နိုရမ် ချောင်စကီး

ဝီကီပီးဒီးယား မှ
Chomsky (2004)

နိုရမ် ချောင်စကီး (အင်္ဂလိပ်: Avran Noam Chomsky ၊ ၁၉၂၈ ခု၊ ဒီဇင်ဘာ ၇ ဖွား) သည် အမေရိကန်လူမျိုး ဒဿနိကပညာရှင်၊ သမိုင်းပညာရှင်၊ နိုင်ငံရေး လှုပ်ရှားသူ၊ လူမှုရေးရာ ဝေဖန်ရေးသမား၊ ဘာသာဗေဒ လေ့လာသူ၊ သိပ္ပံနည်းကျ စိတ်ပိုင်းဆိုင်ရာ လေ့လာသူ ဖြစ်သည်။ ခေတ်သစ် ဘာသာစကား လေ့လာသူတို့၏ ဖခင်ဟု တင်စားကြသည်။ ခွဲခြမ်းစိတ်ဖြာ ဒဿနိကဘာသာ (analytic philosophy) ၏ အဓိကပုဂ္ဂိုလ်ဖြစ်ပြီး သိပ္ပံနည်းကျ စိတ်ပညာ (cognitive science) နယ်ပယ်ကို ထူထောင်သူများအနက် တစ်ဦးအပါအဝင် ဖြစ်သည်။ မက်ဆာချူးဆက် တက္ကသိုလ်၏ ဂုဏ်ထူးဆောင်ပါမောက္ခ (emeritus professor) ဖြစ်ပြီး အရီဇိုးနား တက္ကသိုလ်တွင် ဆုထူးရ ပါမောက္ခဘွဲ့ (laureate professor) ရထားသည်။

ဘာသာစကားဆိုင်ရာ၊ စစ်ပွဲဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာနှင့် အသုံးများမီဒီယာ (mass media) များနှင့် ပတ်သက်၍ စာအုပ် (၁၀၀) ကျော် ရေးသားထားသူ ဖြစ်သည်။

လူလတ်တန်းစား အက်ရှခနာဇီ ရွေ့ပြောင်း ဂျူးလူမျိုးများမှ ဆင်းသက်လာပြီး ဖီလာဒဲဖီးရား၌ မွေးသည်။ နယူးယောက်ရှိ စာအုပ်ဆိုင်များ၏ ကျေးဇူးဖြင့် မင်းမဲ့ဝါဒကို စိတ်ဝင်စားလာသည်။

အသက် (၁၆) နှစ်တွင် ပန်ဆေဗေးနီးယား တက္ကသိုလ်၌ ဘာသာဗေဒ၊ သင်္ချာနှင့် ဒဿနိကတို့ကို အထူးပြု ယူသည်။ ၁၉၅၁ မှ ၅၅ အထိ ဟားဗတ် ထွန်းတောက်ကျောင်းသားအုပ်စု (Society of Fellows) အဖြစ် ရွေးချယ်ခံရကာ သဒ္ဒါအပြောင်းအလဲ (transformational grammar) အတွက် သီအိုရီများ ဖော်ထုတ်သည်။ ထိုဖော်ထုတ်ချက်နှင့်ပင် ၁၉၅၅ ခု၌ ဒေါက်တာဘွဲ့ ရသည်။

စာသင်ခြင်းကို ၁၉၅၇ ခုတွင် မက်ဆာချူးဆက် တက္ကသိုလ်တွင် စပြီး ဘာသာဗေဒတွင် ထင်ပေါ်သည့်ပုဂ္ဂိုလ် ဖြစ်လာသည်။