တောင်ကြီးမြို့ သဘာဝ ပတ်ဝန်းကျင် ပြပွဲ

ဝီကီပီးဒီးယား မှ
‘ဒို့ချစ်တဲ့ကမ္ဘာ သဘာဝ ပတ်ဝန်းကျင် ပြပွဲ’

တောင်ကြီးမြို့ သဘာဝဝန်းကျင် ပြပွဲသည် တောင်ကြီးမြို့ ယဉ်ကျေးမှု ပြတိုက်၊ စာကြည့်တိုက်အဖွဲ့နှင့် ဝါသနာရှင် လူငယ်များ စုပေါင်းကာ သစ်တောပြုန်းတီးလာခြင်းအား ဒေသခံများ သတိပြုမိလာစေရန်၊ သဘာဝ ပတ်ဝန်းကျင်အား ထိန်းသိမ်းစောင့်ရှောက်ရေး အသိတရား နှိုးကြားလာစေရန် ရည်ရွယ်ချက်ဖြင့် တင်ဆက်ထားသည့် ပြပွဲတစ်ရပ်ဖြစ်သည်။ ယင်းပြပွဲကို ‘‘ဒို့ချစ်တဲ့ကမ္ဘာ’’ ဟု အမည်ပေးထားပြီး တောင်ကြီးမြို့ ယဉ်ကျေးမှု ပြတိုက်နှင့် စာကြည့်တိုက်တွင် ၂၀၁၀ ခုနှစ် ဇွန်လ ၈ ရက်နေ့မှ ၁၃ ရက်နေ့အထိ ပြသခဲ့သည်။

ပြခန်းထဲတွင် သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲလာနေမှုကို ဖော်ပြထားသည့် ဓာတ်ပုံများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရန် နှိုးဆော်သည့် ဓာတ်ပုံများ၊ ပန်းချီများ၊ ကာတွန်း သရုပ်ဖော်ပုံများ၊ ပိုစတာများဖြင့် စုံစုံလင်လင် တင်ဆက်ထားသည်။

၂၀၁၀ ခုနှစ်နွေရာသီတွင် ထူးခြားစွာ အပူချိန်လွန်ကဲမှုကြောင့် ရှမ်းပြည်နယ် တောင်ပိုင်းရှိ အထင်ကရ အင်းလေးကန်ကြီးမှာ ရေအလွန်အမင်း ခန်းခြောက်မှုများ ဖြစ်ခဲ့ရာ လူအများအား အံ့အားသင့်စေခဲ့သည်။

ထို့ကြောင့် သရုပ်ဖော် ကာတွန်းတစ်ခုတွင် ရေခန်းခြောက်ပြီး ပက်ကြားအက်ကွဲနေသော အင်းလေးကန် မြေပြင်၌ လှေကို ဘီးများတပ်ဆင်ကာ တုတ်တစ်ချောင်းဖြင့် လှေသွားနိုင်ရန် ခြေထိုးနေသော အင်းသားတစ်ဦး၏ပုံကို သရုပ်ဖော်ထားသည်။

ရေတဖွေးဖွေးဖြင့် လှပနေသော အင်းလေးကန်ကြီး၏ အလှများနှင့် ၂၀၀၉ ခုနှစ် နွေရာသီတွင် ခြောက်သွေ့ပြီး မြေများ ပတ်ကြားအက်နေခဲ့သော အင်းလေးကန်၏ တစိတ်တဒေသက ဓာတ်ပုံများကိုလည်း ယှဉ်တွဲ ပြသထားသည်။

ထိုကဲ့သို့သော ပြကွက်များအပြင် ပြန်လည်အသုံးပြုနိုင်သည့် ပစ္စည်းများအား မလွှင့်ပစ်ဘဲ ပြန်လည်အသုံးပြုရန် (Recycle)၊ သစ်ပင်များအား မခုတ်လှဲရန်၊ သစ်ပင်စိုက်ပျိုးရန် လှုံ့ဆော်သည့် ပိုစတာများ၊ ပန်းချီကားချပ်များကိုလည်း ပြသထားသည်။

ကိုးကား[ပြင်ဆင်ရန်]