နေပွင့်ပန်း၏ အပြာရောင်စာမျက်နှာသစ်

ဝီကီပီးဒီးယား မှ
နေပွင့်ပန်း၏ အပြာရောင်စာမျက်နှာသစ်
ဒုတိယအကြိမ်ထုတ် မျက်နှာဖုံး
စာရေးသူစမ်းစမ်းနွဲ့ (သာယာဝတီ)
မျက်နှာဖုံး သရုပ်ဖော်မြင့်မောင်ကျော်
နိုင်ငံမြန်မာ
ဘာသာစကားမြန်မာ
အမျိုးအစားစိတ်ကူးယဉ်ဝတ္ထု
ထုတ်ဝေသူနှင်းအေးရွှေကြာ စာပေ
ထုတ်ဝေသည့်ရက်
ဇွန် ၂၀၁၃
မီဒီယာ အမျိုးအစားပုံနှိပ်
စာမျက်နှာ၁၂၆

နေပွင့်ပန်း၏ အပြာရောင်စာမျက်နှာသစ် မှာ မြန်မာစာရေးဆရာမ စမ်းစမ်းနွဲ့ (သာယာဝတီ) ရေးသားသည့် ဝတ္ထုတစ်ပုဒ် ဖြစ်သည်။ နှင်းအေးရွှေကြာ စာပေမှ ၂၀၁၃ ခုနှစ်၊ ဇွန်လတွင် ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေသည်။ ဤဝတ္ထုကို ၁၉၈၇ ခုနှစ်တွင် စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) နှင့် တွဲဖက်ထုတ်ဝေသည့် အားသစ်ယူ၍ လူဖြစ်စေသတည်း စာအုပ်တွင် ထည့်သွင်းခဲ့ပြီး ဒုတိယအကြိမ်ထုတ်ဝေမှသာ လုံးချင်းဝတ္ထုအဖြစ် ထုတ်ဝေလိုက်ခြင်း ဖြစ်သည်။ [၁]

ဇာတ်လမ်းအကျဉ်း[ပြင်ဆင်ရန်]

ဆေးကျောင်းမှထွက်ကာ ချီကောက် [1 ၁] ဂီတာသမားအဖြစ် ခံယူထားသည့် လင်းဇော်မှာ သူငယ်ချင်းဆရာဝန် မင်းမောင်ရှိရာ တမူးသို့ ထွက်လာသည်။ ကလေးသို့ လေယာဉ်ဖြင့် သွားပြီးသော် တမူးသို့ ကားဖြင့် ခရီးဆက်ရမည်ဖြစ်သည်။ ကလေးသို့ ရောက်သော် မင်းမောင်နှင့်အတူ ပထမနှစ်တွင် ကျောင်းထွက်သွားသည့် ဘဝတူသူငယ်ချင်း ကျော်သက်ကိုလည်း တွေ့ရသည်။ တမူးသို့သွားရန် ကားငှားပြီးသောအခါ ကားဆရာက ဆရာမတစ်ဦးအား တင်လိုကြောင်း ပြောလာသည်။ ဤသို့ဖြင့် ခမ်းပတ်သို့ လာသည့် ဆရာမ နွယ်ဦးမွန် ကားကြုံလိုက်လာသည်။

လမ်း၌ လေးကျိုး၍ ကားပျက်သောအခါ ကားပေါ်ပါ မင်းမောင်၊ ကျော်သက်နှင့် လင်းဇော်တို့က မြက်ခင်းပေါ်တွင် နားနေသည်။ ထိုစဉ် ချောင်းစပ်တွင် ကိုယ်လက်ဆေးရင်း ခြေချော်ကာ ချောင်းထဲသို့ နွယ်ဦးမွန် ကျသည်။ လက်လှမ်းမီသည့် ကျောက်တုံးကို ကိုင်ထားရသည်။ အကူအညီပေးရန် သွားရာ သွေးများထွက်နေသည်ကို ကြည့်၍ လင်းဇော် ထိတ်လန့်သွားသည်။ ဆရာဝန်ဖြစ်သူ မင်းမောင်အား လှမ်းခေါ်သည်။ မင်းမောင်ရောက်လာမှ နွယ်ဦးမွန်က သူမ၌ သုံးလခွဲသားကိုယ်ဝန် ရှိကြောင်း၊ သွေးများကြောင့် သားလျောမည်ကို စိုးရိမ်ကြောင်း ဆိုလာသည်။ ချောင်းထဲသို့ ဆင်းကာ နွယ်ဦးမွန်အား ကျော်သက်က သယ်လာသည်။ မြက်ခင်း၌ မင်းမောင်က စမ်းသပ်စေရာ သန္ဓေသားပတ်လည်ရှိ သွေးအိတ်ပြိုခြင်းသာ ဖြစ်၍ စိုးရိမ်စရာမရှိကြောင်း သိရသည်။

ကုန်သည်လုပ်နေသူ ကျော်သက်မှာ မိန်းမနှစ်ယောက် ရှိဖူးသည်။ ပထမတစ်ဦးမှာ ကလေးမယူလိုသောကြောင့် ကွာရှင်းလိုက်သည်။ ဒုတိယတစ်ယောက်မှာ ကလေးရမည်စိုး၍ သားကြောပင် ဖြတ်ထားသည်။ ထိုကိစ္စများကြောင့် မိန်းမတို့အပေါ် အမြင်မကြည်သည့် ကျော်သက်မှာ ကလေးပျက်မည်ကို စိုးထိတ်နေသည့် နွယ်ဦးမွန်၏ မျက်နှာကို အလွန်ဂရုဏာသက်သွားသည်။ ကာလအတန်ကြာ စွဲကပ်နေသည့် မိန်းမများအပေါ်ထားသည့် သူ၏အမြင်မှာလည်း ပြောင်းလဲသွားတော့သည်။

မြက်ခင်းပေါ်၌ပင် ခဏအိပ်လိုက်ရန် မင်းမောင်က ပြောရာ နွယ်ဦးမွန်က အိတ်ထဲရှိ အယ်လဘမ်အား ထုတ်ကြည့်စေလိုကြောင်း ပြောသည်။ အယ်လဘမ်ကို ဖွင့်ကြည့်ရာ နွယ်ဦးမွန်၏ ခင်ပွန်းမှာ ညီညီစိုး ဆိုသူဖြစ်ကြောင်း၊ ကျောင်းဆရာအလုပ်ကို နှစ်ဦးစလုံး သဘောကျသော်လည်း မိဘဆွေမျိုးများ၏ ဆန္ဒအရ ညီညီစိုးမှာ သင်္ဘောလိုက်သွားကြောင်း၊ ကံဆိုးစွာပင် ပင်လယ်ထဲ၌ပင် ရုတ်တရက်ကွယ်လွန်သွားကြောင်း သိလာသည်။ ခမ်းပတ်နေ မိတ်ဆွေကျောင်းဆရာ ဦးဇော်ဝင်းသန့်၏ ဖိတ်ခေါ်ချက်အရ ကျောင်းဆရာမအဖြစ် တာဝန်ထမ်းရန် ရောက်လာခြင်းဖြစ်ကြောင်း အယ်လဘမ်မှ စာများ၊ ပုံများမှတစ်ဆင့် သဘောပေါက်လာသည်။

သူငယ်ချင်း မင်းမောင်ထံအလည်လာသည့် လင်းဇော်မှာလည်း လောကဓံနှင့်ကြုံရသော်လည်း မိမိဘဝအား မိမိကိုယ်တိုင်ရပ်တည်ကာ ပတ်ဝန်းကျင်အား အကျိုးပြုလိုသည့် နွယ်ဦးမွန်ကို လေးစားကြောင်း၊ ယခင်က တမူးသို့ စိတ်ပြေလက်ပျောက်ဟူ၍ ထွက်လာသော်လည်း နွယ်ဦးမွန်၏လုပ်ရပ်နှင့် ယှဉ်ဆပါက ရှက်ဖွယ်ဟု သိလာရကြောင်း ဖွင့်ဟလာသည်။

သူငယ်ချင်းသုံးယောက် စကားပြောဖြစ်ကြရာ နွယ်ဦးမွန်မှာ အပူဒဏ် (လောကဓံ) မခံနိုင်သည့် မိန်းကလေးမဟုတ်ကြောင်း၊ နေကြာပင်ကဲ့သို့ပင် နေထိလေလေ လန်းလေလေ ဖြစ်ကြောင်း သဘောညီကြသည်။

ကားပြင်ပြီးသောအခါ မင်းမောင်နှင့် ကျော်သက်က လူနာလိုက်နိုင်စေရန် ကားအား ပြင်ဆင်ကြသည်။ လင်းဇော်က နွယ်ဦးမွန်၏ ပစ္စည်းများကို ကူသိမ်းပေးသည်။ ထိုစဉ် သူထိုးထားသည့် ကလေးခေါင်းစွပ်ကို တွေ့သည်။ ခေါင်းစွပ်၏အရောင်မှာ မိုးပြာရောင်ဖြစ်သည်။ လင်းဇော်က အပြာရောင်မှာ ယောက်ျားလေးတို့ အထိမ်းအမှတ်ဖြစ်၍ ယောက်ျားလေးမွေးပေးရန် ပြောလိုက်သည်။ နွယ်ဦးမွန်ထံမှ စကားပြန်မလာ။ ငြိမ်သက်ခြင်းမှာ အပြင်းဆုံးလှုပ်ရှားခြင်းဟုပင် လင်းဇော် မျှော်လင့်မိတော့သည်။

အဓိကဇာတ်ကောင်များ[ပြင်ဆင်ရန်]

  • နွယ်ဦးမွန်
  • လင်းဇော်
  • ကျော်သက်
  • မင်းမောင်

မှတ်စုများ[ပြင်ဆင်ရန်]

  1. တီးဝိုင်းအတည်တကျမရှိဘဲ ပွဲရှိမှသာ ခေါ်ရာဝိုင်းသို့ ဝင်တီးသူ

ကိုးကား[ပြင်ဆင်ရန်]

  1. စမ်းစမ်းနွဲ့ (သာယာဝတီ) (ဇွန် ၂၀၁၃)။ နေပွင့်ပန်း၏ အပြာရောင်စာမျက်နှာသစ်။ ရန်ကုန်: နှင်းအေးရွှေကြာ။