ထိခြင်းငါးပါး

ဝီကီပီးဒီးယား မှ

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ ရှိခိုးဦးချရာတွင် လိုက်နာအပ်သော အပြုအမူဖြစ်သည်။ မြေပြင် သို့မဟုတ် ကြမ်းပြင်ပေါ်၌ ကိုယ်အင်္ဂါ အစိတ်အပိုင်း ငါးမျိုးကို တည်စေလျက် ဦးခိုက်ဝပ်တွားခြင်း ကို ထိခြင်းငါးပါးဖြင့် ရှိခိုးခြင်းဟု ခေါ်ဆိုသည်။ ထိခြင်းငါးပါးကို တည်ခြင်းငါးပါးလည်း ခေါ်ဆိုကြသည်။ မြေပြင် သို့မဟုတ်ကြမ်းပြင်ပေါ်၌ -

(က) ဒူးနှစ်ဘက်တည်နေစေရမည်။
(ခ) တံတောင်ဆစ်တိုင်အောင် လက်နှစ်ဘက်ကို တည်နေစေရမည်။
(ဂ) နဖူးကိုတည်နေစေရမည်။

ဤကိုယ်အင်္ဂါ ငါးမျိုးကို အညီအညွတ်ပြု၍ ရှိခိုးမည့်ဘက်သို့ ရှေးရှုညွှတ်သောအားဖြင့် ဝပ်တွားဦးခိုက်ရမည်။ အစီအစဉ်အားဖြင့် ဖော်ပြရပါက အမျိုးသားများအနဖြေင့် -

(က) ရှေးဦးစွာ ရှိခိုးမည့်ဘက်သို့ မျက်နှာမူပြီး ဆောင့်ကြောင့်ထိုင်ရမည်။
(ခ) လက်အုပ်ကို နဖူးအထိ မြှောက်ချီရမည်။
(ဂ) ထို့နောက် ဒူးထောက်ချလိုက်ရမည်။
(ဃ) လက်အုပ်ကို မြေပြင် ကြမ်းပြင်သို့ချ၍ လက်ဝါးဖြန့်လျက် လက်ထောက်ရမည်။
(င) တံတောင်ဆစ်နှစ်ဘက်ကို မြေပြင် ကြမ်းပြင်သို့ထိအောင် လက်ဝါးနှစ်ဘက်ကို ရှေ့သို့လျှောထုတ်ရမည်။ ထိုအခါ ဦးခေါင်းနှင့် ပခုံးသည် :အလို အလျောက် ရှေ့သို့ငိုက်သွားမည်။
(စ) နဖူးကို လက်ဖမိုးပေါ် သို့မဟုတ် ကြမ်းပြင်ပေါ်သို့ထိအောင် နှိမ့်ချပါ။

ဤသို့ဝပ်တွားဦးခိုက်ခြင်းသည် တည်ခြင်း ထိခြင်းငါးပါးဖြင့် ရှိခိုးခြင်း မည်သည်။ ဤနည်းအတိုင်း သုံးကြိမ် ရှိခိုးကြရမည်။ အမျိုးသမီးများအနဖြေင့် တည်ခြင်း (ထိခြင်း) ငါးပါးဖြင့် ရှိခိုးနည်းမှာ -

(က) ရှေးဦးစွာ ရှိခိုးမည့်ဘက်သို့ မျက်နှာမူပြီး တင်ပါးလွှဲထိုင်ရမည်။
(ခ) လက်အုပ်ကို နဖူးအထိ မြှောက်ချီရမည်။
(ဂ) လက်အုပ်ကို မြေပြင် ကြမ်းပြင်သို့ချ၍ လက်ဝါးဖြန့်ရမည်။
(ဃ) တံတောင်ဆစ်နှစ်ဘက်ကို မြေပြင် ကြမ်းပြင်သို့ထိအောင် လက်ဝါးနှစ်ဘက်ကို ရှေ့သို့လျှောထုတ်ရမည်။
(င) နဖူးကို လက်ဖမိုးပေါ် သို့မဟုတ် ကြမ်းပြင်ပေါ်သို့ထိအောင် နှိမ့်ချဦးခိုက်ရမည်။

ဤနည်းအတိုင်း သုံးကြိမ် ရှိခိုးရမည်။ သီလက္ခန် ဋီကာသစ်နည်းအရ တည်ခြင်းငါးပါးဖြင့် ရှိခိုးရာ၌ တည်ရမည့် အင်္ဂါ ငါးပါးမှာ အောက်ပါအတိုင်းရေတွက်သည်။

(က) လက်ဝါးနှစ်ဘက် တည်ရှိရမည်။
(ခ) ခြေဖဝါးနှစ်ဘက် တည်ရှိရမည်။
(ဂ) တံတောင်ဆစ်နှစ်ဘက် တည်ရှိရမည်။
(ဃ) ဒူးနှစ်ဘက် တည်ရှိရမည်။
(င) နဖူး တည်ရှိရမည်။

လင်္ကာအတိုကောက်မှတ်ရန်နည်းလမ်းမှာ ခြေ၊ လက်၊ နဖူး၊ တံတောင်၊ ဒူး၊ ငါးဦး ညီညွတ်စေ။ ဟူ၍ ဖြစ်သည်။