တောင်ခါ
ဇီဝဗေဒအလိုအရ တောင်ခါသည် ‘ဂယ်လီဖောမီး’မျိုးစဉ် တွင်၎င်း၊ ‘ဖာစီအာနီဒီ’မျိုးရင်းတွင်၎င်း၊ ‘ပါဒီစိုင်နီ’ မျိုးရင်းခွဲ တွင်၎င်း ပါဝင်သည်။ တောင်ခါသည် အလျား ၁၁ လက်မခန့် ရှိသည်။ မေး၊ ပါးနှင့် နားများတွင် ဖြူသောအရောင်ရှိသည်။ ရင်အုပ်တွင် ညိုဝါရောင် ဖျော့တော့တော့ရှိ၍ လည်ပင်း၏ တစ်ဘက်တချက်တွင် အမည်းကွက်တစ်ခုစီ ထင်းလျက်ရှိသည်။ အမြဲစိမ်းသစ်တောများတွင် ကျက်စားသည်။ လေချွန်သံမျိုးဖြင့် ခပ်တိုးတိုး မြည်တတ်သည်။
တောင်ခါသည် ဝါးပင်ကျဲကျဲ ပေါက်သော တောများ၌ ဥကျင်းများပြုလုပ်၍ ဥအုတတ်သည်။ ဥကျင်းများကို ဝါးရွက်၊ မြက်တို့ဖြင့် ဖုံးထားတတ်သည်။ နယုန်လလောက်တွင် ရန်ကုန်မြို့ အနီးတစ်ဝိုက်ဒေသရှိ တောင် ခါတို့၏ ငှက်သိုက်များ၌ ဥကျင်းတကျင်းလျှင် ဥ ၄ လုံး ရှိသည်ကို တွေ့ရတတ်သည်။
မြန်မာနိုင်ငံမှ အရှေ့ဘက်တစ်လွှား ဖောမိုးဆားကျွန်းအထိ တောင်ဘက်တစ်လွှား မလ္လာယုကျွန်းစုအထိ တောင်ခါများကို အနှံ့အပြား တွေ့နိုင်သည်။ မြန်မာနိုင်ငံတွင် ပဲခူးရိုးမ အရှေ့ ပိုင်းဒေသများ၌၎င်း၊ ပေ ၄၅၀၀ မြင့်သော ကုန်းမြေပြန့်များ၌ ၎င်း တွေ့ရတတ်သည်။ မြန်မာနိုင်ငံ၏ နယ်စပ်အနီး ယူနန် တွင်လည်း တောင်ခါ ကို တွေ့၇သေးသည်။
ကိုးကား[ပြင်ဆင်ရန်]
မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)