ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းသည် မြန်မာနိုင်ငံအစိုးရမှ အမေရိကန်ဒေါ်လာ သန်းပေါင်း ၈၆၀၀ ကျော် အကုန်အကျခံကာ တနင်္သာရီတိုင်း ထားဝယ်ဒေသတွင် တည်ဆောက်ရန် လျာထားသော စီးပွားရေး စီမံကိန်းကြီးတစ်ရပ် ဖြစ်သည်။

ဆောက်လုပ်ရေး အစီအစဉ်[ပြင်ဆင်ရန်]

၂၀၀၅ ခုနှစ်တွင် ထိုင်းနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များက ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းကို အကောင်အထည်ဖော်နိုင်ရန် ကနဦးလေ့လာမှု ပြုလုပ်ခဲ့ပြီး ၂၀၀၈ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် ထိုင်းနိုင်ငံ Italian-Thai Development ကုမ္ပဏီနှင့် မြန်မာအစိုးရတို့ အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။

၂၀၀၈ ခုနှစ်မှ စ၍ ကနဦးလေ့လာမှုအဆင့် (Initial phase)၊ စမ်းသပ်ကွင်းဆင်းအဆင့် (Preparation Phase)နှင့် တည်ဆောက်မှု အဆင့် ၁ (Construction Phase 1)၊ အဆင့် ၂ (Construction Phase 2)၊ အဆင့် ၃ (Construction Phase 3) ဟူ၍ အဆင့် ၅ ဆင့်ခွဲ၍ စီမံကိန်းရေးဆွဲခဲ့သည်။

စမ်းသပ်ကွင်းဆင်းအဆင့်သည် ၂၀၀၈ ဇွန်လ မှ ၂၀၀၉ နှစ်ကုန်အထိ တနှစ်ခွဲ စီမံကိန်းဖြင့် ပြုလုပ်ခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ တာဝန်ရှိသူများအကြား မူဘောင်သဘောတူညီမှုစာချုပ် (Concession signing) ကို ၂၀၀၉ နိုဝင်ဘာလ ၂ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

တည်ဆောက်ရေးလုပ်ငန်း အဆင့် ၁ ကို ၂၀၁၀ မှ ၂၀၁၄ အထိ ၅ နှစ်စီမံကိန်းဖြင့်လည်းကောင်း၊ အဆင့် ၂ ကို ၂၀၁၃ မှ ၂၀၁၇ အထိလည်းကောင်း၊ အဆင့် ၃ ကို ၂၀၁၅ မှ ၂၀၁၉ အထိလည်းကောင်း အသီးသီးစီမံကိန်းချ အကောင်အထည် ဖော်သွားမည်ဖြစ်သည်။ ထို့ကြောင့် စီမံကိန်းမှာ ၂၀၁၀ မှ ၂၀၁၉ အထိ ၁၀ နှစ်အတွင်း ပြီးစီးအောင် တည်ဆောက်မည့် စီမံကိန်းဖြစ်သည်။

လမ်းပန်းဆက်သွယ်ရေးအနေဖြင့် ထားဝယ် ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်နယ်မြေနှင့် ထိုင်းနိုင်ငံ ကန်ချနပူရီသို့ သွယ်တန်းဖောက်လုပ်မည့် ၁၀၅ မိုင်အရှည်ရှိ ၈ လမ်းသွား စူပါဟိုင်းဝေးကားလမ်း၊ ရထားလမ်း၊ ဓာတ်အားလိုင်းများ၊ ရေနံ၊ သဘာ၀ပိုက်လိုင်းများ ပါဝင်ပြီး နယ်ခြားဝင်ထွက်ဇုန်တို့ ပါဝင်သည်။ ထို ဆက်သွယ် တည်ဆောက်ရေးဆိုင်ရာ စီမံကိန်းများကို နှစ် ၆၀ သက်တမ်းရှိ BOT (တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်း) စနစ်ဖြင့် အကောင်အထည်ဖော်မည် ဖြစ်သည်။

အထူးစီးပွားရေးဇုန်စီမံကိန်း[ပြင်ဆင်ရန်]

အထူးစီးပွားရေးဇုန် စီမံကိန်း၏ တည်ဆောက်ရေးလုပ်ငန်းများ အနေဖြင့် ၂၀၀၈ ခုနှစ် ဇွန်လမှ ၂၀၀၉ မေလအထိ ၂၅၀ စတုရန်း ကီလိုမီတာကို လွှမ်းခြုံနိုင်သည့် ကွင်းဆင်းစမ်းသပ်မှု (land site survey) များ ပြုလုပ်ခဲ့သည်။

စက်မှုဇုန် ဇုန် အေ (Zone A) မှ ဇုန် အက်ဖ် (Zone F) အထိ ဇုန် ၆ ခု သတ်မှတ်ပြီး တည်ဆောက်သွားမည် ဖြစ်သည်။

ဇုန် အေ တွင် ရေနက်ဆိပ်ကမ်း ၂ ခု နှင့် အကြီးစား စက်မှုလုပ်ငန်းဇုန်တို့ ပါဝင်သည်။ ထို ရေနက်ဆိပ်ကမ်း ၂ ခုတွင် တန်ချိန် ၂ သောင်းမှ ၅ သောင်းအထိ တင်နိုင်မည့် သင်္ဘော ၂၅ စီး တပြိုင်နက်တည်း ကုန်တင်ကုန်ချလုပ်နိုင်မည့် ဆိပ်ခံတံတား ၂၂ ခု တည်ဆောက်မည်ဖြစ်သည်။ အကြီးစားစက်မှုလုပ်ငန်းတွင် သင်္ဘောကျင်း၊ ကုန်လှောင်ရုံ၊ သံမဏိစက်ရုံ၊ ဓာတ်မြေဩဇာစက်ရုံ၊ ကျောက်မီးသွေးစက်ရုံများ ပါရှိမည်ဖြစ်သည်။

ဇုန် ဘီ တွင် လောင်စာစွမ်းအင် ထုတ်လုပ်ရေး စက်ရုံများမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ သိုလှောင်ရုံ၊ ရေနံချက် စက်ရုံ၊ သဘာဝဓာတ်ငွေ့ သန့်စင်စက်ရုံ၊ ပြုပြင်ထိန်းသိမ်းရေးစက်ရုံ (combined cycle power plant) တို့ ပါဝင်သည်။

ဇုန် စီ တွင် ရေနံဓာတု ဆိုင်ရာ စက်မှုလုပ်ငန်းများ ပါဝင်သည်။ ဇုန် ဒီ တွင် အလတ်စား စက်မှုလုပ်ငန်းများဖြစ်သည့် အထည်အလိပ်စက်ရုံများ၊ ဆောက်လုပ်ရေး ပစ္စည်း စက်ရုံများ၊ ကားတာယာစက်ရုံများ စသည်ဖြင့် ပါဝင်မည်ဖြစ်သည်။

ဇုန် အီး တွင် အပေါ့စား စက်မှုလုပ်ငန်းများဖြစ်သည့် အဝတ်အစားစက်ရုံများ၊ အစားအသောက် ထုတ်လုပ်ရေး စက်ရုံ၊ လျှပ်စစ်ပစ္စည်းထုတ်စက်ရုံ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ စသည်ဖြင့်ပါဝင်သည်။ ဇုန် အက်ဖ်တွင် ကုန်တိုက်များ၊ ကုန်သွယ်ရေး အဆောက်အဦများ၊ အုပ်ချုပ်ရေး အဆောက်အဦများ၊ ကျောင်းများ၊ ဆေးရုံများ၊ လူနေအိမ်ရာများ ပါဝင်သည်။

စီမံကိန်း၏ အကောင်း၊ အဆိုး သက်ရောက်မှုများ[ပြင်ဆင်ရန်]

(က) ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု[ပြင်ဆင်ရန်]

ထားဝယ်ဒေသမှ ထိုင်းနိုင်ငံ ကန်ချနပူရီသို့ သွယ်တန်းဖောက်လုပ်မည့် စူပါဟိုင်းဝေးကားလမ်း၊ ရထားလမ်းများ ပေါ်ပေါက်လာသည့်အတွက် ဒေသထွက် ကုန်စည်များ စီဆင်းမှုတိုးတက်လာမည်ဖြစ်သည်။ ယခင်က ကုန်ကြမ်းပစ္စည်းများ ထွက်ရှိသော်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဈေးကွက်သို့ မရောက်နိုင်ဘဲ ဖြစ်ခဲ့ရာမှ ယခုအခါ ကုန်ကြမ်းပစ္စည်းများ ဈေးကွက်သို့ လျှင်မြန်စွာ ရောက်ရှိနိုင်မည်ဖြစ်သည်။ ဥပမာ (ရာဘာ၊ ရေလုပ်ငန်းနှင့် မွေးမြူရေးထွက်ကုန်များ၊ စိုက်ပျိုးရေးထွက်ကုန်များ)

နောက် အကျိုးဆက်တခုအနေနှင့် စီးပွားရေးဇုန် အနီးတဝိုက်ရှိ မြေကွက်များ အဆမတန် ဈေးမြင့်တက်လာမည် ဖြစ်သည်။ လျော်ကြေးငွေများ ရရှိနိုင်မည်။

သို့သော်လည်း မြေယာသိမ်းဆည်းမှုများ၊ ဒေသခံများ မောင်းထုတ်ခြင်းခံရခြင်းများ ဖြစ်လာဖွယ်ရှိသည်။ ထိုသို့သော သာဓကများလည်း မြန်မာနိုင်ငံတွင် များစွာရှိခဲ့သည်။ သဘာ၀ဓာတ်ငွေ့၊ ရေနံပိုက်လိုင်းသွားရာ လမ်းတလျှောက် ဒေသခံများပိုင်ဆိုင်သည့် မြေယာများ၊ ခြံမြေများ၊ လူနေအိမ်များကို လျော်ကြေးမပေးဘဲ အတင်းအကျပ်ဖယ်ခိုင်းခြင်း၊ ရေကာတာ တည်ဆောက်ရာတွင်လည်း ဒေသခံများအား မောင်းထုတ်ခြင်း၊ စက်မှုဇုန်များ၊ ကမ်းခြေများ တည်ဆောက်ရာတွင်လည်း ထိုသို့ သိမ်းဆည်းမှု၊ မောင်းထုတ်မှုများ အမြောက်အများရှိခဲ့သည်ကို တွေ့ရှိရပြီးဖြစ်သည်။ ထို့အပြင် ယခင် စစ်အစိုးရ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) ကျင့်သုံးနေသည့် နောက်တနည်းမှာ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေသည့် တိုင်းရင်းသားဒေသများကို ထိုးစစ်ဆင်ပြီး ရွာသားများ ထွက်ပြေးစေသည့်နည်း ဖြစ်သည်။

ဤသည်မှာ စီမံကိန်း မဖြစ်မြောက်မီ ကနဦး ခံစားရသော ဆိုးကျိုးသက်ရောက်မှုပင်ဖြစ်သည်။ တနည်းအားဖြင့် ကနဦးပေးဆပ် စတေးလိုက်ရသော အရင်းအမြစ်များပင် ဖြစ်ပေတော့သည်။ ထိုဒေသတလျှောက်ရှိ ပြည်သူများအနေဖြင့် ဆိုးကျိုးများကိုသာ ခံစားလိုက်ကြရသည်။

စီးပွားရေးဇုန်များ သတ်မှတ်လိုက်သည့်အတွက် ရုပ်ဝတ္ထုအကောင်အထည်များ သိသာစွာမြင်တွေ့လာရမည် ဖြစ်သည်။ ဒေသခံများ မမြင်ဖူးသည့် သင်္ဘောကျင်းများ၊ အဆောက်အအုံများ၊ စက်ရုံ၊ အလုပ်ရုံများ၊ ကုန်တိုက်များ၊ ဆေးရုံများ၊ စာသင်ကျောင်းများ၊ အသက်မွေးဝမ်းကျောင်း သိပ္ပံများ၊ ခေတ်မီသော စက်မှုမြို့တော်ကြီးတခု ရုတ်တရက် လျင်မြန်စွာ ပေါ်ပေါက်လာသည်ကို တွေ့မြင်လာကြရမည်ဖြစ်သည်။

ဒေသခံများအနေဖြင့် ထိုသို့ပေါ်ပေါက်လာသော စက်မှုမြို့တော်ကြီးသို့ မည်သို့ချည်းကပ်ရမည်ဆိုသည်မှာ ပထမဆုံး ကြုံတွေ့ရမည့် စိန်ခေါ်မှုတရပ်ပင် ဖြစ်သည်။

ဒေသဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူနေမှုစရိတ်လည်း မြင့်မားလာမည်ဖြစ်သည်။

ထိုဒေသအတွင်းနေထိုင်သူများ အလုပ်အကိုင်ရရှိဖို့ အခွင့်အလမ်းကောင်းများ ရရှိလာမည်ဖြစ်သော်လည်း ဒေသခံများအများစုသည် အသိပညာ၊ အတတ်ပညာရှင်များ မဟုတ်သောကြောင့် လစာနည်း အောက်ခြေသိမ်းအလုပ်၊ အခြေခံအလုပ်များကိုသာ ရရှိကြပေမည်။

မြန်မာနိုင်ငံသားတဦး၏ အခြေခံလုပ်အားခမှာ မြန်မာကျပ်ငွေ ၃၅၀၀ ရရှိနေကြသည်။ ယနေ့ကုန်ဈေးနှုန်း အရဆိုလျှင် လူတယောက်၏ နေထိုင်စားသောက်စရိတ် လောက်ငှရုံသာဖြစ်သည်။ လတ်တလောကာလတွင် အလုပ်လုပ်နေရသော မြန်မာပြည်များအား လုပ်ငန်းခွင်အတွင်း အနားယူရန် နေရာထိုင်ခင်းများစီစဉ်ပေးခြင်း၊ ညအိပ်ညနေအတွက် စီစဉ်ပေးရှိခြင်း၊ သက်သောင့်သက်သာ ဝယ်ယူစားသောက်နိုင်ရန် စီစဉ်ပေးခြင်း စသည့် အလုပ်သမားများအတွက် လူမှုဖူလုံရေး အစီအစဉ်များလည်း မရှိခဲ့ပေ။

စီမံကိန်း ပြီးစီးပါက လူနေမှုအဆင့်အတန်း (living standard) မြင့်တက်လာသည်နှင့်အမျှ လူနေမှု စရိတ်လည်း မြင့်မားလာမည်သာဖြစ်သည်။ သို့အတွက် အခြေခံ အလုပ်သမားများအနေဖြင့် ရရှိသော လုပ်အားခနှင့် ထိုမြင့်မားလာသော လူနေမှုစရိတ်များကို အမီလိုက်နိုင်ရန်အတွက်မှာ ကြီးစွာသော စိန်ခေါ်မှုတခုပင် ဖြစ်သည်။

ယခင်က ထိုမျှဝင်ငွေမရကြသော်လည်း မိရိုးဖလာလုပ်ငန်းများ၊ အသားကျနေပြီဖြစ်သော ပုံမှန်လုပ်ငန်းများဖြင့် မိသားစု စားဝတ်နေရေးကို ဖြေရှင်းခဲ့ကြသည်။ တချို့ တံငါလုပ်ငန်းများဖြင့် အသက်မွေးမြူကြရာ အစားအသောက်အတွက် ပူပင်ကြောင့်ကြရန် မလိုပေ။ စက်မှုမြို့တော်ကြီး ဖြစ်လာသောအခါ ရေလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများကို ငွေရှင်၊ ကြေးရှင်များက လက်ဝါးကြီး အုပ်လာမည်သာဖြစ်သည်။ ထိုအခါ ကိုယ့်လှေ၊ ကိုယ်ကျားဖြင့် ငါးဖမ်း၊ ကျားထောင်ရာမှ သူတပါး၏ အလုပ်သမားဖြစ်ကြရတော့မည်။ ထိုသို့ဆိုလျှင် ဖွံ့ဖြိုးလာသည့် အသီးအပွင့်တို့ကို ဒေသခံများ မည်မျှခံစားရမည်နည်းဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်လာတော့သည်။

(ခ) ပညာရေးကဏ္ဍ[ပြင်ဆင်ရန်]

ပညာရေးကဏ္ဍကို ကြည့်လျှင်လည်း ပေါ်ပေါက်လာမည့် မစ်ရှင်ကျောင်းများ၊ ခေတ်မီသော သက်မွေးပညာရပ် သင်တန်းကျောင်းများကို ဒေသခံများ၏ မည်မျှသောရာခိုင်နှုန်းက သင်ယူခွင့်ရရှိကြည်မည်နည်း။ ယခင်နှင့် မတူသည့် မြင့်မားလှသည့် ကျောင်းစရိတ်များ ကာမိအောင် မိဘများက စွမ်းဆောင်နိုင်ကြမည်လော။

ခေတ်နှင့်အမီ လိုက်နိုင်လောက်သည့် ဝင်ငွေရရှိမှသာ ထိုပညာရပ်များကို သင်ကြားနိုင်ခွင့် ရရှိကြမည် ဖြစ်သည်။

ထိုသို့မဟုတ်ပါက ယခင်ကဲ့သို့ ဘုန်းတော်ကြီး ပညာသင်ကျောင်းများ၊ အစိုးရကျောင်းများတွင်ပင် ဆက်လက် ပညာသင်ကြားရမည်သာဖြစ်သည်။ ထိုကျောင်းများ ဆက်ရှိလိမ့်မည် ဟုတ်မဟုတ်ကိုလည်း မည်သူမျှ မမှန်းဆ နိုင်သေးပေ။ ထိုအခါ ကွာဟလှသော ပညာရေးစနစ် ၂ ခုအကြားတွင် နိမ့်ကျသည့် ပညာရေးကိုပင် ဆက်လက် သင်ကြားရပေမည်။ အကျိုးဆက်အနေဖြင့် ဝင်ငွေကောင်းသော အလုပ်ရနိုင်ရန် အလှမ်းဝေးနေလိမ့်ဦးမည်။ လတ်တလော စားဝတ်နေရေးဖြေရှင်းရန်အတွက် အောက်ခြေအလုပ်များကိုပင် မဖြစ်မနေ လုပ်ကြရပေတော့မည်။

ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်းက ထိုဒေသခံများ၏ ပညာရေးမြင့်မားလာအောင် နောင်နှစ်ပေါင်း အတော်ကြာအောင် စောင့်ခိုင်းပေတော့မည်။

(ဂ) သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးကဏ္ဍ[ပြင်ဆင်ရန်]

သဘာဝ ပတ်ဝန်းကျင်နှင့် ကျန်းမာရေးကဏ္ဍအနေဖြင့် စက်ရုံကြီးများမှ ထွက်ရှိလာမည့် မီးခိုးများ၊ စွန့်ပစ် ပစ္စည်းများကြောင့် ထိုဒေသတွင် သဘာဝပတ်ဝန်းကျင် အကြီးအကျယ် ထိခိုက်မည်မှာ အသေအချာဖြစ်သည်။

ဤအချက်မှာ အစိုးရအနေဖြင့် အလေးအနက်ထားရမည့် ကိစ္စတခုဖြစ်သော်လည်း သက်ဆိုင်ရာ အစိုးရနှင့် လုပ်ငန်းရှင်များအကြား မည်သို့သော စီမံကိန်းချ ဆောင်ရွက်ထားသည်၊ မည်သို့ သဘောတူညီချက်များ ရှိထားသည်ကိုမူ မည်သည့်နေရာတွင်မှ မတွေ့ရပေ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး စီမံကိန်းများချမှတ်ထားခြင်းလည်း အသေအချာ မရှိသေးပေ။

ဆိုးကျိုးများအနေဖြင့် ထိုဒေသရှိ သစ်တောများပြုန်းတီးခြင်းနှင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များ၊ မြစ်ချောင်းများ တိမ်ကောမှု၊ ရာသီဥတုမမျှတမှုစသည့် သဘာ၀ပတ်ဝန်းကျင် ပျက်စီးခြင်းများ ဖြစ်ပေါ်လာနိုင်ပေသည်။

ထိုမှတဆင့် ဒေသခံများ၏ ကျန်းမာရေးအတွက် အလွန်စိုးရိမ်စရာ ကောင်းသောအန္တရာယ်နှင့် ရင်ဆိုင်ရဖွယ်ရှိသည်။ အထက်တွင် ဖော်ပြခဲ့သကဲ့သို့ စက်မှုမြို့တော်ကြီး၏ အင်္ဂါရပ်နှင့်အညီ ကျန်းမာရေးစရိတ်စကလည်း အလွန်အမင်း တက်လာမည်ဖြစ်သောကြောင့် ဒေသခံများ ဆေးကုသခွင့် ရရှိရေးသည်လည်း ကြီးစွာသော စိန်ခေါ်မှု တရပ်ပင်ဖြစ်တော့မည်။

(ဃ) လူမှုရေးကဏ္ဍ[ပြင်ဆင်ရန်]

လူမှုရေးကဏ္ဍမှာ အဆိုးရွားဆုံး ရင်ဆိုင်ရမည့် စိန်ခေါ်မှုပင်ဖြစ်သည်။

ကိုယ့်ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာနှင့် နှစ်ပေါင်းများစွာ အသားကျ နေပြီဖြစ်သော ထိုဒေသခံများသည် လူမှုရေးစိန်ခေါ်မှုအသစ်နှင့် ရင်ဆိုင်ကြရပေမည်။ စီမံကိန်း စတင်အခြေချသည့် နဘုလယ်ထိန်ကြီးရွာသည် ထားဝယ်ဒေသ၏ ဘာသာစကား၊ ယဉ်ကျေးမှု အနက်ဆုံး နေရာဖြစ်သည်။ ယခုတော့ ထိုဒေသကို ဝါးမြိုခြင်းခံရပေတော့မည်။ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ လာရောက်မည့်၊ နိုင်ငံတကာမှ အမျိုးမျိုးသော မတူကွဲပြားသည့် လူမျိုးများ လာရောက်အခြေချမည့် ဒေသဖြစ်လာတော့မည်။

ထိုအခါ မည်သည့်ဘာသာစကားဖြင့် ပြောဆိုဆက်ဆံကြမည်နည်း။

ဖြစ်လာမည်မှာ အဓိကအားဖြင့် မြန်မာဘာသာစကားနှင့် အင်္ဂလိပ်ဘာသာစကားသည် လူမျိုးတမျိုးနှင့်တမျိုး ဆက်ဆံရာတွင် လွယ်ကူသော ဘာသာစကားများဖြစ်၍ အသုံးအများဆုံး ဘာသာစကားများဖြစ်လာပေမည်။ နောင်နှစ်ပေါင်း ကြာလာသည်နှင့်အမျှ ဒေသခံစကားဖြစ်သည့် ထားဝယ်စကား တစတစ မှိန်းမှိန် လာမည်ကိုတော့ စိုးကြောက်ရပေသည်။ ရှေးသာဓကများအနေနှင့် ထားဝယ်ဒေသသို့ ပြောင်းရွှေ့အခြေချလာသော အစိုးရ အမှုထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲများသည် မြန်မာဘာသာဖြင့်သာ ပြောဆိုသည့်အတွက် ထားဝယ်သားများ အနေဖြင့် သူတို့အား မြန်မာဘာသာဖြင့်သာ ပြောဆိုဆက်ဆံခဲ့ရသည်။

သို့သော်လည်း ရုံးများ၊ မိုင်းတွင်းများတွင် အများစုမှာ ဒေသခံများဖြစ်သည့်အတွက် ပြောင်းရွှေ့လာသော ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဆက်ဆံမှုမှလွဲ၍ မိမိ ထားဝယ်ဘာသာစကားဖြင့်သာ ပြောဆိုဆက်ဆံကြသည်။ ယခုအခါ ထိုသို့ မဆိုစလောက်သော လူနည်းစု ပြောင်းရွှေ့လာမည်မဟုတ်ဘဲ၊ အစုလိုက် အပြုံလိုက် ပြောင်းရွှေ့ နေထိုင်အခြေချလာမည်ဖြစ်သည်။ ထိုအခါ မိမိဘာသာစကား သုံးစွဲမှုမှာ မသိမသာ တဖြည်းဖြည်းနှင့် တိမ်ကော ပျောက်ကွယ်မှာကို စိုးရိမ်စရာဖြစ်လာသည်။ ထိုနည်းတူစွာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများတွင်လည်း အခြားယဉ်ကျေးမှုများ အနည်းနှင့် အများဆိုသလို ထိုးဖောက် ဝင်ရောက်လာမည်သာဖြစ်သည်။

“မြေမြို၍ လူမျိုးမပြုတ်၊ လူမြိုမှ လူမျိုးပြုတ်မည်” ဟု ဆိုင်းဘုတ်များ ရေးထားသည့် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနကို သတိရမိသည်။ ထားဝယ်လူမျိုးများ အမြိုခံရတော့မည့် အရေးကိစ္စကို ထိုလူဝင်မှု ကြီးကြပ်ရေးဌာနက မည်သို့မျှ အရေးတယူ ဆောင်ရွက်လာတာ မတွေ့ရပေ။

တခြားလူမှုရေး ကဏ္ဍအနေဖြင့် မြန်မာနိုင်ငံတွင် ခေတ်အမီဆုံး မြို့ပြကြီး ဖြစ်ပေါ်လာသည်နှင့်အမျှ တပါတည်း ဖြစ်ပေါ်လာမည့် လူမှုဝန်းကျင်အသစ်လည်း ထပ်တူ ပေါ်ပေါက်လာမည်ဖြစ်သည်။ ဟိုတယ်များ၊ မိုတယ်များ၊ အပန်းဖြေစခန်များ၊ အနှိပ်ခန်းများ၊ ပျော်ပွဲစားရုံများ၊ ဗျစ်ရည်ဆိုင်များ၊ ပချုပ်ဆိုင်များ၊ ကာရာအိုကေဆိုင်များ၊ ညကလပ်များ စသဖြင့် ဇိမ်ခံလူတန်းစားများအတွက် အသုံးအဆောင်အင်္ဂါရပ်များ ပေါ်ပေါက်လာမည်ဖြစ်သည်။ ထိုစားသုံးသူများ၏ လိုအင်ကို ဖြည့်ဆည်းပေးရန်အလို့ငှာ ထိုနေရာများတွင် ထားဝယ်၊ မြန်မာ အမျိုးသမီးများစွာ ပျော်တော်ဆက်အဖြစ် ဝင်ရောက် အလုပ်လုပ်ကိုင်ကြရပေလိမ့်မည်။

မြန်မာနိုင်ငံတွင် ထိုအခြေအနေကို လိုက်လျောညီထွေစွာ လိုက်ပါနိုင်ရန် လူမှုရေးစောင့်ရှောက်မှုစနစ် (Social welfare system) အဆင်သင့်မဖြစ်သေးပေ။ ဇိမ်မယ်များကို တွေ့ရှိပါက ဖမ်းဆီးအရေးယူခြင်းများကို ပြုလုပ်နေသော်လည်း ကူညီစောင့်ရှောက်မှုပေးရမည်ကိုမူ လျစ်လျူရှုထားခဲ့သည်။ ညကလပ်များ၊ အနှိပ်ခန်းများ၊ ကာရာအိုကေဆိုင်များကိုလည်း တရားဝင်မှတ်ပုံတင်ခြင်းမဟုတ်ဘဲ နားလည်မှုများဖြင့်သာ ဖွင့်ခွင့်ပေးထားခဲ့သည်။

ထိုအခြင်းအရာများသည် အမျိုးသမီးများအား အလွယ်အကူ ပျက်စီးအောင်၊ ကူးစက်ရောဂါများ ပိုမိုပြန့်ပွားအောင် အထောက်အကူပေးသလို ဖြစ်နေပေသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ထိုအခြေအနေများကို လိုက်ပါနိုင်အောင် လူမှုရေးစောင့်ရှောက်မှုစနစ် မြှင့်တင်ပေးခဲ့သည်။ မြှင့်တင်ပေးရန်လည်း လိုအပ်သည့် ဓနအင်အားရှိကြသည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဟုဆိုသော်လည်း ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံအဆင့်မှ တက်ရောက်နိုင်ခဲ့ခြင်း မရှိသေးချေ။ သို့အတွက် မည်သို့သော ကာကွယ်စောင့်ရှောက်မှုစနစ်များ ထားရှိမည်ကိုလည်း မေးခွန်းထုတ်စရာ ဖြစ်လာရသည်။ မြန်မာအမျိုးကောင်း သားသမီးများအတွက် ရင်လေးစရာ စီမံကိန်းပင်။[၁]

ကိုးကား[ပြင်ဆင်ရန်]