ထန်းတက်လုပ်ငန်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ထန်းတက်လုပ်ငန်းကို မြန်မာနိုင်ငံရှိ ထန်းပင်များ အများအပြား ပေါက်ရောက်ရာ ဒေသများတွင် လုပ်ကိုင်လေ့ရှိကြသည်။ ထန်းတက်လုပ်ငန်း လုပ်ကိုင်သူများကို ထန်းတောင်သူများဟု ခေါ်တွင်သည်။

ထန်းတောင်သူများသည် ထန်းပြင်ခြင်း၊ ထန်းတက်ခြင်း၊ ထန်းလျက် ချက်ခြင်း လုပ်ငန်းများကို လုပ်ကိုင်ကြသည်။ ထန်းတောင်သူအများစုမှာ ထန်းတက်သည့် ပထမဆုံးနေ့ကို စနေနေ့တွင် ပြုလုပ်ကြပြီး ထန်းမှာ စနေနံဖြစ်၍ စနေနေ့မှာ စ၍ ထန်းတက်ပါက ထန်းရည်အထွက်နှုန်း ကောင်းသည်ဟု ယုံကြည်ကြသည်။

ထန်းတက်လုပ်ငန်းအတွက် ထန်းလှီးဓား (၂) ချောင်း၊ ထန်းလိုင်၊ လှေကား၊ ရင်းထောင်၊ ရင်းဆွဲ၊ ထန်းရည်အိုး၊ ထန်းရည်ကြိုးတို့ကို အသုံးပြုကြသည်။

ထန်းတက်ရန်အတွက် ပထမဦးစွာ ပန်ခြောက်ကန်ရှင်းခြင်းဟု ခေါ်သည့် ထန်းလက်ခြောက်တို့ကို ရှင်းလင်းပေးရသည်။ နုတ်လက်ပယ်ပြီးသည်နှင့် ထန်းစ၊ ထန်းဖူး ပေါ်လာသည်။ ပေါ်လာသော ထန်းစကို ကလိုင်ဖြင့် နင်းခြင်း၊ ထန်းစူးပေါက်ခြင်းဟု ခေါ်သော နှီးနှင့် စုစည်းခြင်း၊ အခွံရစ်လှီးခြင်းတို့ကို စနစ်တကျ စိတ်ရှည်စွာ ပြုလုပ်ပေးကြရသည်။

ထန်းတက်ခြင်းလုပ်ငန်းသည် တစ်ရက်မှ ပျက်၍မရသောလုပ်ငန်း ဖြစ်သည်။ နေ့စဉ်ထန်းလှီးပေးရသည်။ ရက်ကျော်ပါက ထန်းမထွက်တော့ပေ။ ပထမဦးစွာ ထန်းပြင်၊ ထန်းလှီးသည်နှင့် ထန်းရည်မိုး တင်ပေးရသည်။ ထန်းတစ်ပင်လျှင် ထန်းရည်အိုး လေးလုံးမှ ခြောက်လုံးအထိ ထန်းစပေါ် မူတည်၍ တင်ပေးရသည်။ ထန်းစတစ်ချောင်းလျှင် တစ်နေ့ ထန်းရည်တစ်မြူခန့် ထွက်သည်။ ထန်းကို နံနက်နှင့်ညနေ တစ်နေ့လျှင် နှစ်ကြိမ် တက်ပေးရသည်။ ထန်းသမား တစ်ဦးလျှင် တစ်နေ့ ထန်းပင် ၄၀မှ ၅၀ ခန့်အထိ တက်နိုင်သည်။

ထန်းရည်ရလာပါက ထန်းရည်များကို ဒယ်အိုးများအတွင်း ထည့်ကာကျိုပေးရသည်။ ထန်းလျက်ကျိုရာတွင် ထင်းကောင်းကောင်းဖြင့် မီးထိုးကာ ဒေသအခေါ် ဖိုက်လာသည်အထိ ဆင့်ကဲခတ်ယူ မီးထိုးပြီး ပြစ်သွားမှ မီးဖိုပေါ်မှ ချကာ မွှေပေးရသည်။ ပြစ်ခဲလာပါက ယောက်မနှင့် ခပ်ကာ ထန်းလျက်လုံးလေးများ လုံးပေးကြရသည်။

ထန်းတက်ရာတွင် ထန်းရာသီ စတင်သည်မှ စကာ ထန်းတုန်းသည်အထိ ထန်းဖို၊ ထန်းမ၊ သီးယဉ်ဟူ၍ သုံးမျိုးခွဲ တက်ကြသည်။ ထန်းဖိုကို ပြာသိုလတပို့တွဲလမှ စတက်ပြီး ထန်းမကို တန်ခူးလ တွင် တက်ကြသည်။ သီးယဉ်ကို ကဆုန်လ နောက်ပိုင်းမှ ဝါဆိုလကုန်အထိ တက်ကြသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မန္တလေး နေ့စဉ်သတင်းစာ (၂၉.၁၂.၂၀၁၇) စာ-၁၇