နိရှိဂျင်းအိုရိ
နိရှိဂျင်းအိုရိ (西陣織, lit. 'Nishijin fabric') သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့၊ ခမိဂယောရပ်ကွက်၊ နိရှိဂျင်းအရပ်တွင် ပြုလုပ်ကြသည့် ရိုးရာအထည်လုပ်ငန်း ဖြစ်သည်။
ဤလုပ်ငန်းသည် ဟဲအိအိန် - ခယောတိုခေတ်ကာလမှ အစပြုခဲ့ပြီး လွန်ခဲ့သည့် နှစ် ၁၂၀၀ ကာလကတည်းက ဖြစ်သည်။ ရက်ထည်များသည် ဒီဇိုင်းများကောင်းမွန်သေသပ်လှပမှုအတွက် ထင်ရှားသည်။ အိုဘိ (obi) နှင့် ကီမိုနို (kimono) များ ပြုလုပ်ရန်အတွက် သင့်တော်သည့် အရည်အသွေးရှိသည် သတ်မှတ်ထားခြင်းလည်း ခံထားရသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]၇၉၄ ခုနှစ်တွင် နန်းတော်နှင့် မင်းစိုးမင်းနွယ်များသည် မြို့တော်အသစ်ဖြစ်လာမည့် “ဟဲအိအန်-ခယော” သို့ ပြောင်းရွှေ့လာခဲ့ကြသည်။[၁] ထို့အတွက်ကြောင့် “နိရှိဂျင်း-အိုရိ” ထုတ်လုပ်မှုများသည်လည်း နန်းတော်နှင့် မင်းစိုးမင်းနွယ်များအတွက် ထောက်ပံ့ပေးရန် တိုးမြှင့်ထုတ်လုပ်ခဲ့ကြသည်။
ထိုသို့တိုးမြှင့်ထုတ်လုပ်လာခဲ့ကြသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ကျွမ်းကျင်သည့် ရက်ကန်းသည်များသည် အထည်အလိပ်လုပ်သည့်လုပ်ငန်းများတွင် လုပ်ကိုင်ကြခြင်းထက် ကိုယ်ပိုင်လုပ်ငန်းများတည်ထောင်ကာ အထည်များကို ထုတ်လုပ်ခဲ့ကြသည်။ မုရိမချိခေတ်ကာလ အိုးနင်းစစ်ပွဲ (၁၄၆၇ - ၁၄၇၇) တွင် အထည်များလိုအပ်ချက်လျော့ပါးလာသည့်အတွက် ကျိုတိုမြို့၏ အတွင်းရေးအခြေအနေကိုလည်း ဆိုးရွားလာစေပြီး ၎င်းသည် နောင်နှစ်များစွာကြာမြင့်ခဲ့သည်။ ကျိုတိုမြို့၏ အရေးပါမှုသည် ပြိုပျက်ခဲ့ရပြီး မြို့တွင်နေထိုင်ကြသူများသည်လည်း အနီးအနားရှိ မြို့များသို့ လုံခြုံမှုရရှိစေရန် ထွက်ပြေးခဲ့ကြသည်။[၂]
၁၉၄၀ ခုနှစ် စစ်ကြီးပြီးဆုံးပြီးနောက်တွင် ကျိုတိုမြို့ခံများသည် မြို့သို့ပြန်လာကာ မြို့၏ အနောက်ဘက်အခြမ်းတွင် နေထိုင်ခဲ့ကြသည်။[၃] ၎င်းနေရာကို “နိရှိဂျင်း” (အနောက်ဘက်ပိုင်းဟု အဓိပ္ပါယ်ရှိ) ဟု ခေါ်ခဲ့ကြသည်။ စစ်ပွဲကာလအတွင်းက “နိရှိဂျင်း” တည်ရှိခဲ့ရာနေရာသည် ယာမနဆိုဇန်း (Yamana Sozen) က ထိန်းချုပ်ခဲ့ရာနေရာဖြစ်ခဲ့သည်။[၄] ကျိုတိုမြို့၏ မြောက်ဘက်တွင်လည်း အခြားသော ပြန်လည်အခြေချနေထိုင်သူများက နေထိုင်ခဲ့ကြပြီး ၎င်းနေရာကို လက်ရှိအချိန်တွင် “ရှင်းမချိ” ဟု ခေါ်သည်။ မြို့၏ မြောက်ဘက်အခြမ်းတွင် နေထိုင်ကြသူများသည် “နဲရိနုခိ” ဟု ခေါ်ကြသည့် ပိုးချည်များကို ထုတ်လုပ်သည့်အတွက် ထင်ရှားသည်။
အိုးနင်းစစ်ပွဲပြီးဆုံးပြီးနောက်တွင် “နိရှိဂျင်း-အိုရိ” ချည်ထည်လုပ်ငန်းများသည် ပြန်လည်ရှင်သန်လာခဲ့ကြသည်။ ချည်ထည်ထုပ်လုပ်ရရှိသည့် အထည်များကို နန်းတော်နှင့် ဆာမူရိုင်းအကြီးအကဲများအတွက် ထောက်ပံ့ပေးကြရသည်။ ထုတ်လုပ်မှုများ တိုးတက်လာသည်နှင့်အမျှ ထုတ်လုပ်မှုလုပ်ငန်းစဉ်များလည်း တိုးတက်လာခဲ့ပြီး အထည်အလိပ်အသစ်များကိုလည်း ထုတ်လုပ်လာနိုင်ခဲ့ကြသည်။[ကိုးကားချက်လိုသည်]
အဲဒိုခေတ်ကာလ (၁၆၀၃ - ၁၈၃၆) တွင် “နိရှိဂျင်း-အိုရိ” လုပ်ငန်းများသည် ဆက်လာကြီးပွားလာခဲ့ကြသည်။ ထုတ်လုပ်မှုနှင့်ပတ်သက်၍ များစွာသောလေ့လာမှုများကို ပြုလုပ်ခဲ့ကြပြီး ကျွမ်းကျငသည့် မျိုးဆက်များသည် ၎င်းတို့လုပ်ငန်းများ၏ ကုန်သွယ်မှုဆိုင်ရာများကိုလည်း တိုးတက်အောင် လုပ်ဆောင်ခဲ့ကြသည်။ ၁၈၃၇ ခုနှစ်တွင် ကောက်ပဲသီးနှံများမအောင်မြင်မှုများ ဖြစ်ပွားခဲ့သဖြင့် အထည်အလိပ်ထုတ်လုပ်သည့် လုပ်ငန်းများသည်လည်း ရပ်တန့်ခဲ့ရသည်။ ၁၈၆၉ ခုနှစ်တွင် မြို့တော်သည် တိုကျိုမြို့သို့ ပြောင်းရွှေ့သွားခြင်းသည်လည်း ဤအထည်အလိပ်လုပ်ငန်းကို ပိုမိုဆိုးရွားစေခဲ့ပြီး “နိရှိဂျင်း-အိုရိ” လုပ်ငန်းကို အဆုံးသတ်သွားစေမည့် ဖြစ်ရပ်များ တစ်ခုပြီးတခု ဖြစ်လာခဲ့သည်။ သို့သော်လည်း ၁၈၇၂ ခုနှစ်တွင် “နိရှိဂျင်း-အိုရိ” လုပ်ငန်းများသည် ပြန်လည်ကာ တိုးတက်လာခဲ့ပြန်ကာ အချို့သော ရက်ကန်းလုပ်ကြသူများသည် ဥရေပမှ အထည်ထုတ်လုပ်သူများ၏ ကုန်သွယ်မှုဆိုင်ရာများကို လေ့လာရန် ခရီးထွက်ခဲ့ကြသည်။ ထိုခရီးစဉ်အတွင်း လေ့လာသူများသည် ဥရောပမှ နည်းပညာအသစ်များကို လေ့လာခွင့်ရရှိခဲ့ကြပြီး ဥရောပတိုက်၏ နည်းပညာအသစ်များနှင့် စက်အသစ်များကို အသုံးချကာ ပိုမိုတိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့ကြသည်။ ၁၈၉၈ ခုနှစ်တွင် နိရှိဂျင်း-အိုရိသည် ကောင်းမွန်စွာ တိုးတက်နေခဲ့ပြီဖြစ်သည်။ ဤသည်မှာ နိရှိဂျင်း-အိုရိ လုပ်ငန်းများ၏ ခေတ်သစ်အစဖြစ်ပြီး ဂျပန်နိုင်ငံ၏ စီးပွားရေးတွင် အထည်အလိပ်လုပ်ငန်းများ၌ စက်ပစ္စည်းများကို ထည့်သွင်းအသုံးပြုလာခဲ့ကြသည့် အချိန်ကာလလည်း ဖြစ်ခဲ့သည်။[ကိုးကားချက်လိုသည်]
လက်ရှိအချိန်အခြေအနေ
[ပြင်ဆင်ရန်]လက်ရှိအချိန်ကာလအထိတိုင်အောင်ပင် နိရှိဂျင်း-အိုရိ သည် ဆက်လက်ကာ အောင်မြင်လျက်ရှိသည်။ နိရှိဂျင်း-အိုရိအထည်များကို လက်ရှိအချိန်ကာလတွင် အခမ်းအနားများဖြစ်ကြသည့် လက်ထပ်ပွဲများတွင် အမျိုးသမီးများသည် ကီမိုနိုများအဖြစ် ဝတ်ဆင်ကြသည်။ အဆင်များတွင် အမျိုးမျိုးသော ငှက်များ၊ ပန်းများ၏ အဆင်ဒီဇိုင်းများနှင့် သဘာဝရှုခင်းများ စသည်တို့ကို အဆင်ဒီဇိုင်းအဖြစ် ထည့်သွင်းထားကြသည်။ အခြားသောအထည်များဖြစ်ကြသည့် ကီမိုနိုနှင့်အတူတွဲဖက်ကာ ဝတ်ဆင်သည့် ခေါင်းစည်းများ၊ ခါးပတ်များ၊ တဘက်များနှင့် အခြားများစွာသော အဝတ်အထည်များ၊ အိမ်နံရံများတွင် တပ်ဆင်အသုံးပြုကြသည့် အပြင်အဆင်များ စသည်တို့တွင် နိရှိဂျိ-အိုရိ အဝတ်အထည်များကို အသုံးပြုလျက်ရှိကြသည်။
တဆွတ်မုရအထည်အလိပ်လုပ်ငန်းသည် နိရှိဂျင်း-အိုရိ၏ အဓိကကျသည့် ထုတ်လုပ်သူအဖြစ် ယနေ့အချိန်တွင် ရပ်တည်လျက်ရှိသည်။ [၅]၎င်းကို ၁၉ရာစုတွင် ဟဲအိဇိုတဆွတ်မုရ က တည်ထောင်ခဲ့သည်။[၆][၇][၈]
ပြင်ပလင့်များ
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ Kyoto City Web, 2004
- ↑ (Kyoto Nishijin, 2004)
- ↑ On Returning home the Japan Atlas
- ↑ The Japan Atlas
- ↑ About Heizo 1st Tatsumura | Official Site of Tatsumura Textile, Kyoto။ 22 October 2016 တွင် ပြန်စစ်ပြီး။
- ↑ Nishijin-ori Fabric။ 28 July 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 November 2016 တွင် ပြန်စစ်ပြီး။
- ↑ JAL Guide to Japan - Nishijin-ori Weaving and Textiles။ 30 July 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 November 2016 တွင် ပြန်စစ်ပြီး။
- ↑ Nishijin Textile Industry Association။ 17 November 2016 တွင် ပြန်စစ်ပြီး။