ခင်မမမျိုး

ဝီကီပီးဒီးယား မှ
(ဒေါ်ခင်မမမျိုး မှ ပြန်ညွှန်းထားသည်)
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ဒေါ်ခင်မမမျိုး[ပြင်ဆင်ရန်]

အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့(NUG) အဖွဲ့မှ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဖြစ်သည်။ ဒေါ်ခင်မမမျိုးသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်မှုနှင့် ကျား၊ မ တန်းတူညီမျှရေး အရေးကြီးသည်ကို ထောက်ခံထုတ်ဖော်ပြောဆိုခဲ့သူတဦး ဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ဒေါ်ခင်မမမျိုးကို ၁၉၇၉-ခုနှစ်တွင် ရှမ်းပြည်နယ်တောင်ကြီးမြို့၌ မွေးဖွားခဲ့သည်။ မွေးဖွားမည့်အချိန်တွင် သူ၏မိခင်သည် ဂွေးလှမြို့နယ်တွင် ဆရာဝန်အဖြစ် ဆေးကုသပေး နေခဲ့သည်။ သူက နိုင်ငံရေးအရ ရေခံမြေခံကောင်းတဲ့နေရာမှာ မွေးဖွားလာတယ်လို့ ပြောလို့ရပါ တယ်။ အဖိုးဖြစ်သူ၏ ပြုစုလေ့ကျင့်ပေးမူများကြောင့်လည်း နိုင်ငံရေးကို ပိုမိုစိတ်ဝင်စားစေခဲ့သည်။

သုံးနှစ်အရွယ် ကတည်းကပင် မနက်မိုးလင်းလျင် ဘီဘီစီမြန်မာပိုင်းကို အဖိုးဖြစ်သူက နားထောင်ခိုင်းခဲ့ပါသည်။ ပြီးတော့ ရုပ်မြင်သံကြား ကြည့် ရင်လည်း သတင်းလိုင်းတွေကိုပဲ အကြည့်များခဲ့တယ်လို့ ပြောပါတယ်။ ည(၈)နာရီ ပြည်တွင်းသတင်း တွေကို ကြည့်သလို့ (၈)နာရီကျော်ကျော်လောက်မှာလာတဲ့ နိုင်ငံရေးသတင်းတွေကိုလည်း အကြည့် များခဲ့တယ်လို့ ဆိုပါတယ်။

ကျောင်းသူဘဝဖြတ်သန်းမှုနှင့် ရှစ်လေးလုံးအရေးအခင်းကာလ[ပြင်ဆင်ရန်]

အထက (၄) တောင်ကြီးမှာ သူငယ်တန်းကျောင်းစတက်ခဲ့ပြီး နိုင်ငံရေးအကြောင်းတွေ ပြောလွန်းမေးလွန်းလို့ ဒီကလေးပေါက်စက ဘာတွေလာမေးနေတာလဲဆိုပြီး ဆရာမတွေက စူးစမ်းကြည့်ခဲ့တယ်လို့ ဒေါ်ခင်မမမျိုးကပြောပါတယ်။ ၁၉၈၈ ခုနှစ် သြဂုတ်လ (၂၀) ရက်မှာတော့ တောင်ကြီးမြို့လုံးကျွတ် သပိတ်စတင်တယ်လို့ဆိုပါတယ်။ အဲဒီနေ့မှာပဲ ဒေါ်ခင်မမမျိုးက သပိတ်မှောက်တဲ့လူတွေနဲ့အတူ လမ်းလျှောက်ခဲ့ပါတယ်။“အဲဒီနေ့က မှတ်မှတ်ရရ နဖူးစည်းတခုရခဲ့တယ်။ နိုင်ငံရေးနဲ့ ပါတ်သက်တဲ့ ပထမဆုံးသမိုင်းပါပဲ” လို့ ဒေါ်ခင်မမမျိုးက နိုင်ငံရေးနဲ့ နဖူးတွေ့ဒူးတွေ့ပါတ်သက်မိတဲ့အကြောင်းကို ပြောပါတယ်။ မြို့လုံးကျွတ်သပိတ်နေရာရဲ့ မျက်စောင်းထိုးမှာ သူ့ရဲ့ မိခင်ဆေးခန်းဖွင့်ထားတာကြောင့် အရေးအခင်း တလျှောက်လုံးမှာ ဖြန့်ဝေတဲ့စာရွက်စာတမ်းတွေ အကုန်လုံးကို ရခဲ့တယ်လို့ဆိုပါတယ်။ အဲဒီစာရွက် စာတမ်းတွေကို ဖတ်ရင်းနဲ့ပဲ လူထုတိုက်ပွဲမှာပါဝင်ဖို့ နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်ဖို့ ပိုအားသန်လာ ခဲ့တယ်လို့ ဆိုပါတယ်။

“၈လေးလုံးမှာ ကပ်ထားတာတွေ အကုန်ရလိုက်တယ်။ အဲဒါတွေကို ကျွန်မဖတ်ရင်းနဲ့ စိတ်ဝင်စားလာ တယ်။ သတင်းစာထဲပါလာရင် ကြည့်ရတာအမော ” လို့ ဒေါ်ခင်မမမျိုးက ပြောပါတယ်။

သူမကဆက်လက်ပြီး “ဒါလည်းသမိုင်းတစ်ကွေ့မှာ မမေ့နိုင်တဲ့ စနက်တံတစ်ခုပေါ့လေ။ အဲဒီအနေ အထားမှာ စစ်အာဏာသိမ်းတယ်လို့ ကြားရတယ်။ ညဘက်တွေမှာ မှတ်မှတ်ရရ သေနတ်သံ (၁၆) ချက်ကြားတယ်” လို့ စစ်အာဏာသိမ်းတဲ့အကြောင်းကို ပြန်ပြောင်းပြောပါတယ်။

သူမက ဆက်လက်ပြီး “အဲအချိန်ကတည်းက စိတ်ထဲမှာ တချိန်ကျရင် တောခိုမယ်ဆိုတဲ့စိတ် ဝင်သွား တယ်” လို့ နိုင်ငံရေးခံယူချက် ပြင်းပြခဲ့တဲ့အကြောင်းကို ပြောပါတယ်။ ဒီလိုစိတ်ဓါတ်တက်ကြွမှုတွေနဲ့ပဲ ကျောင်းသူဘဝကို ဖြတ်သန်းခဲ့ပြီး သတ္တမတန်းမှာတောာ့ ကဗျာ ဆရာတယောက်အဖြစ်နဲ့ ပုဏ္ဏိရိပ်စာပေဝိုင်းမှာ ပါဝင်ခဲ့တယ်။

တက္ကသိုလ်ကျောင်းသူဘဝဖြတ်သန်းမူ[ပြင်ဆင်ရန်]

တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ပြီးစအချိန် ၁၉၉၇ လောက်မှာ တောင်ကြီးမှာ သူမအတွက် လေ့ လာစရာနိုင်ငံရေးတွေ တော်တော်လျော့သွားပြီလို့ ခံစားရတယ်လို့ ပြောပါတယ်။ ဒါကြောင့် သူမလေ့ လာချင်တဲ့ နိုင်ငံရေးတွေ လေ့လာနိုင်ဖို့အတွက် ရန်ကုန်မြို့ကို လာခဲ့တယ်လို့ ဆိုပါတယ်။

“ပြီးတော့ BC (British Council) မှာ သင်တန်းတွေ တက်တယ်။ အဲအချိန်တုန်းက နိုင်ငံရေးစာအုပ်ကို အင်္ဂလိပ်လို့ဖတ်လို့ရတာက ဘီစီနဲ့ အေစီ (အမေရိကန်စင်တာ) မှာပဲရတယ်” လို့ ဒေါ်ခင်မမမျိုးက ပြောပါတယ် ။

အဲဒီလို့နဲ့ နိုင်ငံရေးအကြောင်းတွေ လေ့လာနေခဲ့ပြီး ၁၉၉၈ မှာ ပုဏ္ဏရိပ်စာပေဝိုင်းမှာ ပါဝင်ပတ်သက် တဲ့လူတွေအားလုံး ခေါ်ယူစစ်ဆေးခံခဲ့ရတယ်လို့ ဆိုပါတယ် ။

၁၉၉၉ ခုနှစ်မှာတော့ မန္တလေးဆေးကျောင်းမှာ ကျောင်းစတက်ခဲ့ပါတယ်။ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေမဲ့ ပုဏ္ဏရိပ်စာပေဝိုင်းမှာ ပါဝင်ပတ်သက်ခဲ့မှုတွေကြောင့် အဲဒီအချိန်ကစပြီး သူမနောက်ကို ထောက်လှမ်းရေးတွေက တကောက်ကောက်လိုက်နေခဲ့ပြီလို့ ပြောပါတယ် ။

“တောင်ကြီးကနေ စာတစောင်ထည့်လို့ရှိရင် ကျမဆီကို (၃)လကြာမှရောက်တယ်။ လူကြုံတောင် ကြားထဲမှာ ဝင်ဖြတ်တဲ့ အနေအထားရှိနေတယ်။ ပုံစုံမျိုးစုံနဲ့ လှုပ်ရှားခဲ့ရတဲ့အနေအထားတွေရှိတယ်” လို့ သူမစောင့်ကြည့်ခံဘဝနဲ့ နေခဲ့ရတဲ့အကြောင်းကို ပြောပါတယ် ။

ဆေးကျောင်းတက်ရင်း နည်းလမ်းပေါင်းစုံနဲ့ လှုပ်ရှားနေခဲ့တာတွေကြောင့် ဆေးကျောင်းတက်စဉ် တလျှောက်လုံးလည်း ထောက်လှမ်းရေးတွေရဲ့ စောင့်ကြည့်ခံအဖြစ် နေခဲ့ရတယ်လို့ဆိုပါတယ်။

“ကျမကို နိုင်ငံရေးမလုပ်ဖို့ ထောက်လှမ်းရေးကနေပြီးတော့ လက်မှတ်ထိုးခိုင်းတယ်။ အဲဒီတော့ ကျမ ကလည်း မထိုးဘူးပေါ့နော်။ နိုင်ငံရေးလုပ်ရင် ဒီကျောင်းမှာ တက်လို့မရဘူးတဲ့” လို့ ဒေါ်ခင်မမမျိုးက ပြောပါတယ်။

ဒီကျောင်းတက်ခွင့်မရှိပေမဲ့ တခြားဘယ်ကျောင်းပြောင်းချင်လဲ၊ ဘယ်ကျောင်းပဲဖြစ်ဖြစ် တက်ခွင့်ပြု မယ်လို့ ကမ်းလှမ်းလာတယ်လို့ ပြောပါတယ်။ အဲဒီကမ်းလှမ်းမှုကို လွဲမှားစွာယုံကြည်ပြီး လက်မှတ်ထိုး ပေးခဲ့တယ်လို့ ဆိုပါတယ်။

သူမတက်ချင်တဲ့ နိုင်ငံတကာ ဆက်ဆံရေးဘာသာရပ် (IR) ကျောင်းဝင်ခွင့်မရခင်မှာကတည်းက အဲဒီ ကျောင်းကိုသွားပြီး ကျောင်းတက်နေခဲ့တယ်လို့ ဆိုပါတယ်။ စာသင်ချိန်ပြီးတဲ့အချိန်တွေမှာ IR ရဲ့ ပါမောက္ခကြီးနဲ့ နိုင်ငံရေးအကြောင်းတွေ ဆွေးနွေးနေခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် IR ကိုလည်း တက်ခွင့်မရခဲ့ပါဘူး။ အကြောင်းပြချက်ကတော့ ဆေးကျောင်းက ကျန်းမာရေးဝန်ကြီးဌာနအောက် ကဖြစ်ပြီး နိုင်ငံတကာဆက်ဆံရေးဘာသာရပ်က ပညာရေးဝန်ကြီးဌာနအောက်မှာ ရှိလို့ပါတဲ့။

“ဒါဆိုရင် ကျန်းမာရေးကို ပြန်ဝင်မယ်။ ဆေးကျောင်းကို ပြန်တက်မယ်ဆိုတဲ့အခါကျတော့ ကျောင်းက ထွက်ထားပြီးပြီ။ လက်ခံလို့မရတော့ဘူးလို့ ဖြစ်ပါတယ်။ ပြောမယ်ဆိုရင် မလှိမ့်တပတ်နဲ့ ကျောင်း ထုတ်ခံရတာပေ့ါနော်” လို့ ဒေါ်ခင်မမမျိုးကပြောပါတယ်။

အင်္ဂလန်သွားရန်ကြိုးစားသည့်ကာလနဲ့ အင်္ဂလန်မှာ နေစဉ်က နိုင်ငံရေးလှုပ်ရှားမှု[ပြင်ဆင်ရန်]

ကျောင်းကလည်း ဝင်လို့မရ ဖြစ်နေတဲ့အချိန်မှာ သူမဘာဆက်လုပ်မလဲဆိုတာကို သေချာစဉ်းစား တယ်။ အရင်ဆုံးသတိရသွားတာက တောခိုမယ်။ ဒါနဲ့ပဲ လက်နက်ကိုင်အဖွဲ့တွေထဲက သူမနဲ့ ရင်းနှီး တဲ့ အစ်ကိုတွေနဲ့ ဆက်သွယ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သူမရဲ့ တောခိုမဲ့အစီအစဉ်က မအောင် မြင်ခဲ့ဘူး။

ပြည်ပထွက်ခွာခွင့်ရဖို့အတွက် အဲဒီခေတ်က လုပ်ရိုးလုပ်စဉ်တွေအတိုင်း ပြန်ပြောပြတိုင်း စိတ်ကသိ ကအောက် ဖြစ်စေမဲ့ လာဘ်ပေးမှုတခုကို လုပ်ခဲ့မိတယ်လို့ ဆိုပါတယ် ။

“သိန်းပေါင်းများစွာ အကုန်ခံပြီးတော့ ပတ်စပို့(ခရီးသွားခွင့်စာအုပ်)တခုရလိုက်တယ်။ ရပြီးတော့ ချက် ချင်းပဲ ဗြိတိသျှသံရုံးမှာ ဗီဇာဝင်တယ်။ ချက်ချင်းပဲ ကျောင်းသွားတက်တယ်” လို့ ပြောပါတယ်။

အင်္ဂလန်မှာ ကျောင်းတက်နေရင်းနဲ့လည်း ပြည်တွင်းပြည်ပနိုင်ငံရေး လှုပ်ရှားမူတွေထဲမှာ ပါဝင်ပါတ် သက်နေခဲ့ပါတယ်။ အင်္ဂလန်အခြေစိုက် ဒီမိုကရေစီမဟာမိတ်များအဖွဲ့ချုပ်(ဒမဖ)မှာ မီဒီယာနဲ့ Campaign ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

“မြန်မာအင်္ဂလိပ်ပိုင်း တာဝန်ယူတယ်။ ရှိရှိသမျှ လူထုလှုပ်ရှားမှုကို ရေးသားချပြတယ်။ အထူးသဖြင့် နိုင်ငံရေးအံတုမှုနဲ့ ပါတ်သက်ပြီး လုပ်ဆောင်ခဲ့ကြတယ်” လို့ နိုင်ငံရေးလှုပ်ရှားမှုအကြောင်းကို ပြောပါ တယ်။

၂၀၀၃ ခုနှစ်၊ ဒီပဲယင်းအရေးအခင်းဖြစ်ပြီး နောက်ပိုင်းမှာ ပြည်တွင်းက နိုင်ငံရေးလှုပ်ရှားမှု ရေချိန်က ကျဆင်းလာတယ်လို့ ဒေါ်ခင်မမမျိုးက သုံးသပ်ပါတယ်။

၂၀၀၄ – ၂၀၀၅ နောက်ပိုင်းမှာတော့ လက်နက်ကိုင်တော်လှန်ရေးရေချိန်က ကျလာတယ်။ ပြီးတော့ လူထုတိုက်ပွဲတွေကလည်း ရေချိန်တွေကျလာတဲ့အခါမှာ လူထုတိုက်ပွဲတွေကို အရှိန်မြင့်စေဖို့အတွက် ဘားမားဒိုင်ဂျက်စ်ဂျာနယ်မှာ နိုင်ငံတကာက လူထုတိုက်ပွဲတွေအကြောင်းကို အသားပေးရေးသား ခဲ့တယ်လို့ ပြောပါတယ် ။

“ရှိရှိသမျှ လူထုလှုပ်ရှားမှုတွေကို ရေးသားချပြတယ်။ အထူးသဖြင့် နိုင်ငံရေးအံတုမူနဲ့ ပတ်သက်ပြီး လုပ်ဆောင်ခဲ့ကြတယ်။ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေအားလုံးရဲ့ အသီးအပွင့်တခုလို့ ပြောလို့ရတဲ့ ရွှေဝါရောင်တော်လှန်ရေးကြီးပေါ်ပေါက်လာခဲ့တယ်။ ၂၀၀၄ – ၂၀၀၅ မှာ လုံးဝမစဉ်းစားခဲ့တဲ့ လူထု တိုက်ပွဲပါ” လို့ ရွှေဝါရောင်တော်လှန်ရေးစတင်ဖြစ်ပေါ်ဖို့ အစပျိုးခဲ့ပုံအကြောင်းကိုပြောပါတယ်။ ၂၀၀၇ ခုနှစ်၊ ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်းမှာ အနိမ့်ဆုံးဒိုင်ယာလောခ့် အမြင့်ဆုံး ကြားဖြတ် အစိုးရဖွဲ့နိုင်မဲ့ အခင်းအကျင်းတွေကို တည်ဆောက်ထားပြီးသားဖြစ်ပေမဲ့ ညောင်နှစ်ပင်ညီလာခံကို အဆုံးသတ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူဆန္ဒခံယူပြီး အတည်ပြုမယ်။ နောက်နိုင်ငံရေး ပါတီတွေ ထူထောင်ခွင့်ပေးပြီး ရွေးကောက်ပွဲဝင်မယ်ဆိုပြီး စစ်အစိုးရက ကြေညာလိုက်တဲ့အချိန်မှာ အစီအစဉ်တွေ ကမောက်ကမဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

” ဒါပေမဲ့ ကံဆိုးစွာနဲ့ နာဂစ်ဝင်တယ်။ အဲဒီကနေ ၂၀၀၉ အခင်းအကျင်းမှာတော့ ရွေးကောက်ပွဲကြီးက အတည်နီးပါးဖြစ်နေပြီ” လို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မထောက်ခံဖို့ဆိုတဲ့ လှုပ်ရှားမူကလည်း မအောင်မြင်ခဲ့တဲ့အကြောင်းကို ဒေါ်ခင်မမမျိုးကပြောပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြီး ၂၀၁၀ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ သေချာ သွားတဲ့အချိန်မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ထံက စကားတခွန်းကို ပြည်တွင်း ပြည်ပ နိုင်ငံရေးလှုပ်ရှားသူတွေက စောင့်နေခဲ့ကြတယ်”လို့ဆိုပါတယ်။ “လူထုခေါင်းဆောင်ဆီက ရွေးကောက်ပွဲ မဝင်ဘူးလို့ စကားရလာတဲ့အချိန်ကစပြီး စစ်အစိုးရရဲ့ ပြည် ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကလွဲလို့ တိုင်းနဲ့ပြည်နယ် (၁၄) ခုလုံးမှာရှိတဲ့ ပါတီတွေ ရွေး ကောက်ပွဲမဝင်ဖို့အတွက် လှုပ်ရှားမူတခုကို စတင်လုပ်ဆောင်ခဲ့တယ်” လို့ ဆိုပါတယ်။ ဒီအဆင့်မှာလည်း အားလုံးရဲ့လှုပ်ရှားမှုက မအောင်မြင်ခဲ့ပါဘူးလို့ ဒေါ်ခင်မမမျိုးက ဝန်ခံပါတယ်။

ပြည်တွင်းထဲကို ပြန်လည်ဝင်ရောက်လာမှု[ပြင်ဆင်ရန်]

ဦးသိန်းစိန်အစိုးရတက်ပြီး ၂၀၁၃ ခုနှစ်မှာ ပြည်ပရောက် ပညာရှင်တွေကို လာနိုင်တယ်လို့ ဖိတ် ခေါ်တဲ့အချိန်မှာ ပြည်တွင်းကို ဝင်ရောက်ဖို့ ကြိုးစားခဲ့ပါတယ်။

“ပြည်တွင်းထဲရောက်တဲ့အချိန်မှာ ပထမဆုံးနိုင်ငံရေးလှုပ်ရှားတာကတော့ ၈၈၈၈ အခမ်းအနား (၂၅) နှစ်မြောက်မှာ ဖြစ်ပါတယ်။ ကျမကို ဟောပြောမဲ့ခေါင်းစဉ်ရွေးခိုင်းတယ်။ အမျိုးသားပြန်လည်သင့်မြတ် ရေးကို ရွေးလိုက်တယ်” လို့ဒေါ်ခင်မမမျိုးကပြောပါတယ်။

အဲဒီနောက်မှာ မြန်မာငြိမ်းချမ်းရေးနှင့် လုံခြုံရေးသိပ္ပံကျောင်းနဲ့ မြန်မာ့ ကျား/ မ ရေးရာသိပ္ပံကို တည် ထောင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ မြို့(၃၀၀)ကျော်မှာ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးသင်တန်းတွေ ကို ပို့ချပြီးပြီလို့ သိရပါတယ် ။

“၂၀၁၄-၁၅ မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ထွက်လာတဲ့ အချိန်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)ရဲ့ ဖိတ်ခေါ်မှုနဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ မူကြမ်းရေးဆွဲရေးအဖွဲ့မှာ ပါဝင်ခဲ့ပါတယ်” လို့ လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေမှာ ပါဝင်ဖြစ်ပုံကို ပြောပါတယ်။

ဒီလို့ ABSDF အဖွဲ့ရဲ့ ကမ်းလှမ်းမှုကို လက်ခံဖြစ်ခဲ့တဲ့အကြောင်းကို “ပထမဆုံး ကိုယ့်ကို နှလုံးခုန်သံ ပေးခဲ့တာက လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တယ်။ အဲဒီတော့ သူတို့ဖိတ်ခေါ်မှုမှာ ပါဝင်ခဲ့တယ်” လို့ ဒေါ်ခင်မမမျိုးက ပြောပါတယ် ။

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမူပူးတွဲကော်မတီ (UPDJC) က ကြီးမှူးကျင်းပတဲ့ ပထမ အကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံနဲ့ ၂၁ ရာစုပင်လုံတို့မှာလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ရဲ့ အဆိုပြုမှုနဲ့ ပါဝင်သင့်ပါဝင်ထိုက်သူအနေဖြင့် ပါဝင် ဆောင်ရွက်နေပြီး လုံခြုံရေးအခန်းကဏ္ဍကို အဓိကထားဆွေးနွေးခဲ့ပါတယ် ။

“အဲဒီအချိန်မျိုးမှာ အဓိက အရေးကြီးတာက ကိုယ့်ရဲ့ အသံကိုထုတ်နိုင်ဖို့ပဲ။ တခါတလေ ကျမတို့ အမျိုးသမီးတွေဖြစ်တတ်တာတခုက ဆွေးနွေးနေတဲ့အချိန်မှာ ဆရာတို့ကတော့ ပိုပြီးတော့ အတွေ့ အကြုံတွေရှိုလို့ ဆရာတို့ပဲ ဆွေးနွေးလိုက်ပါဆိုတာမျိုး ဖြစ်တတ်တယ်။ ကျမကတော့လေ ကိုယ့်ကို ကိုယ့် တာဝန်ယူတယ်လို့ ပြောရမလားပဲ။ ကျမတို့အမျိုးသမီးတွေရဲ့ အသံကို အမျိုးသမီးတယောက် အနေနဲ့ပဲ ဖော်ထုတ်ချင်တယ်” လို့ အတွေ့အကြုံကို မျှဝေပါတယ် ။ ယခုကျင်းပပြီးစီးခဲ့သည့် (၂၁) ရာစုပင်လုံညီလာခံကြီးတွင် အမျိုးသမီး (၁၃) ရာခိုင်နှုန်းပါဝင်ဆွေးနွေး ခဲ့ပြီး နိုင်ငံရေးရဲ့ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့တာဝန်တွေမှာ အမျိုးသမီး (၃၀) ရာခိုင်နှုန်းပါဝင်ရေးကို စကားအရ တောင်းဆိုနေမဲ့အစား အထောက်အထားတွေ ဥပဒေတွေနဲ့ ပြောသင့်တယ်လို့လည်း ဒေါ်ခင်မမမျိုးက အကြံပြုပါတယ်။

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဖော်ဆောင်တဲ့အခါမှာ UN ရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက် (၁၃၂၅)ကို လိုက်နာရပါတယ်။ အဲဒီဆုံးဖြတ်ချက် တွေကို ထောက်ပြပြီး အမျိုးသမီး(၃၀) ရာခိုင်နှုန်းပါဝင်ရေးကို တောင်းဆိုသင့်တယ်လို့ ဆိုပါတယ်။

အဲဒီဆုံးဖြတ်ချက်က အဓိကအချက် (၁၈)ချက်ရှိပြီး ပဋိပက္ခတွေကို တားဆီးကာကွယ်ရေး၊ စီမံခန့်ခွဲ ရေးနဲ့ အဖြေရှာရေးတွေမှာ အမျိုးသမီးကိုယ်စားပြုမှုကို တိုးမြှင့်ရေးအတွက် အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းချက်တခု ပါရှိပါတယ်။

ဒေါ်ခင်မမမျိုး၏ကိုယ်ရေးအကျဉ်း[ပြင်ဆင်ရန်]

၂၀၀၅ ခုနှစ်တွင် ဘားမားဒိုင်ဂျက်စ်ဂျာနယ်တွင် လက်ထောက်အယ်ဒီတာ။

၂၀၀၅ – ၂၀၀၈ ဒီမိုကရေစီမဟာမိတ်များအဖွဲ့ချုပ်တွင် မီဒီယာနှင့်ကမ်ပိန်းဒါရိုက်တာ။

၂၀၀၈ -၂၀၁၁ ခုနှစ်အထိ မြန်မာပြည်လွှတ်မြောက်ရေးအဖွဲ့ချုပ်မှာ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁)။

၂၀၁၂ ခုနှစ် – Myanmar Institute of Peace & Security Studies ကိုတည်ထောင်သူ/ဒါရိုက်တာ

၂၀၀၉ – ၂၀၁၀ ခုနှစ်တွင် လူထုတိုက်ပွဲလက်စွဲ စာအုပ်ရေးသားထုတ်ဝေခဲ့သည်။

ရရှိခဲ့သောဘွဲ့များ[ပြင်ဆင်ရန်]

  • (နိုင်ငံတကာလေ့လာရေး- ဝိဇ္ဖာဘွဲ့ (BA)၊
  • Aberdeen တက္ကသိုလ်မှ ဘောဂဗေဒ (နိုင်ငံရေးဘောဂဗေဒ) မဟာဝိဇ္ဇာဘွဲ့ (MA)၊ မဟာဗျူဟာ လေ့လာရေး မဟာသိပ္ဗံဘွဲ့ (MSc Strategic Studies)၊
  • နိုင်ငံရေးသုတေသန (မဟာသုတေသနဘွဲ့)
  • အင်္ဂလန်နိုင်ငံတက္ကသိုလ်များမှ စီးပွားရေးစီမံခန့်ခွဲမှု၊ အိုင်တီ (သတင်းနည်းပညာ)၊ အစိုးရနှင့် နိုင်ငံရေး၊ သတင်းစာပညာဘာသာရပ်များတွင် ဒီပလိုမာ လက်မှတ်များရရှိခဲ့သည်။
  • Cambridge တက္ကသိုလ် လုပ်ငန်းရှင်များအစီအစဉ်၏ ကျောင်းသားဟောင်းတစ်ဦးလည်းဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခလေ့လာရေးစင်တာ၏ ငြိမ်းချမ်းရေးခေါင်းဆောင်မှု အဖွဲ့ဝင် တဦးလည်း ဖြစ်သည်။

[၁]


ဒေါ်ခင်မမမျိုးသည် ဗြိတိန်နိုင်ငံ၊ University of Aberdeen တွင် နိုင်ငံတကာလေ့လာရေးပညာ ဝိဇ္ဇာဂုဏ်ထူးဘွဲ့ BA (Hons) International Studies၊ ဘောဂဗေဒမဟာဝိဇ္ဇာဘွဲ့ (MA Economic)၊ မဟာဗျူဟာ လေ့လာရေးပညာ မဟာသိပ္ပံဘွဲ့ (MSc in Strategic Studies)၊ နို်ငံရေးသုတေသန မဟာသုတေသနဘွဲ့ (MRes Political Research) များကို လေ့လာဆည်းပူး ခဲ့ပါသည်။ ဒေါ်ခင်မမမျိုးသည် ဗြိတိန်နိုင်ငံ၊ University of Cambridge Local Examinations Syndicate မှ စီးပွားရေး စီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာ (Advanced Diploma in Business Administration)၊ National Computing Centre မှ သတင်းအချက်အလက်နှင့် နည်းပညာဒီပလိုမာ (Information and Technology)၊ Open University မှ အစိုးရနှင့်နိုင်ငံရေးသိပ္ပံဒီပလိုမာ (Government and Politics) နှင့် စုံစမ်းထောက်လှမ်းခြင်းသတင်းပညာဒီပလိုမာ (Investigative Journalism, ASEST-UK) တို့ကိုလည်း လေ့လာဆည်းပူးခဲ့သည်။


ထို့အပြင် ဒေါ်ခင်မမမျိုးသည် University of Cambridge Enterprisers Program၊ ကမ္ဘောဒီးယားနိုင်ငံ အခြေစိုက် Center for Peace and Conflict Studies (CPCS) မှ Peace Leadership Program တို့တွင်လည်း Fellow အဖြစ် ပါဝင်ခဲ့ပါသည်။ ယခုလက်ရှိတွင် ဒေါ်ခင်မမမျိုးသည် ပါရဂူဘွဲ့အတွက် အဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရေး ဘာသာရပ်အထူးပြုဖြင့် ထိုင်းနိုင်ငံ Assumption University တွင် လေ့လာသင်ယူလျက်ရှိသည်။ ဒေါ်ခင်မမမျိုးသည် မြန်မာဖွံ့ဖြိုးမှုအဖွဲ့အစည်း၏ သုတေသနဌာန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဌာနများ၏ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။


၎င်းအပြင် ဒေါ်ခင်မမမျိုးသည် Myanmar Institute of Gender Studies (MIGS) နှင့် မြန်မာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသိပ္ပံ Myanmar Institute of Peace and Security Studies (MIPSS) တို့တွင်လည်း Technical Advisor အဖြစ်တာဝန်ယူထားပါသည်။ သူမသည် ၎င်းအဖွဲ့အစည်းနှစ်ခု အပါအဝင် Myanmar Institute of Politics and Public Policy တို့၏ စတင်တည်ထောင်သူ၊ အုပ်ချုပ်မှုဒါရိုက်တာအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဒေါ်ခင်မမမျိုးသည် အရပ်ဘက်အဖွဲ့အစည်းများ (Civil Society Organization)၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ (International Non-government Organizations)၊ နိုင်ငံတကာ အဖွဲ့အစည်းများ (International Organizations) တွင်လည်း သင်တန်းဆရာ၊ သင်တန်းအကြံပေး၊ သုတေသနအကြံပေးပုဂ္ဂိုလ်အဖြစ် အမျိုးသမီး၊ ငြိမ်းချမ်းရေး နှင့် လုံခြုံရေးကဏ္ဍဍ (Women, Peace and Security) ၊ ကျား၊မ ရေးရာကဏ္ဍဍ၊ ဖွံ့ဖြိုးရေးကဏ္ဍဍ၊ ဒီမိုကရေစီ၊ ဖက်ဒရယ်စနစ် နှင့် နိုင်ငံတော်အဆင့်စီးပွားရေး စီမံခန့်ခွဲ့မှုကဏ္ဍဍ အသီသီးတို့ တွင်ကျွမ်းကျင်သူအဖြစ် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။


ဒေါ်ခင်မမမျိုးသည် သုတေသန စာတမ်းများကို University of Oxford, University of Birmingham, London School of Economics and Political Science (LSE), Stockholm International Peace Research Institute (SIPRI), Doha Forum, University of Yangon တို့တွင် ကျင်းပခဲ့သော ပညာရပ်ဆိုင်ရာ ညီလာခံများတွင် တက်ရောက်ဖတ်ကြားခဲ့ပါသည်။ အခြားညီလာခံများ၊ ဖိုရမ်များ၊ အဆင့်မြင့်နှီးနှော ဖလှယ်ပွဲများတွင်လည်း ဦးဆောင်ဆွေးနွေးသူအဖြစ် အကြိမ်များစွာပါဝင်ဆွေးနွေးခဲ့ပါသည်။ သုတေသနပြုလုပ်ရန်အထူးစိတ်ဝင်စားသည့် ကဏ္ဍဍများမှာ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဖြေရှင်းရေး (Peace and Conflict Studies) ၊ ငြိမ်းချမ်းသောစီးပွားရေးဖွံ့ဖြိုးမှု (Peace Economics)၊ ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍဍစီးပွားရေး (Economics of Defense and Security)၊ မြို့ပြနှင့် ဒေသတွင်းစီးပွားရေးကဏ္ဍဍ (Regional and Urban Economics)၊ သဘာဝ သယံဇာတများနှင့် ပတ်ဝန်းကျင် စီးပွားရေးကဏ္ဍ (Natural Resources and Environmental Economics) နှင့် ကျား၊မရေးရာနှင့် လူထုအတွင်း ပူးပေါင်းပါဝင်ခြင်း ကဏ္ဍဍအပါအဝင် ကျား၊မရေးရာနှင့်ဆက်စပ်နေသော ကဏ္ဍ (Cross-cutting issues of Gender and Social Inclusion) တို့ ဖြစ်ကြသည်။


ဒေါ်ခင်မမမျိုးသည် Burmese Democratic Movement Association ၏ Coordinator အဖြစ် ၂ဝဝ၃ ခုနှစ် မှ ၂ဝဝ၄ အထိ ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၂ဝဝ၄ခုနှစ်မှ ၂ဝဝ၈ ခုနှစ်အတွင်း Democratic Federation of Burmaတွင် Media and Campaigns Director အဖြစ်၎င်း၊ Free Burma Federation တွင် ပူးတွဲအထွေထွေအတွင်းရေးမှူးအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရပြီး ၂ဝဝ၈ခုနှစ်မှ ၂၀၁၂ခုနှစ်အထိ တာဝန်ယူခဲ့ပါသည်။ ဒေါ်ခင်မမမျိုးသည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ် (၂၀၁၆-၂၀၂၀) တွင် ပါဝင်သင့်ပါဝင်ထိုက်သူတစ်ဦးအနေနှင့် လည်းကောင်း၊ ပူးတွဲစောင့်ကြည့် လေ့လာရေးကော်မတီ-တိုင်းရင်းသားလက်နက်ကိုင်များအဖွဲ့ (Joint Monitoring Committee-EAOs) ၏ နည်းပညာ အကြံပေးအဖြစ်လည်းကောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးပွဲပူးတွဲကော်မတီ- တိုင်းရင်းသား လက်နက်ကိုင်များအဖွဲ့ (Union Peace Dialogue Joint Committee-EAOs) ၏ လုံခြုံရေးကဏ္ဍဍ အကြံပေး အဖြစ်လည်းကောင်းပါဝင်ကူညီခဲ့ပါသည်။ ဒေါ်ခင်မမမျိုးသည် ၂၀၁၆ ခုနှစ်မှစတင်၍ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် လုံခြုံရေးကဏ္ဍဍနှင့် နိုင်ငံရေးဆွေးနွေးမှုကိုယ်စားလှယ်အဖြစ် ပါဝင်တက်ရောက် ဆွေးနွေးခဲ့ပါသည်။ ဒေါ်ခင်မမမျိုးသည် Myanmar Land Core Group ဒါရိုက်တာဘုတ်အဖွဲ့၏ ဥက္ကဌအဖြစ် ၂၀၁၆ ခုနှစ် မှ ၂၀၁၉ခုနှစ် အထိထမ်းဆောင်ခဲ့ပြီးနောက် ယခုအထိ ဒါရိုက်တာဘုတ်အဖွဲ့ဝင် အဖြစ် ထမ်းဆောင် လျှက်ရှိသည်။


၂၀၁၆ ခုနှစ်တွင် အမေရိကန်အခြေစိုက် Citizen of Burma Organization က ဒေါ်ခင်မမမျိုး ၏ မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့်လူမှုရေးပြောင်းလဲမှုလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ကြိုးပမ်း အားထုတ်ခဲ့မှုအတွက် Special Award ကို ချီးမြှင့်ခဲ့သည်။ဒေါ်ခင်မမမျိုးသည် လုံခြုံရေးကဏ္ဍဍလေ့လာခြင်း (Security Studies) ၊ ကာကွယ်ရေးနှင့် လုံခြုံရေးစီးပွားရေးကဏ္ဍဍ (Defense and Security Economics) ၊ ဖွံ့ဖြိုးမှုစီးပွားရေး (Development Economics)၊ ငြိမ်းချမ်းရေးနှင့်ပဋိပက္ခဖြေရှင်းရေးလေ့လာသုံးသပ်ခြင်း (Peace and Conflict Analysis)၊ ကျား၊မ တန်းတူညီမျှရေး (Gender Equality) ၊ သင်တန်းပို့ချခြင်း (Training and Facilitation) နှင့် အဖွဲ့အစည်းများဖွံ့ဖြိုးတိုးတက်စေရန်ပြောင်းလဲခြင်းကဏ္ဍ (Organizational Change and Development) တို့တွင် ပါဝင်ဆောင်ရွက်နေပါသည်။ ဒေါ်ခင်မမမျိုးသည် အားလပ်ချိန်များတွင် စာဖတ်ခြင်း၊ စာရေးခြင်း၊လုပ်အားပေးခြင်း နှင့် ခရီးသွားခြင်းတို့ကို နှစ်သက်သူတဦးဖြစ်သည်။ ဒေါ်ခင်မမမျိုးသည် (၁၉၉၃) ခုနှစ်တွင် တို့ကျောင်းသားစာစောင်ပါကဗျာဖြင့် စာပေလောကသို့စတင်ဝင်ရောက်ခဲ့ပါသည်။ မင်္ဂလာမောင်မယ်၊တကယ့်ဖြစ်ရပ်မှုခင်းမဂ္ဂဇင်း၊ ရွက်နုဝေ၊ တောင်ကြီးနှစ်တရာ၊ ကလောင်သစ်၊ နီလေးမောင်၊ ကလေးသုတ၊ အလင်းတိုင်းပြည်၊ ဘားမားဒိုင်ဂျက်စ်၊ငုရင်ပြင်၊ voice of Burma၊ မိုးကြိုး၊ ချိုးလင်းပြာ၊ အရေးတော်ပုံ၊ လွတ်မြောက်ရေးဂျာနယ်၊ ပဲ့တင်သံဂျာနယ်၊ ဒီလှိုင်းဂျာနယ်၊ The Voice Journal၊ မော်ကွန်းမဂ္ဂဇင်း တို့တွင် ဝတ္ထုတို၊ ဆောင်းပါးများ ရေးသားခဲ့ပါသည်။ Burma Digest Journal တွင် အယ်ဒီတာ အဖြစ်ဆောင်ရွက် ခဲ့ပြီး Freedom Journal of Burma တွင် အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ဒေါ်ခင်မမမျိုးသည် China and Indian Ocean: Strategic Interests in the 21st Century (2010)၊ Poverty Reduction (2013), Women and Politics (2013)၊ War, Conflicts and Peace Article Series (2014)၊ Gender and Politics (2014)၊ Politics, State and Sovereignty (2017)၊ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စာတမ်းများ (၂၀၂၀) စာအုပ်များ ရေးသားထုတ်ဝေခဲ့ပါသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. https://hiburma.net/2016/10/နောက်မဆုတ်တမ်းရှေ့ဆက်လ/