ဒီဆူဇာ

ဝီကီပီးဒီးယား မှ

ဒီဆူဇာ ဆိုသည်မှာ ပြည်သူပိုင် မသိမ်းမီ တစ်ချိန်က မြန်မာနိုင်ငံတွင် နာမည်ကြီးခဲ့သော ဆေးဆိုင် တစ်ဆိုင်ဖြစ်သည်။ ထိုခေတ်က ဒီဆူဇာဆေးကြော်ငြာ မပါသော စာနယ်ဇင်းဟူ၍ လုံးဝမရှိခဲ့ပေ။

အီးအမ် ဒီဆူဇာ[ပြင်ဆင်ရန်]

ရန်ကုန်မြို့၊ မဟာဗန္ဓုလလမ်းရှိ ဓားတံဆိပ် အီးအမ် ဒီဆူဇာဆေးတိုက်ကြီးရှိသည်။ ဆေးတိုက်ပိုင်ရှင်မှာ ဦးခင်ဇော်ဖြစ်သည်။ ဒီဆူဇာဆေးတိုက်သည် ရန်ကုန်တစ်မြို့လုံးရှိ တခြားဆိုင်များထက် ထူးခြားသည်။ ရောင်းသူ စာရေးမများမှာ ချောချောလှလှများ၊ အပျိုများသာ ခန့်ထား၏။ ဆိုင်ခန်း ပြင်ဆင်ပုံမှာလည်း ခန်းနား ဆန်းပြားလှ၏။ Welcome ဟု ရေးထားသော ဆိုင်ပေါက်ဝကြီးမှ ဝင်လိုက်သော် သင်၏ လက်ဝဲဘက်တွင် ခန်းလုံးပြည့် လခြမ်းသဏ္ဌာန် ဆေးဆိုင်ခန်း ဝိုင်းဝိုင်းကြီးထဲမှာ ရှိုးကေစ့်များနှင့် နိုင်ငံခြားဆေးအမျိုးမျိုး၊ ဆရာဝန်သုံး ပစ္စည်းအမျိုးမျိုး၊ တကမ္ဘာလုံးရှိ ဆေးပစ္စည်းကိရိယာမျိုးစုံကို ပြထားသည်။

၎င်းဗီရိုများနှင့် စက်ဝိုင်းခြမ်းကောင်တာ စားပွဲအရှည်ကြားတွင် အရောင်းစာရေးမများက ကြည်လင်ရွှပြသော မျက်လုံးကလေးများနှင့် သင့်အားဖိတ်ခေါ်နေပါသည်။ သင်က ကောင်မလေးတစ်ယောက်စီသွားပြီး ကိုယ်လိုချင်သော ဆေးကို ပြောလိုက်ပါ။ ထိုစာရေးမလေးသည် လက်ရေးလှလှလေးနှင့် ဘောက်ချာရေးပေး ပါလိမ့်မည်။ သည်ဘောက်ချာရတော့ သင်ဝင်ခဲ့သော အပေါက်ဝနားတွင်ရှိသည့် ငွေသွင်းကောင်တာကို သွားပါ။ သင်ငွေသွင်းနေတုန်းမှာပဲ သင်ဝယ်သည့် ပစ္စည်းများ ရောက်လာသည်။ ငွေကိုင်စာရေးမလေးက သင့်ငွေဖြတ်ပိုင်းနှင့် အတူ သင့်အားပေးပါလိမ့်မည်။ ကဲ ဘယ်လောက်မြန်ဆန်လိုက်ပါသနည်း။ ဈေးလည်းမှန်၏။ ပစ္စည်းလည်းမှန်၏။ ဝယ်သူလည်း စိတ်ချမ်းသာရ၏။

ကြော်ငြာပုံ[ပြင်ဆင်ရန်]

ထို့ကြောင့်ဆေးဝယ်ရင် ဒီဆူဇာမှာ စိတ်ချရတယ် ဆိုသည့်စကားအတိုင်း ကြော်ငြာလေသည်။ ပိုင်ရှင် ဦးခင်ဇော်ကိုယ်တိုင် စာသားများကို လက်ရေးနှင့်ရေး၍ စာနယ်ဇင်းများ၌ ထည့်၏။ ကြော်ငြာသည် ရှင်း၍ ထင်ရှား၏။ မည်သည့် အပြင်အဆင်မှ မပါပေ။ ထူးခြားသော ကြော်ငြာတစ်ခု ဖြစ်ခဲ့၏။ အစိုးရက ဤကြော်ငြာမပါလျှင် မထုတ်ရအမိန့်ပေးထား သကဲ့သို့ တည်း။

ဦးခင်ဇော်[ပြင်ဆင်ရန်]

ဦးခင်ဇော်သည် မြန်မာပြည်တွင် ရုပ်ရှင်ပေါ်စကတည်းက ခင်အောင်အမည်ဖြင့် ရုပ်ရှင်မင်းသား လုပ်ခဲ့သူ ဖြစ်သည်။ ၁၉၃၄-ခုနှစ်၊ ပဲရော့ရုပ်ရှင်မှ ခင်အောင်၊ ခင်ခင်နု၊ ဆားဘထွန်းတို့ပါဝင်ခဲ့သော အပျိုကြီး ဇာတ်ကားမှာ လူကြိုက်များခဲ့သည်။ နောက် ဇာတ်ကား သုံးလေးကား ရိုက်ခဲ့သည်။

ဦးခင်ဇော်၏ နေအိမ်သည် ပြည်လမ်း၊ ခြောက်မိုင်ခွဲ အေဒီလမ်းအဆုံး၊ အင်းယားကန်ထဲ ချွန်ထွက်နေသော ကျွန်းဆွယ်လေးပေါ်၌ ဆောက်ထားသော တိုက်အိမ်ကြီး ဖြစ်သည်။ မူလ ပေါ်တူဂီ ဒီဆူဇာ သူဌေးကြီး၏ အိမ်ဖြစ်သည်။ ထိုသူဌေးကြီး မြန်မာပြည်မှ အပြီးအပိုင်ပြန်သွားသော အခါ သူ့လုပ်ငန်း၊ သူ့ပစ္စည်းများနှင့် သူ၏ ပေါ်တူဂီကောင်စီလာ ရာထူးကိုပါ ဦးခင်ဇော်အား ပေးအပ်ခဲ့သည်။ ထို့ကြောင့် ဦးခင်ဇော်သည် ဒီဆူဇာသူဌေး အရာသာမက ပေါ်တူဂီကောင်စစ်ဝန် လည်းဖြစ်နေသည်။ [၁] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. သော်တာဆွေ၏ ကျွန်တော့်ဘဝဇာတ်ကြောင်း(၄)မှ
  2. စာပေဗိမာန် မဂ္ဂဇင်း (၁၉၅၇၊ဇန်နဝါရီလ)