ဒုံဇရစ်မြို့ဟောင်း

ဝီကီပီးဒီးယား မှ

ဒုံဇရစ်မြို့ဟောင်းသည် အလွန်စိတ်ဝင်စားဖွယ်ကောင်းသည့် မြို့ဟောင်းတစ်ခုဖြစ်သည်။ မြို့ဟောင်းသည် မြို့ခွင် ၂ ခုဆက်လျက်ရှိသည့် မြို့ဟောင်းတစ်ခုဖြစ်သည်။ ဒုံဇရစ်မြို့ဟောင်းမှာ ဟံသာဝတီ (၃၂)မြို့စာရင်း၌ ပါရှိသည်။ စစ်တမ်းများ၌လည်းပါရှိပြီးဖြစ်၍ ထပ်၍ ရေးသားဖော် ညွှန်းရန် မလိုတော့ပေ။

ဒုံဇရစ်သည် အရွယ်အစားအားဖြင့် သိပ်မသေးလှပေ။ ဒုံဇရစ်ကိုသွားရန်မှာ ညောင်လေး ပင်သို့ သွားပြီး၎င်းင်းမှတစ်ဆင့် မီးရထားလမ်းခွဲဖြင့် စစ်တောင်းမြစ်ကမ်းပေါ်ရှိ မဒေါက်မြို့သို့ သွားရသည်။ မဒေါက်မှတစ်ဆင့်စစ်တောင်းမြစ်ကို စုန်၍ ဒုံဇရစ်သို့ရောက်နိုင်သည်။ ဒုံဇရစ်သည် ဝေးလံသီခေါင်သည့်နေရာတည်း။ စစ်တောင်းမြစ်၏ အရှေ့ဘက်ကမ်းပေါ်တွင်တည်ရှိသည်။ ဒုံဇရစ်၏ အရှေ့ဘက်နယ်မြေအဝန်းသည်လည်း အဓိကအားဖြင့် သစ်တောများသစ်တောကြိုး ဝိုင်းများရှိပြီး သစ်တောလုပ်ငန်းကိုပင် အဓိကထားကြဟန်ရှိသည်။ စစ်တောင်းမြစ်၏ အနောက် ဖက်ကမ်းတွင်ကား ဤသို့မဟုတ်၊ မြေမျက်နှာပြင်လည်း ပြန့်ပြူးပြီးလယ်ယာမြေအဓိကနေရာ များဖြစ်သည်။

တည်နေရာ[ပြင်ဆင်ရန်]

ဒုံဇရစ်မြို့ဟောင်းသည် မြောက်လတ္တီတွဒ် ၁၇ ဒီဂရီ ၄၆.၅ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၅၃.၅ မိနစ်နှင့် စစ်တောင်းမြစ်၏ အရှေ့ဘက်ကမ်းပေါ်တွင် တည်ရှိသည်။ ဒုံဇရစ် ကျေးရွာသည် ဒုံဇရစ်မြို့ဟောင်း၏ တောင်ဘက်အစွန်းမှ စစ်တောင်းမြစ်ကမ်းအတိုင်း တောင်ဘက် တစ်လျှောက်တွင် တည်ရှိသည်။ ရွာတန်းရှည်တစ်ခုဖြစ်၏။ စစ်တောင်းမြစ်၏ အနောက်ဘက်ကမ်းတွင်လည်း ဒုံဇရစ်အနောက်ဟုခေါ်တွင်သည့် ရွာတစ်ရွာရှိသည်။ အမှန်မှာ မူရင်းဒုံဇရစ်ရွာမှခွဲထွက်ပြီး အနောက်ဘက်ကမ်းနှင့် အရှေ့ဘက်ကမ်းကူးလူးဆက်သွယ်ရေး အတွက် ကူးတို့ဆိပ်သဖွယ်ဆောင်ရွက်ရန် ဖြစ်ပေလိမ့်မည်။

ဒုံဇရစ်မြို့ဟောင်းသည် စစ်တောင်းမြစ်၏ အရှေ့ဘက်ကမ်း ကုန်းပြင်မြင့်ပေါ်၌ တည်ရှိ သဖြင့် စစ်တောင်းမြစ်ကမ်းခြေထက် အတော်အတန်မြင့်သည့် ကုန်းမြေပေါ်တွင် တည်ရှိခြင်းဖြစ် သည်။ သို့ရာတွင် မြို့တွင်းတစ်ခွင်လုံး မြေမျက်နျာပြင်အနေဖြင့် ပြန့်ပြန့်ပြူးပြူးရှိချေသည်။ အတွင်းမြို့ခွင် တစ်ဝန်းလုံးသစ်ပင်များနှင့်တွေ့ရသည်။

ပုံသဏ္ဌာန်[ပြင်ဆင်ရန်]

ဒုံဇရစ်မြို့ဟောင်း၏ ပုံသဏ္ဌာန်မှာ စိတ်ဝင်စားဖွယ်အကောင်းဆုံးဖြစ်သည်။ မြို့ဟောင်း သည် စစ်တောင်းမြစ်၏ အရှေ့ဘက်ကမ်းကို ကပ်မြှောင်လျက်တောင်နှင့်မြောက် အလျားရှည်ပြီး၊ အရှေ့နှင့်အနောက် ကျဉ်းသည့် မြို့ဟောင်းဖြစ်သည်။ မြို့ဟောင်းသည် ခွင် ၂ခုဖြင့် ဖွဲ့စည်း တည်ဆောက်မှုပြုထားသဖြင့် စိတ်ဝင်စားဖွယ်ဖြစ်သည်။ မြောက်ဘက်ခွင်သည် ကွေးဝိုင်းသည့် ပုံသဏ္ဌာန်ဖြစ်သည်။ သို့ရာတွင်တောင်ဘက်ပိုင်းတွင်မူ စတုဂံပုံသဏ္ဌာန်ဖြစ်သည်။

မြို့ထောင့်များမှာလည်း အရှေ့တောင်ထောင့်တစ်ခုမှလွဲလျှင် ထောင့်ချွန်းများမဟုတ်ပေ။ ဒုံဇရစ်မြို့ဟောင်းသည် တောင်ဘက်ဒုံဇရစ်ရွာကိုဖြတ်၍ စစ်တောင်းမြစ်ထဲသို့ စီးဆင်းသည့် ဒုံဇရစ်ချောင်းနှင့် မြောက်ဘက်တွင်ရှိပြီး စစ်တောင်းမြစ်ထဲသို့ပင် စီးဆင်းသည့် မဲဝိုင်းချောင်းအစ ရှိသည့် ချောင်း ၂ချောင်းအတွင်း၌ ဒုံဇရစ်မြို့ဟောင်းတည်ရှိလေသည်။ ဒုံဇရစ်မြို့ဟောင်း၏ ကွေးဝိုင်းသော မြောက်ဘက်မြို့ရိုးသည် မဲဝိုင်းချောင်း စစ်တောင်းမြစ်ထဲသို့စီးဝင်သည့် နေရာ နယ်နိမိတ်သဖွယ်တည်ရှိသည်။ ဒုံဇရစ်ချောင်းကလေးကမူ မြို့ဟောင်း၏ တောင်ဘက်နယ်နိမိတ် ကဲ့သို့ တောင်ဘက်၌တည်ရှိလေသည်။ ထို့ထက်တစ်မိုင်ခန့် တောင်ဘက်ကျသည့် နေရာတွင်မူ ကျုံပင ချောင်းသည် စစ်တောင်းမြစ်ထဲသို့ စီးဝင်၏။

စစ်တောင်းမြစ်တစ်လျှောက် မဲဝိုင်းချောင်းဝ၏ မြောက်ဘက်တွင် ဆားဈေးနှင့် ကျွဲတဲရွာ များ တောင်ဘက်တွင် ဒုံဇရစ်ရွာနှင့် ဒုံဇရစ်ချောင်း၊ ထို့ထက် တောင်ပိုင်းကျလျှင် ကျုံပငချောင်း တို့ရှိသည်။ ကျုံပင ရွာမှာမူ ဒုံဇရစ်မြို့ဟောင်း၏ အရှေ့ဘက်အနည်းငယ်တောင်ဘက်ယွန်းယွန်း ၌ တည်ရှိလေသည်။ ဒုံဇရစ်မြို့ဟောင်း၏ အနံအကျဉ်းဆုံးနေရာတွင် အရှေ့မှအနောက်သို့ဖြတ် ၍ စီးဆင်းသည့်ချောင်းသေး၊ ချောင်းတိုကလေး တစ်ချောင်းရှိသည်။ ခြောက်သွေ့လျက်ရှိလေ သည်။ ဤချောင်းတိုကလေးရော၊ ဒုံဇရစ်ချောင်းကလေးပါ၊ ရေသွင်သွင်စီးသည့် ချောင်းကလေး များဟုတ်ဟန်မတူချေ။

မြို့ရိုးများအခြေအနေ[ပြင်ဆင်ရန်]

အရှေ့မြို့ရိုးမှာတစ်လျှောက်လုံး နီးပါးထင်ရှားသည်။ ဖြိုဖျက်ထားမှုမတွေ့ရ။ တောင် ဘက်မြို့ရိုးသည်လည်း အလားတူပင် ပီပြင်ထင်ရှားလေသည်။ မြောက်ဘက်မြို့ရိုးသည် မြို့ရိုး အနေဖြင့် ကုန်းရိုးကုန်းတန်းကို မတွေ့ရ၊ မဲဝိုင်းချောင်းတွင် မဲဝိုင်းချောင်း၏ တောင်ဘက်ချောက် ကမ်းပါးတွင် အဆုံးသတ်လေသည်။

ကျုံးရာများကို တွေ့ရသည်။ သို့ရာတွင် ရေသွင်းတည်ဖွဲ့ထားသည့် ကျုံးမဟုတ်ဘဲ ခြောက်ကျုံးများပေလာဟု သံသယဖြစ်မိပါသည်။ ကျုံးများ၌ ရေမတွေ့ရ။ စစ်တောင်းမြစ်ဝှမ်း တစ်လျှောက်ရှိ အနောက်ဘက်မြို့ရိုးနေရာတွင် မြို့ရိုးကို ပီပီပြင်ပြင်မတွေ့ရ။ စစ်တောင်းမြစ်၏ ကမ်းပါးကိုပင် မြို့ရိုးအဖြစ်အသုံးပြုခဲ့ဟန်တူလေသည်။ မြောက်ဘက်မြို့ရိုးသည်လည်း အလား တူပင် မဲဝိုင်းချောင်းကမ်းပါးကိုပင် မြို့ရိုးအဖြစ်အသုံးပြုခဲ့ပုံရသည်။

မြို့တွင်း၌ ဘုရားဟောင်းသုံးဆူခန့်တွေ့ရ၏။ မြို့တွင်း၌ လူနေအိမ်ခြေများမတွေ့ရချေ။ ကျုံးခြောက်များသည် တချို့နေရာများ၌ မီတာ(၆၀) ခန့်ပင် ကျယ်ဝန်းလေသည်။ အရှည်ဆုံး တောင်မြောက်အလျားမှာ မီတာ၁၂၅၀ကျော်ခန့်ရှိပြီး အရှေ့နောက်အကျယ်ဆုံးနေရာ မီတာ ၅၅၀ခန့်ရှိသဖြင့် အတော်အသင့်ကြီးသည့် မြို့ဟောင်းတစ်မြို့ဖြစ်သည်။ ခါးလယ်အနံ အကျဉ်း ဆုံးနေရာတွင် မီတာ ၃၀ဝခန့်မျှသာရှိ၏။

ပွန်းတီးမှု[ပြင်ဆင်ရန်]

ဒုံဇရစ်မြို့ဟောင်းသည် အခြားသော မြို့ဟောင်းများနှင့်မတူမြို့ရိုးများ ပွန်းတီးမှုရှိစေကာ မူ လူနှောင့်ယှက်ဖြိုဖျက်မှု နည်းပါးခဲ့ဟန်ရှိသည်။ မြို့တွင်း၌ လယ်ယာများမတွေ့ရ။ မြို့ဟောင်း အပြင်တွင်လည်း လယ်ယာမြေနည်းသေးသည်။ ရေသွင်းသည့် ကျုံးမြို့မဟုတ်ဘဲ ခြောက်ကျုံး များဖြစ်“ဟန်ရှိကြောင်း ဆိုခဲ့ပြီ။ ဤကျုံးများသည် အရှေ့ဘက်နှင့်တောင်ဘက်တွင် တည်ရှိ၏။ မြို့ဟောင်း၏အနောက်ဘက်တစ်လျှောက်လုံးသည် စစ်တောင်းမြစ်ကမ်းပါးကို အမှီသဟဲပြုထား သဖြင့် မြို့ရိုးမြို့တာ ပီပီပြင်ပြင် မတွေ့ရပေ။ တည်ဆောက်မှုစောဟန်ရှိသည့် မြို့ဟောင်းတစ်မြို့ ဖြစ်လေသည်။

မြို့ဟောင်းအတွင်း၌ လူနေအိမ်ခြေများမတွေ့ရ။ သစ်ပင်သစ်တောများသာ ပေါက် ရောက်လျက်ရှိကြောင်း ဖော်ပြခဲ့ပြီ။ မှော်ပီဆရာသိန်းကြီး၏မှတ်စု၌ ၎င်းင်းဒုံဇရစ်မြို့ဟောင်း အတွင်း၌ တောများထူထပ်သဖြင့် တောရိုင်းတိရစ္ဆာန်များပေါများပြီး ကျားသတ္တဝါလည်း ပေါကြောင်းတွေ့ရှိရသည်။ လူများသိပ်သွားလာမဝံ့ကြချေ။ မင်းတုန်းမင်း၏ သားတော် သုံးဆယ် မင်းသား ဤဒုံဇရစ်မြို့ဟောင်းတောထဲတွင် တောကစားထွက် ကျားဖမ်းဖူးသည်ဆိုသည် [၁]

စာရေးသူရောက်ရှိခဲ့သည့် ဒုံဇရစ်မှာမူ ဤမျှသားရဲတိရစ္ဆာန်မပေါတော့ပေ။ မြို့တွင်း၌ လည်း တောကြီးများမရှိ ချုံတောနှင့်သစ်ပင်ငယ်များသာရှိတော့သည်။ မြို့ဟောင်းတွင်း၌ကား လူနေအိမ်ခြေမရှိလှချေ။ ထိုစဉ်အခါက လုံခြုံမှုလည်း မရှိလှချေ။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. (မှော်ပီ ဆရာသိန်း နှောင်းဖြစ်စာတမ်း)
  2. https://www.facebook.com/notes/maung-maung-than/%E1%80%92%E1%80%AF%E1%80%B6%E1%80%87%E1%80%9B%E1%80%85%E1%80%B9%E1%81%BF%E1%80%99%E1%80%AD%E1%80%B3%E1%82%95%E1%80%B1%E1%80%9F%E1%80%AC%E1%80%84%E1%80%B9%E1%80%B8/284855914875508