မာတိကာသို့ ခုန်သွားရန်

နီကိုရဲ

ဝီကီပီးဒီးယား မှ
နီကိုရဲ
အမည်ရင်းရဲဝင်း
မွေးဖွား၁၉၆၆-ခုနှစ်၊ နိုဝင်ဘာလ၊ (၂)ရက်
ရန်ကုန်မြို့
ကွယ်လွန်၂၀၀၉ ခုနှစ် အောက်တိုဘာ ၂၄
ရန်ကုန်မြို့
ကလောင်အမည်နီကိုရဲ
အလုပ်အကိုင်စာရေးဆရာ၊ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာ
လူမျိုးဗမာ
နိုင်ငံသား မြန်မာ
ပညာရေးသိပ္ပံ (ရုက္ခဗေဒပညာ)ဘွဲ့
စာပေအမျိုးအစားဟာသဝတ္တု
ထင်ရှားသည့်လက်ရာမကြည်ပြာနှင့် ချစ်ခြင်း၏နဂ္ဂတစ်များ၊ ငတုံး၊ ဇွတ်
အိမ်ထောင်ဖက်မနိုင်နိုင်ဝင်း
သားသမီးမောင်လင်းမြတ်
မိဘဦးတင်ဝင်း + ဒေါ်မြကြည်
ကိုးကွယ်မှုဗုဒ္ဓဘာသာ

စာရေးဆရာ နီကိုရဲ [၁၉၆၆-၂၀၀၉] ရေးသားခဲ့သည့် ဟာသနှောသော လူ့ဘဝ ဇာတ်စုံဇာတ်လမ်းများအနက် ဇွတ်၊ ရည်စားစာ (ဝတ္ထုတိုစု)၊ ကျနော်နှင့် လက်တွဲဖော်များ၊ ကျနော်နှင့် ဈေးသည် အလွဲများ၊ လွယ်အိတ်ထဲက အလွဲများ၊ နှလုံးသားထဲ ကြွက်ဝင်နေသည်၊ သကြားနဲ့အသူရာ၊ စိတ်အိုင်ပက်သူ၊ မကြည်ပြာ၊ နတ်ဆိုးတကောင်နဲ့ ရင်လွဲသူ အစရှိသည့် ဝတ္တုများမှာ လူငယ်ထုကြား ရေပန်းစားသော ဝတ္ထုများဖြစ်သည်။ သူ၏ ဝတ္ထုများနှင့် သူရေးသားသည့် ရုပ်ရှင် ဗီဒီယို ဇာတ်ညွန်းတို့ကို ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) က အရုပ် အသံများဖြင့် ဖော်ပြရိုက်ကူးရာ ပရိသတ်၏ အားပေးမှုကို အထူးရရှိ အောင်မြင်ခဲ့သည်။

ဘဝဖြစ်စဉ်

[ပြင်ဆင်ရန်]

စာရေးဆရာ နီကိုရဲအား ၁၉၆၆-ခုနှစ်၊ နိုဝင်ဘာလ၊ (၂) ရက်နေ့၊ ရန်ကုန်မြို့၌ အဖ ဦးတင်ဝင်းနှင့် အမိ ဒေါ်မြကြည်မှ မွေးဖွားခဲ့သည်။ မွေးချင်းနှစ်ဦးအနက် အကြီးဆုံး ဖြစ်ပြီး အမည်ရင်းမှာ ရဲဝင်း ဖြစ်သည်။

၁၉၉၂-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ သိပ္ပံ (ရုက္ခဗေဒပညာ) ဘွဲ့ရရှိခဲ့သည်။

စာရေးဆရာဘဝ

[ပြင်ဆင်ရန်]

အသက် (၂၇) နှစ်အရွယ်တွင် ရုပ်ရှင်အောင်လံ မဂ္ဂဇင်းတွင် "တိတ်ဆိတ်ခြင်း တံတားပေါ်မှာ" ဝတ္တုတိုဖြင့် စာပေလောကထဲသို့ ဝင်ရောက်ခဲ့သည်။ ဟန်သစ်မဂ္ဂဇင်းတွင် ကြည်ပြာရောင်နဂ္ဂတစ်များ၊ ကျွန်တော်နှင့် ချစ်ခြင်းနဂ္ဂတစ်များ၊ အခန်းဆက်ရေးသားရင်းမှ နာမည်ကျော် စာရေးဆရာ တစ်ဦးဖြစ်လာခဲ့သည်။ ပထမဆုံး လုံးချင်းဝတ္တုကို "တောင်ပံမပါတဲ့ ပန်းအကြောင်း"အမည်ဖြင့် ၁၉၉၈ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့သည်။ []ပင်နီစာအုပ်တိုက်မှ ထုတ်ဝေသည့် ချစ်ခြင်း၏ နဂ္ဂတစ်များ လုံးချင်းဝတ္တုဖြင့် အရောင်းရဆုံး စာရင်းဝင်ဖြစ်ခဲ့သည်။ ထိုဝတ္တုကို "ကြည်ပြာရောင်နဂ္ဂတစ်များ"အမည်ဖြင့် လွင်မိုးထွန်းအိန္ဒြာဗိုတို့နှင့် ဇာတ်ကားရိုက်ကူးခဲ့ရာတွင်လည်း အောင်မြင်မှုရရှိခဲ့သည်။ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလတွင် ထိုဝတ္တုကို "ငါတို့စာပေ"မှ ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေခဲ့သည်။

လုံးချင်းဝတ္တု (၃၀)အုပ်ကျော် ရေးသားထုတ်ဝေခဲ့သည်။ ရုပ်ရှင်၊ ဗီဒီယို၊ ရေဒီယို ဇာတ်ညွှန်းပေါင်း (၁၀၀)ကျော် ရေးသားခဲ့သည်။ ဗီဒီယိုဇာတ်ကားများကိုလည်း ကိုယ်တိုင် ရိုက်ကူးခဲ့သူဖြစ်သည်။ အိုက်ဒီယာ မဂ္ဂဇင်း စတင်တည်ထောင်သော အယ်ဒီတာအဖွဲ့ဝင် တစ်ဦး အပါအဝင်ဖြစ်သည်။

ဝတ္တု၊ ဇာတ်ညွှန်း၊ ဒါရိုက်တာအဖြစ် ရုပ်ရှင်သရုပ်ဆောင် ဒွေးနှင့် ထက်ထက်မိုးဦးတို့ ပါဝင်သရုပ်ဆောင်သော သစ်ခက်ငါး ဇာတ်ကားကို ရိုက်ကူးခဲ့သည်။

စာရေးဆရာ နီကိုရဲသည် ဒါရိုက်တာ မောင်မျိုးမင်းနှင့် ကားကြီး ၄ ကားခန့် ဗီဒီယို ၄ဝ နီးပါး ရိုက်ကူးခဲ့သည်။

နီကိုရဲနှင့် ခေတ်ပြိုင်စာရေးဆရာများမှာ တာရာမင်းဝေမင်းခိုက်စိုးစံတို့ ဖြစ်သည်။

ဘဝနိဂုံး

[ပြင်ဆင်ရန်]

နီကိုရဲ (ခ) ကိုရဲဝင်း သည် (၂၀၀၉ ခုနှစ် အောက်တိုဘာ ၂၄) စနေနေ့ နံနက် ဝဝး၃ဝ နာရီခန့်က ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ လုဗ္ဗနီအထူးကုဆေးခန်း၌ နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၄၃ နှစ်ရှိပြီဖြစ်ပြီး ဇနီး ဒေါ်နိုင်နိုင်ဝင်း (အီတွန့်ပွမ်) နှင့် အသက် (၇) နှစ် အရွယ် သား မောင်လင်းမြတ်တို့ ကျန်ရစ်ခဲ့သည်။ ၂၀၀၉ ခုနှစ်၊ အောက်တိုဘာ (၂၈) ရက်နေ့တွင် ရေဝေးသုဿာန်၌ မီးသင်္ဂြိုဟ်ခဲ့သည်။

ရေးသားခဲ့သော ဝတ္ထုများ

[ပြင်ဆင်ရန်]
3

ကိုးကား

[ပြင်ဆင်ရန်]
  1. နီကိုရဲ - မကြည်ပြာနှင့် ချစ်ခြင်းနဂ္ဂတစ်များ (ငါတို့စာပေ)။