ဒတ်ခ်ျရောဂါ

ဝီကီပီးဒီးယား မှ
၁၉၅၃ မှ ၂၀၀၀ ခုနှစ် အတွင်း ဒတ်ခ်ျ ဖလော်ရင်ငွေ နှင့် ဂျာမန် မတ်ငွေတို့ကို နှိုင်းယှဉ်ပြထားပုံ

ဘောဂဗေဒ ပညာတွင် ဒတ်ခ်ျရောဂါ (Dutch disease) ဆိုသော အသုံးအနှုန်းမှာ သဘာဝ အရင်းအမြစ်များ ရှာဖွေတွေ့ရှိခြင်းကြောင့် ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ကျဆင်းသွားရသည့် ဆက်သွယ်မှုကို ရှင်းပြထားသော သဘောတရား တစ်ခုပင် ဖြစ်သည်။ သဘာဝ အရင်းအမြစ်များ ရှာဖွေ တွေ့ရှိခြင်းကြောင့် နိုင်ငံ၏ ငွေကြေးသည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ပိုမို ခိုင်မာလာပြီး နိုင်ငံ၏ အခြားသော ထုတ်ကုန်များကို အခြားနိုင်ငံမှ ဝယ်ယူနိုင်ရန် အတွက် ပို၍ ဈေးကြီးသွားခြင်းကြောင့် ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ထိခိုက်စေသည့် သဘောတရားပင် ဖြစ်သည်။ သဘာဝ အရင်းအမြစ်များ ရှာဖွေတွေ့ရှိခြင်းကို အဓိကအားဖြင့် ရည်ညွှန်းလေ့ ရှိကြသော်လည်း အခြားသော နိုင်ငံခြားငွေ အစုလိုက် အပြုံလိုက် ဝင်လာနိုင်သည့် အကြောင်းတရားများကြောင့်လည်း ဖြစ်နိုင်သည်။ ထိုအကြောင်းတရား များတွင် နိုင်ငံခြားမှ အကူအညီများနှင့် နိုင်ငံခြားမှ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများလည်း ပါဝင်သည်။

ဒတ်ခ်ျရောဂါ ဆိုသော အသုံးအနှုန်းကို ၁၉၇၇ တွင် ဘောဂဗေဒ ပညာရှင်များက စတင်သုံးနှုန်း ခဲ့ကြပြီး နယ်သာလန်နိုင်ငံ (ဒတ်ခ်ျလူမျိုးတို့ နိုင်ငံ) တွင် ၁၉၅၉ ခုနှစ်၌ သဘာဝ ဓာတ်ငွေ့ အများအပြား ရှာဖွေတွေ့ရှိခြင်းကြောင့် ကုန်ထုတ်လုပ်မှု ကဏ္ဍ ကျဆင်းရခြင်းကို ရည်ညွှန်းသည်။