ထိန်ဝင်း၊ သခင်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

သခင်ထိန်ဝင်းသည် လွတ်လပ်ရေး ကြိုးပမ်းမှု ကာလ မြန်မာ့ နိုင်ငံရေး နယ်ပယ်တွင် သာမက စာပေနှင့် ဘာသာရေး နယ်ပယ်၌ပါ ထင်ရှားမှုရှိသောသူဖြစ်သည်။

သခင် ထိန်ဝင်းကို မြန်မာသက္ကရာဇ် ၁၂၇၄ တော်သလင်း လဆန်း ၄ ရက် စနေနေ့ (၁၄၊ ၉၊ ၁၉၁၂) ညဥ့် ၇ နာရီခွဲတွင် မြောင်းမြခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျိုက်ပိရွာ တဖက်ကမ်းရှိ သောင်တန်းကျေးရွာ၌ အဖ မြေတိုင်းစာရေးကြီး ဦးကျော်ဟန်၊ အမိ ဒေါ်မေသန်း တို့က ဖွားမြင်သည်။ မွေးချင်း ၅ ယောက်အနက် အကြီးဆုံးသား ဖြစ်ပြီး ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဗလနှင့် မြို့မ ကိုသန်းတင်တို့၏ အစ်ကိုလည်း ဖြစ်ပါသည်။


အင်္ဂလိပ်-မြန်မာ ၇ တန်းအထိ ပညာသင်ခဲ့သည်။ ပဉ္စမတန်း စာမေးပွဲ မဖြေဆိုရသေးမီ လပွတ္တာမြို့သို့ ဖခင် ပြောင်းရွေ့ရသဖြင့် လပွတ္တာမြို့ မြန်မာ စာသင်ကျောင်းတွင် စာပေများ ဆက်လက်သင်ကြားရင်း လပွတ္တာမြို့တွင် တကြိမ်တခါမျှ မထူထောင်ဖူးသေးသော 'သုသုဗောဓက' စာဖတ်အသင်းကို ကူလီ အခစားလုပ်၍ ကြိုးစား ထူထောင်ခဲ့သည်။ ထို့ပြင် လပွတ္တာမြို့၌ အင်္ဂလိပ် စာသင်ကျောင်း တခုကိုလည်း ဖြစ်မြောက်အောင် ကူညီ ဆောင်ရွက်ခဲ့သည်။ ယင်းနောက် လပွတ္တာမြို့နယ် ကံဘက်ရွာ၌လည်း 'ကုသလဝသီ' စာဖတ်အသင်းကို တည်ထောင်ခဲ့သည်။ ဆင်းရဲသူများနှင့် အသိမိတ်ဆွေ မရှိသော ဧည့်သည်များ၏ နာရေးကိစ္စများကို တွင်းတူး မြေမြုပ်သည် အထိ ကူညီခဲ့သည်။


၁၉၃၀ ပြည့်နှစ် နောက်ပိုင်းအချိန်၌ တို့ဗမာ အစည်းအရုံး အဖွဲ့ဝင် တဦး ဖြစ်လာခဲ့ပြီး၊ ၁၉၃၄ တွင် ရန်ကုန်သို့ ရောက်ရှိခဲ့ပြီး ဆရာ ဒဂုန်နတ်ရှင်၏ ကူညီမူဖြင့် ဦးဗဂျီငို စတင် တည်ထောင် ထုတ်ဝေသော တိုးတက်ရေး မဂ္ဂဇင်းတိုက်တွင် လုပ်ကိုင်ခဲ့သည်။ ၁၉၃၉ တွင် ရာဇဓမ္မသင်္ဂဟကျမ်းကို ရိုက်နှိပ် ပြီးစီးခဲ့သည်။ စွန်းလွန်း ဆရာတော် ဘုရား၏ အမေးအဖြေ စာအုပ်များလည်း ရိုက်နှိပ်နိုင်ခဲ့ပြီးနောက် လောကုတ္တရာ အတွက် ထူးခြားသော အတွေ့အကြုံများ ရရှိခဲ့သည်။


တက္ကသိုလ် ကျောင်းသားသပိတ် (၁၉၃၆)၊ ရေနံမြေသပိတ် (၁၉၃၈) တို့၌ ပါဝင် ဆင်နွှဲခဲ့ပြီး အဖမ်းခံခဲ့ရသူ တဦး ဖြစ်ပါသည်။


၁၉၃၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ အင်္ဂလိပ်အစိုးရ ယူနီယမ်ဂျက် အလံနှင့် ၁၉၃၅ မှာ ဗြိတိသျှ ပြဋ္ဌာန်းတဲ့ အုပ်ချူပ်ရေး ဥပဒေစာအုပ်ကို ဆန့်ကျင် မီးရှို့ကန့်ကွက်ပွဲတွင် ဦးနု (ဝန်ကြီးချုပ်ဟောင်း)၊ ဦးလှဖေ (ဗိုလ်လင်္ကျာ‎)၊ ဦးထွန်းအုံ၊ ဦးထွန်းအေးတို့နှင့်အတူ သခင်ထိန်ဝင်းနှင့် ဒေါ်ခင်မျိုးချစ်(မခင်မြ) တို့ ပါဝင်ခဲ့သည်။


၁၉၃၉ ခုနှစ်၊ ရဲဘော်သုံးကျိပ်စတင် ဖွဲ့စည်းခဲ့စဉ်က ရန်ပုံငွေ ရှာဖွေပေးရေးနှင့် လူငယ်များ စုဆောင်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကာ ၁၉၄၂ ခုနှစ်တွင် ဦးဘဂျမ်း (ပုဂံ) နှင့် ပူး ပေါင်းပြီး အာရှလူငယ် အစည်းအရုံးကို ထူထောင်ခဲ့ပါသည်။


သခင်ထိန်ဝင်းသည် ကိုလိုနီခေတ်က မြန်မာနိုင်ငံမှာ အထင်ကရ စာအုပ် ထုတ်ဝေရေး လုပ်ငန်းတခု ဖြစ်ခဲ့တဲ့ နဂါးနီ စာအုပ်တိုက်မှာ ဖြန့်ချိရေး လုပ်ခဲ့သူ ဖြစ်တယ်လို့ ဝါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက အာရ်အက်ဖ်အေသို့ ပြောပြသည်။


"အင်္ဂလိပ်ခေတ်တုန်းက နဂါးနီ စာအုပ်တိုက် ဦးနုတို့ ဘာတို့နဲ့အတူတူ ထောင်ပြီးတော့ သူက အဲဒီ စာအုပ် ဖြန့်ချိရေးပဲ လုပ်တယ်၊ သခင်ထိန်ဝင်းက။ ဟိုတုန်းက သူတို့ကို ဖမ်းတော့ ပြုတော့ သူတို့ ဘူတာကြီးထဲမှာ ထွက်ပြေးခဲ့တယ်တို့ ဘာတို့ ဆိုတော့ ဟိုတုန်းကတော့ လွတ်အောင်ပေါ့ဗျာ။ နောက် ဂျပန်တက်ပြီးခေတ်မှာ ရှောင်တိမ်းနိုင်ခဲ့တာပေါ့။ သူ့ဖမ်းတာ ရန်ကုန် ဘူတာကြီးထဲကနေ အဲဒါ ထွက်ပြေးခဲ့တာ၊ အဲဒါ သခင်ထိန်ဝင်းပေါ့။ သူက သခင်နုတို့ ဘာတို့နဲ့ စစ်ကြိုခေတ်တုန်းက ရှယ်ယာသဘောပေါ့၊ သို့သော်၊ သူက တိုက်အုပ်သဘောမျိုး၊ ဖြန့်ချိရေးသဘောမျိုး သူက တာဝန်ယူတာကိုး။ ကျနော်တို့ မန္တလေးလာတော့ သူက အဲဒီ စာအုပ်တွေ ဘာတွေ ယူလာတော့ ကျနော်က အကူအညီတောင်းလို့ လိုက်ရောင်းပြုပေးရတယ်၊ နဂါးနီကထုတ်တဲ့ စာအုပ်တွေ"


၁၉၄၅ ခုနှစ်တွင် အမရပူရ၊ မဟာဂန္ဓရုံ ဆရာတော် အရှင်ဇနကာဘိဝံသနှင့် စတင် တွေ့ဆုံခဲ့ပြီး စတွေ့ချိန်မှာပင် အနာဂတ် သာသနာရေး အကြောင်း ဆွေးနွေးခဲ့ရာမှ ထိုဆွေးနွေးမှုကို ဆရာတော်မှ အနာဂတ် သာသနာရေးကျမ်း အဖြစ် ရေးသားခဲ့ပါသည်။ ထို့အပြင် သခင်ထိန်ဝင်းသည် "ဗုဒ္ဓ လောကသားတို့၏ အနှိုင်းမဲ့ ကျေးဇူးရှင် (ကိုယ်ကျင့်ဗုဒ္ဓဝင်) ကျမ်းစာ" ကို မြန်မာပြည်သားများ သာမက ကမ္ဘာသူ ကမ္ဘာသားများကိုပါ သိစေချင်သော ဆန္ဒကြောင့် ဆရာကြီး ဦးရွှေအောင် ရေးသားပြီး စာမူများကို ဆရာကြီး ဦးလှမောင်အား ဘာသာပြန်ဆို ပူဇော်စေခဲ့ပြီးနောက် အင်္ဂလိပ်ဘာသာပြန် စာမူများကို ဆရာ ဦးခင်မောင်လတ်ကို ပြန်လည်ဖတ်ရှုပေးဖို့ တောင်းပန်ခဲ့ပြီး အင်္ဂလိပ်စာမူကိုပါ ပူးတွဲ ဖြန့်ချိပေးခဲ့ပါသည်။


၁၉၅၄ တွင် ကုသလဝသီ စာပုံနှိပ်တိုက်ကို တည်ထောင်ခဲ့ပြီး၊ ၁၉၅၀ ပြည့်မှစ၍ ၁၉၆၃ ဒီဇင်ဘာလ အထိ ဗုဒ္ဓဘာသာ ကျမ်းစာအုပ်များ ရိုက်ကူး ဖြန့်ချိခဲ့သည်။


၁၉၆၃ တွင် ရန်ကုန် ၁၀၇ စိန်ဂျွန်းလမ်း နေအိမ်၌ တော်လှန်ရေး အစိုးရ၏ အထိန်းသိမ်းခံခဲ့ရသည်။ ၁၉၆၄-၆၅-၆၆-၆၇ ခု၊ အောက်တိုဘာလ အထိ ၄ နှစ်မျှ ထောင်အတွင်း နေခဲ့ရသဖြင့် ဗုဒ္ဓ၏ အဆုံးအမ သာသနာတော်၏ တန်ဖိုးကို ပိုမို နားလည်သိရှိကာ ကံ ကံ၏ အကျိုးကို ပိုမို သဘောပေါက်လာခဲ့သည်။


"ဗုဒ္ဓ အလိုတော်ကျ မြန်မာပြည်ကို ထူထောင်ခြင်းသာလျှင် အချမ်းသာဆုံး လူမျိုး၊ အချမ်းသာဆုံး နိုင်ငံတော် ဖြစ်နိုင်မည်။ ဗုဒ္ဓ အလိုတော်ကျ ဗုဒ္ဓဝါဒ၊ ဗုဒ္ဓသာသနာတော်ကို စနစ်ကျကျ နားလည်ကျင့်သုံးလျှင် မုချ တကမ္ဘာလုံးတွင် ချမ်းသာစွာ ရှိလိမ့်မည်ဟု ပိုမို ခိုင်မြဲစွာ ယုံကြည်လာခဲ့ပါသည်"။


၁၉၇၃ တွင် အမရပူရ မဟာဂန္ဓာရုံ ဆရာတော်အား ပဌာန်းတရားတော် ဟောကြားပေးရန် လျှောက်ထားခဲ့ရာ ၁၇ ရက်တိတိ ပဌာန်းတရားတော် ဟောကြားပေးတော်မူခဲ့သဖြင့် သာသနာတော် အတွက်


အလွန်ကြီးကျယ်သော ကျေးဇူးတခု ဖြစ်ခဲ့ပါသည်။ ၁၉၇၃ တွင် သရိုက်ရွာ ဘုရားနှင့် ရဟန္တာသိမ်ကို ပြုပြင်ရန် ဆရာတော်နှင့် တိုင်ပင်လျှောက်ထားခဲ့ပြီး ကျုံမငေးအိမ်ကို ရောင်းချကာ ပြုပြင်ပြီးစီးခဲ့သည်။


၁၉၈၀ တွင် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ကို ရရှိခဲ့သည်။


၂၃၊ ၉၊ ၈၅ (၁၃၄၇ တောင်သလင်းလဆန်း ၉ ရက်) တနင်္လာနေ့တွင် သာသနာ့ဝန်ဆောင် ကျောင်းတိုက် တည်ထောင်ရန် မြေ စတင်ဝယ်သည်။ ၂၃၊ ၅၊ ၈၆ ကဆုန်လပြည့်၊ သောကြာနေ့တွင် သာသနာ့ဝန်ဆောင် ကျောင်းတိုက် ဖွင့်လှစ်သည်။


ရန်ကုန်မြို့၌ သာမဏေကျော် စာတော်ပြန်ပွဲများ နှစ်စဉ် ကျင်းပနိုင်ရန် စီစဉ်ခဲ့သူများထဲတွင် တဦး အပါအဝင် ဖြစ်ခဲ့ပြီး ရှင်သာမဏေဓမ္မဗိမာန် သာသနာ့ ဝန်ဆောင်အဖွဲ့ကို တည်ထောင်ခဲ့သူ တဦးလည်း ဖြစ်ကြောင်း သိရသည်။

ဘ၀နိဂုံး[ပြင်ဆင်ရန်]

သခင်ထိန်ဝင်းသည် မေလ ၂၁ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့၊ အာရှတော်ဝင် အထူးကုဆေးခန်း၌ လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့ကြောင်း သိရှိရသည်။


ကိုးကား[ပြင်ဆင်ရန်]

  1. စာပေနှင့် ဘာသာရေး နယ်ပယ်တွင် ထင်ရှားသော သခင်ထိန်ဝင်း ကွယ်လွန်။
  2. သခင်ထိန်ဝင်း (သို့မဟုတ်) ဘဘ ဦးထိန်ဝင်း သို့မဟုတ် သာသနာစိတ်ဖြင့် နိုင်ငံရေးကို ဆောင်ရွက်ခဲ့သူ။
  3. ဝါရင့် နိုင်ငံရေးသမားကြီး နောက်တဦး ကွယ်လွန်ပြန်။
  4. ဘ ဦးထိန်ဝင်း - သခင်ထိန်ဝင်း (၁၉၁၂ - ၂၀၁၀) ၏ အတ္ထုပ္ပတ္တိအကျဉ်း၊ (ဈာပန မှတ်တမ်းမှ ကူးယူတင်ပြပါသည် - မိုးမခ)၊ ဇွန် ၂၊ ၂၀၁၀။