နားထောင်ခြင်းအလေ့

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
သူတစ်ပါးပြောသောစကားကို အာရုံစိုက်ကာ နားထောင်နေသော အမျိုးသမီးတစ်ဦး

နားထောင်ခြင်းဟူသည် ကြားရအောင် အားထုတ်ခြင်းဟုသာ ထင်တတ်ကြသည်။ အခြားသောအဓိပ္ပာယ်မှာ နာခံခြင်း၊ လိုက်နာခြင်း၊ နာယူခြင်းပင် ဖြစ်သည်။[၁] ဤဆောင်းပါးတွင် နားထောင်ခြင်းအလေ့ဆိုသည်မှာ အထက်ပါ အဓိပ္ပာယ်နှစ်မျိုးစလုံးနှင့် သက်ဆိုင်သည်။ "ကြားရအောင် အားထုတ်သည်"ဟု ဆိုရာတွင် ကြားရရုံနှင့်မပြီး၊ ထိုကြားထားသော အကြောင်းအရာကို စွဲမှတ်ထင်ကျန်လျက် အလိုရှိတိုင်း အသုံးချနိုင်ရန်လည်း တစ်ပြိုင်နက် အာရုံစူးစိုက်ကာ မှတ်သားရပေဦးမည်။ ထို့ပြင် ကြားနာမှတ်သားထားသော ထိုအကြောင်းအရာတို့မှ လိုက်နာကျင့်သုံးဖွယ်တို့ကိုလည်း လိုက်နာဆောင်ရွက်မှသာလျှင် နားထောင်ရကျိုး၊ မှတ်သားရကျိုးနပ်ပေလိမ့်မည်။

သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓာ[ပြင်ဆင်ရန်]

သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓာ၊ အက္ခရာစွဲသုံး၊ ဤရှစ်လုံးကို၊ သီကုံးပန်းသွင် နေ့တိုင်းဆင်လော့။ အထက်ပါ ကဗျာသည် အင်းဝခေတ်၌ ပေါ်ထွန်းခဲ့သော ရဟန်းစာဆိုတော်ကြီး ရှင်မဟာရဋ္ဌသာရ ရေးစပ်ခဲ့သည့် ကဗျာတစ်ပုဒ်ဖြစ်သည်။ အဆိုပါ သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓာ ဟူသော အက္ခရာရှစ်လုံးတို့သည် ပါဠိဝေါဟာရရှစ်လုံး၏ အစအက္ခရာများကို ဖော်ပြထားခြင်း ဖြစ်သည်။ "ပညာလိုလားသော စာသင်သားတပည့်သားတို့သည် ၎င်းအက္ခရာရှစ်လုံးကို ခေါင်းတ္ငင် ပန်းပန်ထားသကဲ့သို့ အမြဲမသွေ လိုက်နာစွဲသုံးနေရမည်" ဟုဆိုလိုပေသည်။ တစ်နည်းအားဖြင့် ထိုအက္ခရာရှစ်လုံးသည် ပညာရရာရကြောင်း နည်းလမ်းရှစ်သွယ်ဟုပင် ဆိုနိုင်သည်။ ထိုပါဠိစကားလုံးတို့မှာ အောက်ပါအတိုင်း ဖြစ်သည်။

  • သု = သုနေယျ၊ ကြားနာရ၏။
  • စိ = စိန္တေယျ၊ ကြံရာ၏။
  • ပု = ပုစ္ဆေယျ၊ မေးရာ၏။
  • ဘာ = ဘာသေယျ၊ ပြောဆိုရာ၏။
  • ဝိ = ဝိစာရေယျ၊ စူးစမ်းဆင်ခြင်ရာ၏။
  • လိ = လိခေယျ၊ ရေးမှတ်ရာ၏။
  • သိ = သိက္ခေယျ၊ လေ့ကျင့်ရာ၏။
  • ဓာ = ဓာရေယျ၊ နှုတ်တက်ဆောင်ရာ၏။

ပညာရကြောင်းနည်းလမ်းများတွင် ကြားနာခြင်း(ဝါ) နားထောင်ခြင်းသည် အရေးပါဆုံးဖြစ်၍ ရှေ့ဆုံးမှ ဖော်ပြထားခြင်းပင် ဖြစ်သည်။ ဤဆောင်းပါးတွင်မူ သု = သုနေယျ၊ ကြားနာရာ၏ ဟူသော နည်းလမ်းအကြောင်းကိုသာ ရှင်းမည်ဖြစ်သည်။

နားမထောင်ခြင်း၏ ဆိုးကျိုးများ[ပြင်ဆင်ရန်]

ပညာရေး[ပြင်ဆင်ရန်]

ကျောင်းပညာရေးတွင် မိမိတို့ နားမလည်သေးသော စာတို့ကို ဆရာ၊ ဆရာများက သင်ကြားပြသပေးကြပေသည်။ ထိုသို့သင်ကြားပြသခြင်းသည် ပြောပြခြင်းပင်ဖြစ်သည်။ ပြောပြသူ၏ ပြောစကားကို နားထောင်သူက နားမထောင်တတ်လျှင် ပြောပြသူ၏ ဆိုလိုချက်ကို မည်သို့မျှ သဘောမပေါက်နိုင်ချေ။ ပြောသွားသည့် အချက်များကိုလည်း မမှတ်မိနိုင်ချေ။ ဆရာ၊ ဆရာမတို့ ပြောပြသည်ကို နားမထောင်တတ်ဘူးဆိုလျှင် သူတို့သိနားလည်စေချင်သော အချက်ကို သိနိုင်ပါဦးမည်လော။ တစ်နည်းအားဖြင့် သင်ပြပေးသော သင်ခန်းစာကို ကောင်းကောင်းနားလည်သဘောပေါက်မည် မဟုတ်ပါ။ ထို့ကြောင့် နားထောင်ခြင်းသည် အလွန်အရေးပါသော အလေ့အကျင့်ကောင်းတစ်ခုဖြစ်သည်။[၂]

စီးပွားရေး[ပြင်ဆင်ရန်]

ဝယ်သူနှင့် အရောင်းအဝယ်လုပ်ရာတွင် အရောင်းသမားအများစုသည် အလွန်အကျွံ စကားပြောတတ်ကြသည်။ ဝယ်သူကို မေးခွန်းထုတ်ရမည့်အစား၊ ဝယ်သူ၏စကားကို နားထောင်ရမည့်အစား သူတို့ကချည်း ပြောနေတတ်ကြသည်။[၃]

နားထောင်ခြင်း၏ အကျိုးတရားများ[ပြင်ဆင်ရန်]

ပညာရေး[ပြင်ဆင်ရန်]

မိမိအား ပြောပြနေသူကို စိုက်ကြည့်ပြီးသူပြောသမျှ စကားလုံးများကို အမိအရဖမ်းကာ နားထောင်နိုင်လျှင် ပြောသမျှစကားလုံးအားလုံးနီးပါးသည် မိမိဦးနှောက်ထဲသို့ ရောက်နိုင်သည်။ စိတ်ဝင်တစားနှင့် အာရုံစူးစိုက်နားထောင်သည့်အတွက် အချက်အလက်အစီအစဉ်များနှင့်တကွ အသေးစိတ်အချက်အလက်များကိုပါ မှတ်မိနိုင်ပေသည်။ ဦးတင်ဦး(ကျူရှင်)၏ ကျောင်းသားဘဝတွင် ကျောင်းစနေချိန်မှ တက္ကသိုလ်ရောက်သည်အထိ စာမေးပွဲတိုင်း၌ ပထမချည်း ရခဲ့သည်။ ဒုတိယတစ်ကြိမ်မျှမရဖူးသောဟူ၏။ အခြားသူများကဲ့သို့ စာအုပ်နှင့် မျက်နှာမခွာဘဲ စာကျက်နေသည်ကိုလည်း မမြင်ရ။ စာမေးပွဲတွင်တော့ ပထမချည်းပဲ ရသည်။ ဤသည်မှာ သူ၏ လူအများမသိသော အလေ့အကျင့်ကောင်းတစ်ခုကြောင့်ပင် ဖြစ်သည်။ ထိုအလေ့အကျင့်သည်ကား သူတစ်ပါး ပြောသည်ကို နားစိုက်ထောင်တတ်ခြင်း ဖြစ်သည်။[၂] သို့ဖြစ်၍ နားထောင်တတ်ခြင်းသည် ကျောင်းပညာရေးတွင် ထူးချွန်စေနိုင်သော အကြောင်းရင်းတစ်ရပ်ဖြစ်ပေသည်။ ဦးသာညွန့်၏ မှတ်ဉာဏ်ထက်သန်စေလိုသော် စာအုပ်တွင် သတင်းစာဆရာဘာသာပြန်ဆရာနှင့် ကျမ်းပြုပုဂ္ဂိုလ်လည်းဖြစ်သော ဆရာကြီးရွှေဥဒေါင်း၏ စာပေလေ့လာခဲ့ပုံ၊ မှတ်ဉာဏ်ထက်သန်အောင် လေ့ကျင့်ခဲ့ပုံများကို ဆရာကြီးက ဦးသာညွန့်ကို အောက်ပါအတိုင်း ပြောပြပါသည်။

"ဆရာ့ကို စာပေ စပြီးသင်ကြားပေးတာကတော့ဖခင်ကြီးပါပဲ။ ဆရာသုံးနှစ်သားအရွယ်လောက်မှာ ဖခင်ကြီးက လမ်းသွားရင် ပခုံးပေါ်ထမ်းပြီး သွားလေ့ရှိတယ်။ ဒီလိုထမ်းချီသွားရင်း စာပေအတိုအထွာကလေးများ သင်ပေးခဲ့တယ်။ အဲဒီအချိန်ကစပြီး ဖခင်ကြီး သင်ပေးတာမှန်သမျှကို နှုတ်တက်သင်အံယူခဲ့တာပါပဲ။ ဆရာ ၁၀ နှစ်၊ ၁၁ နှစ်အရွယ်မှာ ဖခင်ကြီးက ဆရာ့ကို ထမ်းပြီး လမ်းလျှောက်တုန်းပဲ ရှိသေးတယ်။ ဆရာတို့ခေတ်တုန်းကတော့ ၁၄ နှစ်၊ ၁၅ နှစ် အရွယ်တွေဟာ လုံချည်ကွင်းသိုင်းတုန်းကိုးကွယ့်။ ဒါနဲ့ ဒီ ၁၀ နှစ်၊ ၁၁ နှစ်အရွယ်မှာ ဖခင်ကြီးက သင်္ဂြိုဟ်သင်ပေးတော့ သင်္ဂြိုဟ်စိတ်ပိုင်းကို ဖခင်ကြီးရဲ့ ပခုံးပေါ်မှာပဲ တတ်လာခဲ့တယ်ကွယ့်။"

သို့ဖြစ်ရာ ဆရာကြီးရွှေဥဒေါင်းသည် သူ၏ဖခင်ကြီး ပြောပြသမျှ၊ သင်ပေးသမျှကို မည်သည့်စာအုပ်ထဲတွင်မျှချမရေးဘဲ၊ မည်သည့်စာမေးပွဲမျှ မဖြေဆိုဘဲ သင်္ဂြိုဟ်နှင့်အတူ အခြား စာတိုပေစများကို အာဂုံရခဲ့သည်မှာအာရုံစူးစိုက်လျက် နား​ထောင်ခဲ့သောကြောင့်ပင် ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာအဘိဓာန်အကျဉ်းချုပ် အတွဲ ၂
  2. ၂.၀ ၂.၁ ဦးတင်ဦး(ကျူရှင်) (ဩဂုတ်လ၊ ၂၀၁၂). "ဘဘပြောမယ် နားထောင်တတ်ပါစေ". အလိမ္မာ ကလေးမဂ္ဂဇင်း အမှတ် ၈. 
  3. မောင်ပေါ်ထွန်း (ဒီဇင်ဘာ ၂၀၀၉). ထိပ်တန်းအရောင်းသမားဆိုသည်မှာ