ရက်ရာဇာ

ဝီကီပီးဒီးယား မှ

မြန်မာလူမျိုးတို့တွင် ရှေးထုံးကိုလည်း မပယ်နှင့်၊ ဈေးသုံးကိုလည်း မကြွယ်နှင့် ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ပြု၍ အမှားအမှန်ကို မဆင်ခြင် မတိုင်းဆဘဲ၊ ရှေးအယူအဆများ ကို ယနေ့တိုင် တစ်သဝေမတိမ်း လက်ခံကျင့်သုံးသူ အများအပြား ရှိသေးသည်။ မြတ်စွာဘုရားသခင်ကပင် မိမိ၏တရားများကို ဆင်ခြင်တိုင်းဆပြီးလျှင် အယုံအကြည် ရှိသောအခါမှသာ ကျင့်သုံးရန် ဟောကြားခဲ့သော်လည်း အယူသည်းမြဲ သည်းသူများ ရှိပေသေးသည်။ အယူသည်းသူများသည် စာအုပ်များ၊ ပြက္ခဒိန်များတွင် ဖော်ပြသည့် ရက်ရာဇာ၊ ပြဿဒါး စသော နေ့များကို ယုံကြည်အားကိုးပြု၍ အများပင် အသုံးပြုကြ၏။ ဘုရားအလို ရက်ရာဇာ- ကောင်းသောကိုယ်အမူ၊ နှုတ်အမှု၊ စိတ်အမှု ပြုလုပ်ပြောဆို ကြံစည်သူတို့အဖို့မှာ နေ့စဉ် နေ့ကောင်းရက်သာ ရက်ရာဇာဖြစ်၏ ဟု မြန့်မာအလင်း ပြက္ခဒိန်တွင် ဖော်ပြထားလေသည်။


သို့သော်လည်း အယူသည်းသူများသည် မိမိတို့၏လုပ်ငန်းကိစ္စ အဝဝတို့နှင့်အကွ ခရီးသွားမှု၊ အိမ်ဆောက်မှု၊ မင်္ဂလာပြုမှု စသည်များကို နေ့ကောင်းနေ့မြတ် ရက်များတွင် ပြုလုပ်လိုသောအခါ ရက်ရာဇာနေ့များ၌ ပြုလုပ်ကြ၏။ ပြက္ခဒိန်များတွင် ရက်ရာဇာများကို ဖော်ပြထားကြသော်လည်း တစ်ခုနှင့်တစ်ခု မတူညီကြချေ။ ဤရက်ရာဇာနေ့များသည် လက်ဆန်းနည်းဖြစ်၍ နက္ခတ်ပညာ တွက်နည်းဖြင့် နေ့ကောင်းရက်သာများ မရွေးချယ်တတ်သေးမီ အခါကာလ၌ အသုံးပြုကြသောနည်းသာ ဖြစ်ချေမည်။ အမှန်စင်စစ် ရက်ကောင်း၊ ရက်ဆိုးရွေးနည်းအတွက် နက္ခတ်ပညာ တွက်နည်းသာလျှင် ယခုခေတ်နှင့်လျော်ညီ၏။ ယခုအသုံးပြုသော ရက်ရာဇာနေ့ဖြင့် ရက်ကောင်းရက်သာရွေးနည်းမှာ အခြေအမြစ် မရှိသည့်အပြင်၊ ပြက္ခဒိန်များကို တစ်ခုနှင့်တစ်ခု နှိုင်းယှဉ်ကြည့်ပါက ရက်ရာဇာနေ့ အမျိုးမျိုးဖြစ်နေသည်ကို တွေ့ရ၏။ ရှေးအခါက စာပေဖြင့် မှတ်တမ်းထားခဲ့နိုင်စွမ်းမရှိသေး၍ နှုတ်တိုက် မှတ်သားခဲ့ရပြီးလျှင် သက်ကြီးများထံမှ သက်ငယ်များက တစ်ဆင့်ပြီးတစ်ဆင့် ခံယူမှတ်သားခဲ့ရသောကြောင့် မူအမျိုးမျိုးဖြစ်နေခြင်း ဖြစ်သည်။ အသံနှင့် လေ့လာ မှတ်သားမှုကြောင့်လည်း လွဲမှားခဲ့သဖြင့် နေ့များသည်လည်း မှားမည်မှာ မလွဲပေ။


အချို့ ဆရာများသည် ရက်ရာဇာနေ့များကို လင်္ကာဖြင့် ဖော်ပြထားသည်။ သို့သော်လည်း လင်္ကာတစ်ခုနှင့် တစ်ခု မတူညီသည်မှာ အထက်ဖော်ပြပါ အကြောင်းအရ အသံများ လွဲမှားမှုကြောင့် ဖြစ်၏။

အချို့လင်္ကာ၌−

တန်ခူး သာလှ၊ ထွန်းပ ကဆုန်၊
နယုန် ညွှန်စ၊ အောင်လှ ဝါဆို၊
သာလို ဝါခေါင်၊ မြတောင် တော်သလင်း၊
သီတင်းကျွတ် ဆီ၊ ဩလီ တန်ဆောင်မုန်း၊
သန်းလုံး နတ်တော်၊ မီးနော် ပြာသို၊
မိညို တပို့တွဲ၊ အဲဝင် တပေါင်း၊
အလွန်ကောင်းသည်၊ ရက်ကောင်း ရာဇာရာဇာတည်းဟု ဆို၍

အချို့လင်္ကာ၌−

တန်ခူး သာကျော်၊ ထွန်းပေါ် ကဆုန်၊
နယုန် ညွှန်စ၊ အောင်လှ ဝါဆို၊
သာလို ဝါခေါင်၊ မြတောင် တော်သလင်း၊
သီတင်းကျွတ်ဆီ၊ သောရီ တန်ဆောင်မုန်း၊
ချမ်းလုံး နတ်တော်၊ မီးနော် ပြာသို၊
မီးညိုတပို့တွဲ၊ ထဲဝင် တပေါင်း၊
အလွန်ကောင်းသည် ရက်ကောင်း ရာဇာ့ ရာဇာတည်ဟု ဆိုသည်။

အချို့ကျမ်းများတွင် တန်ခူး ကျော်သာလှ ဟူ၍ တန်ခူးလတွင် ရက်ရာဇာနေ့များသည် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာဟု ဖော်ပြ၏။ ထိုပြင် သီတင်းကျွတ် ဆီမီးဟူ၍ သီတင်းကျွတ်လ တွင် အင်္ဂါနှင့် ကြာသပတေးနေ့များသည် ရက်ရာဇာဟူ၍ ပြထား၏။ သို့အတွက် ၁၃၂၅ ခုနှစ်တွင် ရိုက်နှိပ်ထားသော ပြက္ခဒိန်များမှ ရက်ရာဇာနေ့များ ကောက်နုတ်၍ အောက်တွင် ဇယားပြုလုပ်နှိုင်းယှဉ်ပြထားသည်။ ဤသို့ ဖော်ပြရာ၌ နေ့များကို ဂဏန်းများဖြင့် ဖော်ပြပါမည်။

ရက်ရာဇာနေ့ ဝါဒအမျိုးမျိုး နှိုင်းယှဉ်ပြထားသောဇယား[ပြင်ဆင်ရန်]

လင်္ကာ-၁ လင်္ကာ-၂ အောင်ရတနာ
ဗေဒင်ပြက္ခဒိန်
တန်ခူး ၄-၆ ၂-၆ ၂-၄-၆
ကဆုန် ၅-ဝ ၅-ဝ ၅-ဝ
နယုန် ၃ ၃ ၃
ဝါဆို ၁-၄ ၁-၄ ၁-၄ ၁-၄
ဝါခေါင် ၄ ၄-၆ ၄-၆
တော်သလင်း ၅-ဝ ၅-ဝ ၅-ဝ
သီတင်းကျွတ် ၃ ၃ ၃-၅
တန်ဆောင်မုန်း ၁-၄ ၄-၆ ၄-၆
နတ်တော် ၄-၆ ၂-၄ ၂-၄-၆
ပြာသို ၅-ဝ ၅-ဝ ၅-ဝ
တပို့တွဲ ၃ ၃-၅ ၃-၅
တပေါင်း ၁-၄ ၄-ဝ ဝ

မြန်မာ့အလင်း ဦးဗိုလ်ထွေး ဟံသာဝတီ[ပြင်ဆင်ရန်]

တန်ခူး ၂-၄-၆ ၄-၆ ၄-၆
ကဆုန် ၅-ဝ ၅-ဝ ၅-ဝ
နယုန် ၃ ၃-၅ ၃-၅
ဝါဆို ၁-၄ ၁-၄ ၁-၄
ဝါခေါင် ၄-၆ ၄-၆ ၄-၆
တော်သလင်း ၅-ဝ ၅-ဝ ၅-ဝ
သီတင်းကျွတ် ၃ ၃-၅ ၃
တန်ဆောင်မုန်း ၄-၆ ၁-၄ ၄-၆
နတ်တော် ၄-၆ ၁-၄ ၄-၆
ပြာသို ၅-ဝ ၅-ဝ ၅-ဝ
တပို့တွဲ ၃-၅ ၃-၅ ၃-၅
တပေါင်း ၄-ဝ ၄-၁ ၄-ဝ

မူမှန်ရက်ရာဇာနေ့[ပြင်ဆင်ရန်]

ရက်ရာဇာနေ့သည် နေ့ကောင်းရက်သာ ဖြစ်၏။ ယင်းနှင့် ဆန့်ကျင်သော နေ့ဆိုး၊ နေ့ညံ့ရက်ကို ပြဿဒါးရက်ဟု အသိအမှတ် ပြုထား၏။ သို့အတွက် ရက်ရာဇာနှင့် ပြဿဒါးများသည် အပြန်အလှန် ဖြစ်ရပေမည်။ ရက်ရာဇာနေ့များသည် ဖော်ပြထားသည့်အတိုင်း အမျိုးမျိုး ဖြစ်သော်လည်း ပြဿဒါး နေ့များမှာ တစ်နည်း တစ်မျိုးတည်းသာဖြစ်၍ ယနေ့တိုင် ဝါဒ မကွဲပြားဘဲ အများအသိအမှတ်ပြုလျက်ရှိ၏။ နေ့ဆိုး၊ နေ့ညံ့ ရှောင်အပ်သောနေ့ဖြစ်၍ အလွန်အလေးဂရုပြုကာ ထိန်းသိမ်းခဲ့ဟန် တူပေသည်။


လင်္ကာမှာကား တမာ(ဝ-၅)၊ သက်ယင်း (သက်လင်း ဖြစ်ချေမည်။) (၆-၄)၊ အင်ကြင်း (၁-၂)၊ ဆူးရစ် (၃-၈) ဟူ၍ တန်ခူးလမှ အစပြုလျက် အစဉ်အတိုင်း ပြဿဒါးနေ့များဖြစ်၏။ ရက်ရာဇာနေ့များသည် ထိုနေ့များနှင့် ဆန့်ကျင်ကာ အပြန်အလှန်သွား၍ ရေတွက်သော် သက်လင်း(၆-၄)၊ တမာ (ဝ-၅)၊ ဆူးရစ် (၃-၈)၊ အင်ကြင်း (၁-၂) ဟူ၍ တန်ခူးလမှ အစပြုလျက် အစဉ်အတိုင်းဖြစ်ပေမည်။ သို့မှသာလျှင် ပြဿဒါးနေ့များတွင် တနင်္ဂနွေမှစ၍ ရာဟုနေ့များ၊ အစုံအလင်ရှိသကဲ့သို့ ရက်ရာဇာများတွင်လည်း နေ့အစုံအလင်ရှိမည် ဖြစ်သည့်အပြင် ထိုသို့လည်း ရှိအပ်၏။

ဖြစ်အပ်သော မူမှန်-ရက်ရာဇာနေ့များ[ပြင်ဆင်ရန်]

ရာသီ လ ပြဿဒါး
(မူမှန်) ရက်ရာဇာနေ့
မိဿ တန်ခူး ၅-ဝ ၄-၆
ပြိဿ ကဆုန် ၄-၆ ၅-ဝ
မေထုန် နယုန် ၁-၂ ၃-၈
ကြဋ် ဝါဆို ၃-၈ ၁-၂
သိဟ် ဝါခေါင် ၅-ဝ ၄-၆
ကန် တော်သလင်း ၄-၆ ၅-ဝ
တူ သီတင်းကျွတ် ၁-၂ ၃-၈
ဗြိစ္ဆာ တန်ဆောင်မုန်း ၃-၈ ၁-၂
ဓနု နတ်တော် ၅-ဝ ၄-၆
မကာရ ပြာသို ၄-၆ ၅-ဝ
ကုမ် တပို့တွဲ ၁-၂ ၃-၈
မိန် တပေါင်း ၃-၈ ၁-၂

ရက်ရာဇာနေ့၊ ပြဿဒါးနေ့ စသော ရက်မြတ်၊ ရက်ဆိုးနေ့များသည် ဝါကြီး၊ ဝါငယ်ထပ်သော နှစ်များ၌ ပထမဝါဆိုနှင့် ဒုတိယဝါဆိုလများတွင် ရက်ရာဇာနေ့ အတူတူပင် ဖြစ်၏။ သို့အတွက် လထပ်ရက်ငင်များ မှန်ကန်သည့် ပြက္ခဒိန်ဖြစ်ပေါ်ရေးသည် အလွန်အရေးကြီးပေသည်။ အကယ်၍ လထပ်ရန် သင့်မြတ်သော နှစ်များတွင် လထပ်ခြင်း မပြုခဲ့ပါမူ ရက်ရာဇာ၊ ပြဿဒါးနေ့များသည် မှားသကဲ့သို့ လထပ်ရန် မသင့်သောနှစ်များ၌လည်း လထပ်ခြင်းပြုခဲ့ပါမူ ရက်ရာဇာ၊ ပြဿဒါးနေ့များ မှားမည်မလွဲပေ။ ထို အတွက် ရက်ကောင်း-ရက်သာများကို ရက်ရာဇာနေ့များဖြင့် ရွေးခြင်း၊ ရက်ဆိုး၊ ရက်ညံ့များကို ပြဿဒါးနေ့များဖြင့် ရွေးခြင်းတို့မှာ ယခုသိပ္ပံပညာ အလွန်ထွန်းကားသော ဒုံးပျံ ဂြိုဟ်တုခေတ်တွင် အသုံးပြုရန် မသင့်တော့ဟု ယူဆသည်။ သို့သော် အသုံးပြုလိုသူများသည် ဖော်ပြပါ မူမှန်ရက်ရာဇာနေ့များဖြင့် ရွေးချယ်၍ အသုံးပြုသင့်လေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)