နေ့

ဝီကီပီးဒီးယား မှ

နေ့ ဆိုသည်မှာ အချိန်ကိုတွက်ချက်သည့် အတိုင်းတာ တစ်ခုဖြစ်သည်။ ယခုအချိန်ထိ ၂၄ နာရီမှာ ၁ ရက်နှင့် ညီမျှသည်ဟု လက်ခံကြသည်။[၁] ကျွန်ုပ်တို့ နေထိုင်လျက်ရှိသော ကမ္ဘာကြီးသည် ဟင်းလင်း ပြင်အတွင်း၌ နေကို လှည့်ပတ်၍သွားနေစဉ် ယင်း၏ဝင်ရိုး ပေါ်၌လည်း လည်လျက်ရှိလေသည်။ ထိုသို့ မိမိဝင်ရိုးပေါ်တွင် အစဉ်မပြတ်လည်နေသဖြင့် နေ့နှင့်ညဉ့် ဖြစ်ပေါ်ရသည်။ ကမ္ဘာ ကြီးသည် ယင်း၏ဝင်ရိုးပေါ်၌ တစ်ပတ်ပြည့် လည်ရန်အတွက် ၂၄ နာရီမျှ ကြာသည်။ ထိုအချိန်ကို တစ်ရက်ဟု ခေါ်သည်။ သို့ဖြစ်ရကား တစ်နေ့နှင့် တစ်ညဉ့်သည် တစ်ရက် ဖြစ်လေ သည်။

ကမ္ဘာကြီးသည် မိမိ၏ဝင်ရိုးပေါ်တွင်လည်ယင်း နေကို တစ်ပတ်ပတ်မိသောအချိန်ကို တစ်နှစ်ဟု ခေါ်သည်။ တစ်ပတ် ပတ်မိရန် ရက်ပေါင်း ၃၆၅ ၃/၄ ရက် ကြာ၏။ သို့သော် သာမန်အားဖြင့် ရိုးရိုးနှစ် တစ်နှစ်လျှင် ၃၆၅ ရက်၊ ရက်ငင်နှစ် တစ်နှစ်လျှင် ၃၆၆ ရက်ဟု သတ်မှတ်ထားသည်။*ပြက္ခဒိန်


တစ်ရက်လျှင် ၂၄ နာရီကြာ၍ ထိုရက်ပေါင်း ခုနစ်ရက်ကို ရက်သတ္တတစ်ပတ်ဟူ၍လည်းကောင်း၊ ရက်သတ္တပတ် လေး ပတ်ကို တစ်လဟူ၍လည်းကောင်း၊ ၁၂ လ၊ သို့မဟုတ် ရက်သတ္တပတ် ပေါင်း ၅၂ ပတ်ကို တစ်နှစ်ဟူ၍လည်းကောင်း အသီးအသီး သတ်မှတ် ထားလေသည်။

ရှေးမြန်မာမင်းများလက်ထက်တွင် ရေနာရီကို အမှီပြု၍ ပဟိုရ်စည်ကို တီးခတ်သောအားဖြင့် ပဟိုရ်နာရီကို အသုံးပြုရ လေရာ ရေနာရီအားဖြင့် တစ်ရက်လျှင် နာရီ ၆ဝ ပိုင်းခြား သတ်မှတ်ထား၏။ တစ်ရက်ဆိုသည်မှာ လွန်ခဲ့သော သန်းခေါင် မှသည် လာလတ္တံ့သော အနာဂတ်သန်းခေါင်အထိ ဖြစ်သည်။ တစ်ရက်ဟု ဆိုအပ်သော ကာလကို နေ့ကာလ၊ ညဉ့်ကာလ ဟူ၍ ပိုင်းခြားထားလေသည်။

မြန်မာလူမျိုးတို့သည် ရှေးထုံးကိုလည်း မပယ်နှင့်၊ ဈေး သုံးလည်း မကြွယ်နှင့်ဟူသော ဆောင်ပုဒ်ကို လက်သုံးပြု လျက် ဘုရားတန်ဆောင်း၊ ကျောင်း၊ ကန်၊ စေတီ တည်ထား ကိုးကွယ်ခြင်း၊ တိုက်တာနေအိမ် ဆောက်လုပ်ခြင်း၊ ရှင်ပြု နားသ-မင်္ဂလာပြုလုပ်ခြင်း၊ ထိမ်းမြားမင်္ဂလာပြုလုပ်ခြင်း၊ ရေတွင်းရေကန် ပန်းမာလ်ဥယျာဉ်စိုက်ပျိုးခြင်း၊ ပျိုးကြဲ ကောက် စိုက် လယ်လုပ်စသော အလုံးစုံသော လူမှုကိစ္စ အဝဝတို့ကို ပြုလုပ်ရာတွင် ရက်၏ စင်ကြယ်ခြင်းကို ရွေးချယ်စိစစ် ပြုလုပ် တတ်ကြလေသည်။

ရက်၏ စင်ကြယ်ခြင်းဟူသည်ကား ပြဿဒါးရက်၊ သမား ညိုရက်၊သမားဖြူရက်၊ ရက်ယုတ်မာ၊ရှမ်းရက်၊ မဟာရက်ကြမ်း၊ ဝါရမိတ္တုငယ်ဝါရမိတ္တုကြီး၊ ရက်ပုတ်၊ နဂါးပေါ်ရက်၊ လဆန်း မြေခံ၊ လဆုတ် မြေခံ စသောရက်တို့ကို လွတ်ကင်းအောင် ရွေးချယ်ခြင်း ဖြစ်သည်။ သာမန်အားဖြင့်ကား ရက်ရာဇာကို ဆောင်၍ ပြဿဒါးရက်ကို ရှောင်တတ်သည့်အလေ့ ရှိလေ သည်။[၂]


ကိုးကား[ပြင်ဆင်ရန်]

  1. BIPM (2014)။ Non-SI units accepted for use with the SI, and units based on fundamental constants
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)