲ့သည်။ ထိုနှစ်အပိုင်းအတွင်း ကျောက်မီးသွေးစွမ်းအင်သုံးစက်ရုံများတွင် အလုပ်လုပ်ရင်း သေဆုံးသည့်လုပ်သားမှာ ၆၄၀၀၊ သဘာ၀ဓာတ်ငွေ့လောင်စာ စက်ရုံများတွင် အလုပ်လုပ်ရင်း သေဆုံးသူ ၁၂၀၀၊ ရေအား လျှပ်စစ်စက်ရုံများတွင် အလုပ်လုပ်ရင်းသေဆုံးသူမှာ ၄၀၀၀ ခန့် ဖြစ်နေကြောင်းတွေ့ရသည်။ ကျောက်မီးသွေးလောင်စာစွမ်းအင် ထုတ်လုပ်မှုကြောင့် အမေရိကန်နိုင်ငံတွင် အဆုတ်ဝေဒနာခံစား ရကာ နှစ်စဉ်လူပေါင်း ၂၄၀၀၀ ခန့်အသက်ဆုံးရှုံးနေရပြီး၊ လူပေါင်း ၄၀၀၀၀ ခန့်မှာ နှလုံးရောဂါဝေဒနာများ ခံစားနေရသည်ဟုဆို သည်။ အမေရိကန်သိပ္ပံမဂ္ဂဇင်းကြီး၏အဆိုအရ ကျောက်မီးသွေး လောင်စာစက်ရုံများမှစွန့်ထုတ်လိုက်သည့် မီးခိုးငွေ့များသည် နျူကလီးယားစွမ်းအင်စက်ရုံများမှထုတ်လွှတ်လိုက်သည့် ရေဒီယို ဓာတ်သတ္တိများထက် အဆပေါင်း ၁၀၀ ကျော် သက်ရောက်မှုပို ကြောင်းသိရသည်။

နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ IAEA (International Atomic Energy Agency)[ပြင်ဆင်ရန်]

IAEA ကို ၁၉၅၇ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင်စတင်ထူ ထောင်ခဲ့သည်။ ၁၉၅၆ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ကုလသမဂ္ဂဌာနချုပ်တွင်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာညီလာခံ တစ်ရပ်မှ IAEA ဥပဒေကိုအတည်ပြုခဲ့သည်။ အတည်ပြုရန်စာတမ်း များကို နိုင်ငံပေါင်း ၁၈ နိုင်ငံတို့ကတင်သွင်းကြပြီး ထိုနိုင်ငံများထဲ တွင် ကနေဒါ၊ ပြင်သစ်၊ ရုရှား၊ ဗြိတိန်၊ အမေရိကန်ပြည်ထောင်စု တို့ပါဝင်သည်။

IAEA အဖွဲ့လုပ်ငန်းများနှင့် ကုလသမဂ္ဂတို့ဆက်စပ်နေ ကြောင်း သဘောတူညီချက်တစ်ရပ်ကို ၁၉၅၇ ခုနှစ် အောက်တိုဘာ ၂၃ ရက်နေ့တွင် အဖွဲ့အထွေထွေညီလာခံ မှလည်းကောင်း၊ ၁၉၅၇ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံ ကလည်းကောင်း အတည်ပြုခဲ့ကြသည်။

IAEA အဖွဲ့ကြီး၏ရည်ရွယ်ချက်များမှာ -

"အဏုမြူစွမ်းအင်၏ အထောက်အကူကို ကမ္ဘာတစ်ဝန်းလုံး ငြိမ်းချမ်းရေး၊ ကျန်းမာရေးနှင့် ချမ်းသာဝပြောရေးတို့အတွက် တိုးချဲ့ရန်နှင့် လျင်မြန်စွာဆောင်ရွက်ရန်"

"IAEA အဖွဲ့က ပေးအပ်သော သို့မဟုတ် အဖွဲ့၏ မေတ္တာရပ်ခံ ချက်အရ ပေးအပ်သော သို့မဟုတ် အဖွဲ့၏ကြီးကြပ်မှုဖြင့်ဖြစ်စေ၊ ကွပ်ကဲမှုဖြင့်ဖြစ်စေ ပေးအပ်သောအကူအညီအား မည်သည့်စစ်ရေး ကိစ္စကိုမဆို တိုးမြှင့်ရေးအတွက် အသုံးမပြုကြောင်း အာမခံရန်" တို့ဖြစ်သည်။

ထိုရည်ရွယ်ချက်များ အောင်မြင်အထမြောက်ရေးအတွက် IAEA ၏အဓိကတာဝန်ဝတ္တရားများမှာ

- ငြိမ်းချမ်းသောလုပ်ငန်း ကိစ္စများအတွက် အဏုမြူစွမ်းအင် အသုံးပြုမှုများကို မြှင့်တင်ပေးရန် - အဏုမြူသုတေသနလုပ်ငန်းများနှင့် အဏုမြူအသုံးချမှုများ ကိုကူညီရန် - ဆေးဝါးကုသရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ မိုးလေ၀သ နှင့် ဇလဗေဒလုပ်ငန်း၊ စက်မှုလုပ်ငန်းများတွင်ရေဒီယို ဓာတ်သတ္တိ များ အသုံးပြုမှုကို မြှင့်တင်ပေးရန် - သတင်းအချက်အလက်များဖလှယ်ရေး၊ ကျွမ်းကျင်မှု အကူ အညီပေးရေး၊ ပညာတော်သင်များစေလွှတ်ရေး၊ ပစ္စည်းကိရိယာများ ထောက်ပံ့ရေးများကို ဆောင်ရွက်ရန် - စစ်ရေးအတွက်အဏုမြူစွမ်းအင်လွှဲပြောင်းအသုံးပြုမှုအား တားမြစ်ရန် - နျူကလီးယားလက်နက်များ မပြန့်ပွားရေးစာချုပ်အရ ထိန်းသိမ်း ကွပ်ကဲမှုများကို ပြုလုပ်ရန် - လုံခြုံရေးအတွက် စံများသတ်မှတ်ရန် - လုံခြုံရေးမစ်ရှင်အဖွဲ့များစေလွှတ်ရန် - ဥပဒေများနှင့် သဘောတူစာချုပ်များကို မူကြမ်းရေးဆွဲပြုစုရာ တွင် ကူညီရန် - နျူကလီးယား ကိစ္စရပ်များအကြောင်း ရေးသားထုတ်ဝေထား သည့် စာအုပ်စာတမ်းများနှင့်ပတ်သက်၍ သိကောင်းစရာများအား စုဆောင်းဖြန့်ဖြူးပေးသည့် အပြည်ပြည်ဆိုင်ရာပြန်ကြားရေးစနစ် (INIS) ကိုအကောင်အထည်ဖော်ဆောင်ရွက်ရန်တို့ဖြစ်သည်။

အထွေထွေညီလာခံတွင် IAEA အဖွဲ့ဝင်များအား လုံးပါဝင် သည်။ ယင်းညီလာခံကို နှစ်စဉ်ပုံမှန်ကျင်းပပြီး အထူးအစည်း အဝေးများကို လိုအပ်သလိုကျင်းပသည်။ ညီလာခံတွင် IAEA ၏ ဥပဒေဘောင်အတွင်းရှိ မည်သည့် ပြဿနာရပ်များကိုမဆို ဆွေးနွေးနိုင်သည်။ IAEA ဌာနချုပ်ကို ဩစတီးယားနိုင်ငံ ဗီယင်နာ မြို့တွင်ဖွင့်လှစ်ထားသည်။

နျူကလီးယားဆန့်ကျင်ရေး[ပြင်ဆင်ရန်]

နျူကလီးယားဆန့်ကျင်ရေးကို စိုးရိမ်ကြောင့်ကျမှုကြီးစွာဖြင့် နိုင်ငံများတွင် ပြုလုပ်နေကြသည်။ နျူကလီးယားသည် ကြောက်ရွံ့စရာကောင်းသလောက် တန်ဖိုးကြီးလှသည်။ အဘယ် ကြောင့် သုံးရသနည်းဆိုသည့်မေးခွန်းများအပြင် အခြားယူဆချက် များကြောင့်လည်း စိုးရိမ်မှုများဖြစ်နိုင်သည်။

၁။ နျူကလီးယား မတော်တဆမှု

နျူကလီးယားစွမ်းအင်စက်ရုံကြီးသည် အပူရှိန်မြင့်တက်ပြီး ပေါက်ကွဲသွားနိုင်သည်။ ရေဒီယိုဓာတ်သတ္တိများကြွပြီး လူများသေ ကြေပျက်စီးနိုင်သည်။

၂။ နျူကလီးယားစွန့်ပစ်ပစ္စည်းများမှ ရေဒီယိုဓာတ်သတ္တိများထုတ် နိုင်သေးသည်

နျူကလီးယားစွမ်းအင်ထုတ်လုပ်မှုတွင် ရေဒီယိုသတ္တိကြွနိုင် သည့် စွန့်ပစ်ပစ္စည်းပေါင်းများစွာကိုလည်း စွန့်ထုတ်ရသည်။ ထို စွန့်ပစ်ပစ္စည်းများသည် နှစ်ကာလရှည်ကြာလာလျှင် အန္တရာယ်ရှိ လာလိမ့်မည်။

၃။ နျူကလီးယားများတိုးပွားလာမည်

နျူကလီးယားထုတ်လုပ်ရာတွင် လိုအပ်သည့်ပစ္စည်းများ၊ ကျွမ်းကျင်ပညာရှင်များပေါများလာလျှင် နျူကလီးယားလက်နက် ထုတ်လုပ်နိုင်သည့် အခြေအနေပေါင်းများစွာ တိုးပွားလာလိမ့်မည်။

၄။ ဈေးနှုန်းမြင့်မားသည်

နျူကလီးယားစက်ရုံတစ်ရုံတည်ဆောက်ရန်အတွက် တိုင်း ပြည်တစ်ပြည်တွင် ငွေကုန်ကြေးကျအရမ်းများသည်။

၅။ နျူကလီးယားအကြမ်းဖက်မှု

နျူကလီးယားများတိုးပွားလာလျှင် အကြမ်းဖက်သမားများ အတွက် ကိုင်ဆောင်စရာနှင့် ခြိမ်းခြောက်စရာ လက်နက်များလည်း တိုးပွားလာလိမ့်မည်။

၆။ ပြည်သူတို့လွတ်လပ်မှုများ လျော့နည်းသွားမည်

နျူကလီးယားမတော်တဆမှုများ ဖြစ်ပွားလာလေမလားဆို သည့် သောကပွားစရာများ ပြည်သူတို့တွင်ဖြစ်လာလိမ့်မည်။ အကြမ်းဖက်ဝါဒနှင့် ခြိမ်းခြောက်မှုများကြောင့် လူ့အခွင့်အရေးများ ဆုံးရှုံးလိမ့်မည်။

အထက်ပါအချက်များသည် ကမ္ဘာ့ပြည်သူများအတွက် နျူကလီးယားသောကများဖြစ်သည်။

မည်သို့ဆိုစေ ၂၁ ရာစုကို အားလုံးက "နျူကလီးယားရီ နေးဆန်းခေတ်" အနေဖြင့် သတ်မှတ်ကြရမည်သာဖြစ်သည်။ အဖျက်လုပ်ငန်းများထက် အပြုလုပ်ငန်းများအတွက် နိုင်ငံအများ အပြားတွင် နျူကလီးယားကို သုံးနိုင်စွမ်းရှိသည်ဆိုသောအချက် ကိုလည်း မငြင်းနိုင်ပေ။

နျူကလီးယားနှင့်တွဲဖက်ပြီးစိုးရိမ်ကြသည့်အရေးမှာ နျူက လီးယားလက်နက်အရေးပင်ဖြစ်သည်။ ထိုနျူကလီးယားလက်နက် ကြောင့်ပင် ဒုတိယကမ္ဘာစစ်ကြီးကို အမြန်ဆုံး အဆုံးသတ်နိုင်ခဲ့ သည်ဟုပြောနိုင်သလို၊ ထိုနျူကလီးယားမှထုတ်လုပ်သည့် စွမ်းအင် ဗုံးကြောင့်ပင် အပြစ်မဲ့ပြည်သူပေါင်းများစွာ သေကျေပျက်စီးခဲ့ကြ ရသည်။ အဆိုးနှင့်အကောင်း ဒွန်တွဲနေပါသည်။ သုံးစွဲသူတို့၏ စိတ်ဆန္ဒနှင့် ရည်ရွယ်ချက်အပေါ်တွင်သာမူတည်သည်။

နျူကလီးယားကို ကမ္ဘာ့သဘာဝလောင်စာရှားပါးလာမှုကို ဖြေရှင်းရန် ထွက်ပေါက်တစ်ခုအနေဖြင့် ရှုမြင်ပြီး မကောင်းမှန်း၊ အန္တရာယ်ရှိမှန်းသိလျက်နှင့် ကြိုးစားပြီးထိန်းသိမ်းကာပိုင်ဆိုင်နိုင် အောင်လုပ်နေကြသည်။ နျူကလီးယားပါဝါကို ပိုင်ဆိုင်ထားကြ သည့် အင်အားကြီးနိုင်ငံများဖြစ်သော ရုရှားနှင့်အမေရိကန်တို့ ပဋိပက္ခ၊ အိန္ဒိယနှင့် ပါကစ္စတန်အငြင်းပွားမှုများတွင် နျူကလီး ယားပါဝါကိုသုံးကို ဖြေရှင်းခဲ့ကြခြင်းမရှိသည်က လူ့ဘောင်၏ ယဉ်ကျေးသောအယူအဆများကို လက်ကိုင်ထားနိုင်ကြကြောင်း ထင်ရှားပါသည်။

ဤနေရာတွင် နျူကလီးယားအကောင်းမြင်ဝါဒီ Kenneth Waltz ၏ အဆိုနှစ်ခုဖြင့် နိဂုံးချုပ်ချင်ပါသည်။ သူက - နျူကလီးယားဆိုသည်မှာ သုံးစွဲသူအပေါ်တွင်တာဝန်ရှိသည်။ နျူကလီးယားစစ်ဆိုသည်မှာ ဖြစ်တောင့်ဖြစ်ခဲစစ်ပွဲဖြစ်သည်။ နျူ ကလီးယားလက်နက်များကို ပိုင်ဆိုင်ထားသူတို့သည် ပိုပြီးသတိ ထားရလိမ့်မည်။ - နျူကလီးယားပါဝါများများပိုင်ဆိုင်ထားခြင်းသည် ကြောက်စရာ မဟုတ်။ ထိုင်ပြီးကြောက်နေမည့်အစား ကြိုးစားပြီးပူးပေါင်းခြင်းဖြင့် အဖြေတစ်ခုခုတွေ့နိုင်မည်ဟု သုံးသပ်ထားသည်။