တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး‌ရေး ပရဟိတ(ကျား)ကျောင်း

ဝီကီပီးဒီးယား မှ

တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး‌ရေး ပရဟိတ(ကျား)ကျောင်းသည် ရန်ကုန်တိုင်းဒေသကြီးလှိုင်မြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ဘူတာရုံလမ်း တွင်တည်ရှိသည်။ ‌ကျောင်း၏မူလပထမအမည်သည် ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲတွင် စစ်သူကြီးမဟာဗန္ဓုလ တပ်စခန်းချရာ စစ်တပ်အတွင်း၌ ကရင်ဆရာ‌တော် ဦးလိပ်စတင် သီတင်းသုံး ‌နေထိုင်ခဲ့ခြင်း‌ကြောင့် တပ်တွင်း ကျောင်းဟု ‌ခေါ်တွင်သည်။ တပ်တွင်း‌ကျောင်း စတုတ္ထဆရာ‌တော် ဦးပညာ‌ဇောတ လက်ထက် ၁၉၂၄ ခုနှစ်တွင် အိန်အန်‌တောင် ကျားတံဆိပ် ဆေးတိုက်ပိုင်ရှင် သူ‌ဌေးကြီး ဦးဘွန်‌ဟောနှင့် ဦးဘွန်ပါ ညီအစ်ကိုနှစ်ဦးတို့က လူမျိုးမ‌ရွေး ဘာသာမ‌ရွေး အခမဲ့ပညာ သင်ကြားနိုင်ရန် ‌ကျောင်းများ‌ဆောက်လုပ် လှူဒါန်းခဲ့ခြင်း‌ကြောင့် အဆိုပါသူ‌ဌေးညီ အစ်ကို၏ ကျားတံဆိပ်‌ဆေးတိုက်ကို အစွဲပြုပြီး ကျား‌ကျောင်းဖြစ်လာသည်။

ကျား‌ကျောင်းကို ပထမဆရာတော် ဦးနန္ဒဝံသနှင့် ‌ကျောင်းအုပ်ဆရာ‌တော် ဦးဉာဏိန္ဒတို့က ဆက်လက် အုပ်ချုပ်ခဲ့ရာ ၁၉၂၈ ခုနှစ်တွင် အစိုးရအ‌ထောက်အပံ့ခံ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင် အလယ်တန်း‌ကျောင်း အဆင့်သို့‌ရောက်ရှိသည်။ ၁၉၄၆ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီး ပြီးစအချိန်တွင် ဆဌမဆရာ‌တော် ဦးဉာဏိန္ဒသည် အနယ်နယ် အရပ်ရပ်ရှိ ပညာမသင်ကြားခဲ့ရသော မိဘမဲ့က‌လေးများအား သနားကရုဏာ ဖြစ်‌တော်မူပြီး လက်ရှိသတ္တမ ဆရာ‌တော် ဦးပဏ္ဍိနှင့်အတူ ပရဟိတလုပ်ငန်း‌ဆောင်ရွက်ရန် သန္နိဌာန်ချမှတ်ခဲ့သည်။ စစ်‌ဘေးစစ်ဒဏ် ‌ကြောင့် အားကိုးစရာမရှိ‌သော မိဘမဲ့က‌လေးများအား ဘဝအာမခံ ရရှိသည်အထိ ပြုစုပျိုး‌ထောင်‌ပေးရန်၊ ဖက်ဆစ်တော်လှန်‌ရေးကာလအတွင်း အမျိုးသား‌ခေါင်း‌ဆောင်ကြီး ဗိုလ်ချုပ်‌အောင်ဆန်း၏ တိုက်တွန်းချက်အရ ပြည်နယ်‌တောင်‌ပေါ်ဒေသများရှိ မရှိဆင်းရဲနွမ်းပါးသူ က‌လေးများအား ‌ခေါ်ယူကျွေး‌မွေး ‌စောင့်‌ရှောက် ပညာသင်ကြား‌ပေးဖြင်းဖြင့် ပြည်နယ် ပြည်မတိုင်းရင်းသား စည်းလုံးညီညွတ်မှု ခိုင်မာလာ‌စေရန်၊ နယ်ချဲ့ သမားများ၏ တမန်‌တော်များဖြစ်ကြ‌သော သာသနာပြုသူများ၏ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုပျက်ပြားအောင် ဘာသာရေးဖြင့် ဖျက်ဆီး‌နေသည့် အန္တရာယ်မှ ကာကွယ်၍ မိမိဘာသာ သာသနာထွန်းကား ပြန့်ပွား လာ‌စေရန်၊ စာရိတ္တ‌ကောင်းမွန်ပြီး တိုင်းချစ်ပြည်ချစ်စိတ်ဓာတ် ပရဟိတလုပ်ငန်း‌ဆောင်ရွက်လို‌သော စိတ်ဓာတ်တို့ ‌တောင့်တင်းခိုင်မာလာ‌အောင် စည်းရုံးလျက် တိုင်းပြည်အတွက် လူ‌တော်လူ‌ကောင်း လုပ်သား ကောင်းများ ပေါ်ထွက်လာ‌စေရန်၊ နိုင်ငံ‌တော်အစိုးရ၏ လူမှုဝန်ထမ်းလုပ်ငန်းများတွင် တစ်တပ်တစ်အား ပါဝင်ကူညီ ‌ဆောင်ရွက်‌ပေးရန် ဟူ‌သော ရည်ရွယ်ချက်များဖြင့် မိဘမဲ့က‌လေးများကို ‌ခေါ်ယူကျွေး‌မွေး ‌စောင့်‌ရှောက်ခဲ့ခြင်း‌ကြောင့် ပရဟိတ(ကျား) ‌ကျောင်းဖြစ်လာသည်။

ပရဟိတ(ကျား)ကျောင်း ဆရာ‌တော်ဦးပဏ္ဍိတသည် ၁၉၅၄ ခုနှစ်မှစ၍ (ကျား)ည အထူးသင်တန်း အထက်တန်းကျောင်းကိုလည်း ဖွင့်လှစ်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင် အလံနီသခင်စိုးအဖွဲ့က ဆင်စွယ်ရွာ ရှိ‌ယောက်ျားများကို ရွာလုံးကျွတ် သတ်ဖြတ်ခဲ့ရာ ကျန်ရစ်သူ မိခင်များနှင့် က‌လေးဒုက္ခသည် ဦး‌ရေ ၂၀၀ အား ဆရာ‌တော် ဦးပဏ္ဍိတက ပရဟိတ(ကျား) ‌ကျောင်း သို့‌ခေါ်ယူပြီး ‌ကျွေး‌မွေး‌စောင့်‌ရှောက်ခဲ့သည်။ ထို့ပြင်မိဘမဲ့က‌လေးများ ဘဝမြှင့်တင်‌ရေးအတွက် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ပရဟိတ‌ကျောင်း ၇၈ ‌ကျောင်း‌ပေါ်‌ပေါက်လာ‌အောင် စည်းရုံး ‌ဆောင်ရွက်ခဲ့ပြီး လိုအပ်‌သော ‌ငွေနှင့်ပစ္စည်းများကို ‌ထောက်ပံ့ကူညီခဲ့သည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်တွင် နယ်စပ်‌ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အ‌ကောင်အထည်‌ဖော်‌ရေးလုပ်ငန်း၏ အစိတ်အပိုင်းအဖြစ် အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်နိုင်ရန် နယ်စပ်ဒေသ တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စည်ပင်သာယာရေး ဝန်ကြီးဌာန၏ လုပ်ငန်းတစ်ရပ်အဖြစ် တာဝန်ယူလျက် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး‌ရေး ပရဟိတ(ကျား)ကျောင်းအမည်ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး‌ရေး ပရဟိတ(ကျား)ကျောင်းသည် တိုင်းရင်းသားအချင်းချင်းပိုမို၍ စည်းလုံးညီညွတ်မှုရရှိ‌စေရန်၊ တိုင်းရင်းသား ရိုးရာဓ‌လေ့များကို မြတ်နိုးစွာ ထိန်းသိမ်းသွား‌စေရန်၊ ပညာရပ်များ အဆင့်မြင့်မားစွာ တတ်မြောက်၍ မိမိ‌ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများ ပြန်လည်‌ဆောင်ရွက်နိုင်‌စေရန်၊ အသက်‌မွေးဝမ်း‌ကျောင်း ပညာရပ်များထူးချွန်စွာ သင်ကြား တတ်‌မြောက်၍ မိမိ‌ဒေသ၌ အသက်‌မွေးဝမ်း‌ကျောင်း ပညာရပ်များပြန့်ပွားပြီး ဖွံ့ဖြိုး‌ရေးလုပ်ငန်းများတွင် အ‌ထောက်အကူပြုနိုင်‌စေရန် ဟူ‌သော ရည်ရွယ်ချက်‌လေးရပ်ဖြင့် နယ်စပ်‌ဒေသ အသီးသီးမှ တိုင်းရင်းသားက‌လေးများအား စနစ်တကျ ‌လေ့ကျင့် စောင့်‌ရှောက်ရေးလုပ်ငန်းများနှင့် သင်ကြားပို့ချ‌ရေးလုပ်ငန်းများကို အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် ရန်ကုန်မြို့‌တော်ဝန်က နာယကအဖြစ် ပါဝင်ပြီး ဌာနဆိုင်ရာဦး‌ဆောင်ညွှန်ကြား‌ရေးမှူးများနှင့် ညွှန်ကြား‌ရေးမှူးချုပ်များက အဖွဲဝင်များအဖြစ်ပါဝင်‌သော တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး‌ရေး ပရဟိတ(ကျား) ‌ကျောင်း အကြံ‌ပေးအဖွဲ့၊ လှိုင်မြို့နယ် ငြိမ်ဝပ်ပိပြားမှု တည်‌ဆောက်‌ရေးအဖွဲ့ ဥက္ကဋ္ဌက၊ ဥက္ကဋ္ဌ အဖြစ်ပါဝင်ပြီး မြို့နယ်တွင်းရှိဌာနဆိုင်ရာ ဦးစီးမှူးများအဖွဲ့ဝင်များအဖြစ် ပါဝင်‌သော တိုင်းရင်းသား လူမျိုး များဖွဲ့ဖြိုး‌ရေးပရဟိတ (ကျား)ကျောင်းကြီးကြပ်‌ရေး ‌ကော်မတီနှင့် ‌ကျောင်းအုပ်ချုပ်‌ရေးမှူး အပါအဝင် ဝန်ထမ်း ၁၄ ဦးပါဝင်‌သော အုပ်ချုပ်‌ရေးရုံးအဖွဲ့တို့ကို ဖွဲ့စည်းကာ ‌ဆောင်ရွက်လျက်ရှိသည်။

တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး‌ရေး ပရဟိတ(ကျား)ကျောင်းတွင် လက်ခံပြုစုပျိုး‌ထောင်‌ပေးသည့် က‌လေးများသည် နယ်စပ်‌ဒေသအသီးသီးမှ မိဘမဲ့က‌လေးများ၊ မိမဲ့က‌လေးများ ဘမဲ့က‌လေးများနှင့် ဆင်းရဲ နွမ်းပါး‌သောက‌လေးများ ဖြစ်ရမည့်အပြင် အသက်‌ခြောက်နှစ်မှ ၁၈ နှစ်အတွင်းရှိ ‌ယောက်ျားက‌လေးများ ဖြစ်ရမည်ဟု သတ်မှတ်ထားသည်။ ယင်းက‌လေးများအား စစ်တိုင်းကြီးများအလိုက် လူမျိုးစု‌ခေါင်း‌ဆောင်များက မဖွံ့ဖြိုး‌သေးသည့် နယ်စပ်‌ဒေသများမှ စိစစ်‌ရွေးချယ်‌ပေးခြင်းဖြစ်သည်။ ယခုအခါ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး‌ရေး ပရဟိတ(ကျား) ကျောင်းတွင် ‌မြောင်စီးနှစ်ဦး၊ ဗမာ ၁၉ ဦး၊ ရခိုင်ရှစ်ဦး၊ ‘‘ ဝ’’လေးဦး၊ ပအိုဝ်း ၃၃ ဦး၊ ပ‌လောင် ၂၈ ဦး၊ ကယား ၁၉ ဦး၊ လားဟူ ၁၁ ဦး၊ အာခါ ၁၄ ဦး၊ ထားဝယ် တစ်ဦး၊ ကချင် ၅ ဦး၊ ရှမ်း ၁၁ ဦး၊ ကယန်း ၃ ဦး၊ ချင်း ၁၁ ဦးနှင့် လီ‌ရှော ၁၀ ဦး စုစု‌ပေါင်း တိုင်းရင်းသားက‌လေး ၁၈၉ ဦး‌နေထိုင်လျက်ရှိသည်။ က‌လေးများအား နံနက်မှညအထိ ကျန်းမာ‌ရေး ‌လေ့ကျင့်ချိန်၊ စစ်‌ရေးပြချိန်၊ ဘုရားဝတ်ပြုချိန်၊ စာသင်ချိန်၊ လုပ်ငန်းလက်တွေ့သင်ချိန်၊ စား‌သောက်ချိန်၊ နား‌နေချိန်၊ စာကြည့်ချိန်၊ ရုပ်မြင်သံကြားကြည့်ချိန် စသည်ဖြင့် အချိန်ဇယား‌ရေးဆွဲ သတ်မှတ်ပြီး စနစ်တကျ‌လေ့ကျင့် ‌ပေးလျက်ရှိသည်။

တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး‌ရေး ပရဟိတ(ကျား)ကျောင်းရှိ က‌လေးများ အတန်းပညာသင်ယူ ‌ရေးအတွက် လှိုင်မြို့နယ် အမှတ်(၁) အ‌ခြေခံပညာ အထက်တန်း‌ကျောင်းနှင့် အမှတ် (၄) အ‌ခြေခံပညာ အလယ်တန်း‌ကျောင်းတို့တွင် တက်‌ရောက်နိုင်ရန် စီစဉ်‌ဆောင်ရွက်‌ပေးထားသည်။ ၁၉၉၄-၉၅ ပညာသင် နှစ်တွင် သူငယ်တန်း ၁၂ ဦး၊ ပထမတန်း ၁၁ ဦး၊ ဒုတိယတန်း ၁၃ ဦး၊ တတိယတန်း ၁၃ ဦး၊ စတုတ္တ တန်း ၁၆ ဦး၊ ပဉ္စမတန်းဦး‌ရေ ၂၀၊ ဆဌမတန်း ၃၈ ဦး၊ သတ္တမတန်း ၁၉ ဦး၊ အဌမတန်း ၁၆ ဦး၊ နဝမတန်း ၁၄ ဦး ဒသမတန်း ၁၀ ဦး၊ စက်မှုအထက်တန်း ‌ကျောင်းသားတစ်ဦးနှင့် လုပ်ငန်းခွင်‌ကျောင်းသား‌ခြောက်ဦး စုစု‌ပေါင်း ၁၈၉ ဦး ပညာသင်ယူလျက်ရှိသည်။

လုပ်ငန်းခွင် ‌ကျောင်းသားများသည် ‌အောင်ဆန်းမြို့ရှိ လက်မှုပညာသင်‌ကျောင်းဆံသ သင်တန်းသား‌လေးဦးနှင့် ‌ကျောင်းတွင် ဖွင့်လှစ်ထား‌သော လက်သမားသင်တန်းသား နှစ်ဦးတို့ဖြစ်သည်။ အတန်းပညာသင် က‌လေးများအား ‌ကျောင်းအားလပ်ချိန်များ၌ ကျောင်းရှိ လက်သမားသင်တန်း၊ စက်ချုပ်သင်တန်း၊ တွင်ခုံသင်တန်းနှင့် ပိုးဇာပုံနှိပ်သင်တန်းများတွင် ‌လေ့ကျင့် သင်ကြား‌ပေးလျက်ရှိရာ လက်သမားသင်တန်းတွင် ၁၁ ဦး၊ စက်ချုပ်သင်တန်းတွင် ၁၁ ဦး တွင်ခုံသင်တန်းတွင် ၁၁ ဦး နှင့် ပိုးဇာပုံနှိပ်သင်တန်းတွင် ၃ရ ဦး ‌လေ့ကျင့်သင်ယူလျက်ရှိသည်။

တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး‌ရေးပရဟိတ(ကျား)ကျောင်းအတွက် လူမှုဝန်ထမ်းဦးစီးဌာနက နှစ်စဉ် ဆန်ဖိုး‌ငွေ ကျပ်နှစ်သိန်းခန့်နှင့် စားစရိတ်၊ ဝတ်စရိတ်၊ ‌ဂေဟာမှူး ‌ထောက်ပံ့‌ကြေး ငွေကျပ် တစ်သိန်း ခွဲခန့် ‌ထောက်ပံ့သည်။ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး‌ရေး ပရဟိတ(ကျား) ‌ကျောင်းရှိ က‌လေးတစ်ဦးအတွက် စားစရိတ်သည် ရိုးရိုး‌နေ့တွင် ကိုးကျပ်နှုန်းနှင့် အထူးနေ့တွင် ၁၅ ကျပ်နှုန်း၊ ‌နေ့စဉ်မုန့်ဖိုးသည် အထက်တန်း ကျောင်းသားတစ်ဦးလျင် သုံးကျပ်နှုန်း၊ အလယ်တန်း‌ကျောင်းသားတစ်ဦးလျင် နှစ်ကျပ်နှုန်း နှင့် မူလတန်း ‌ကျောင်းသားတစ်ဦးလျင် တစ်ကျပ်နှုန်း၊ နှစ်စဉ် ‌ကျောင်းသုံးစာအုပ်နှင့် စာ‌ရေးကိရိယာ ဝယ်ယူစရိတ်သည် အထက်တန်း ‌ကျောင်းသားတစ်ဦးလျင် ၂၃၅ ကျပ်နှုန်း၊ အလယ်တန်း ‌ကျောင်းသား တစ်ဦးလျင် ၁၅၀ ကျပ်နှုန်းနှင့် မူလတန်း ‌ကျောင်းသားတစ်ဦးလျင် ကျပ် ၉၀နှုန်း၊ က‌လေးအားလုံး အတွက် နှစ်စဉ်ဝတ်စုံနှစ်စုံစီနှင့် ပညာသင်ကျောင်းသားများအတွက် နှစ်စဉ် ‌ကျောင်းဝတ်စုံနှစ်စုံစီ ကုန်ကျသည်။

တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး‌ရေးပရဟိတ (ကျား)ကျောင်းရှိ က‌လေးများ၏ စားဝတ်‌နေ‌ရေး၊ ပညာ‌ရေးနှင့် ကျန်းမာ‌ရေးတို့ကို အ‌ထောက်အကူပြုနိုင်ရန် ဆပ်ပြာစက်လုပ်ငန်း၊ ဆေးခန်းလုပ်ငန်း၊ သစ်စက်လုပ်ငန်းနှင့် တွင်ခုံလုပ်ငန်းစသည့် ဖွံ့ဖြိုး‌ရေးလုပ်ငန်းများကို ‌ကျောင်းတွင်တည်‌ထောင်ထားသည်။ ကုန်ထုတ်လုပ်မှု ပုံမှန်‌ဆောင်ရွက်‌နေ‌သော ဆပ်ပြာစက်လုပ်ငန်းသည် တစ်လလျင် အဝတ်‌လျော် ဆပ်ပြာ ‌တောင့် ၇၂,၀၀၀ ထုတ်လုပ်‌ပေး‌နေသည်။ ဆပ်ပြာစက်လုပ်ငန်းမှ ‌ငွေကျပ် တစ်‌သောင်း၊ ‌ဆေးခန်းလုပ်ငန်းမှ ‌ငွေကျပ်တစ်‌သောင်း၊ သစ်စက်မှ ‌ငွေကျပ်နှစ်‌သောင်းခွဲ‌ကျော်၊ တွင်ခုံလုပ်ငန်းမှ ‌ငွေကျပ် တစ်‌သောင်း‌ကျော် လစဉ်ဝင်‌ငွေ ရရှိသည်။

တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး‌ရေးပရဟိတ(ကျား)ကျောင်း ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် ‌ငွေသားနှင့် ပစ္စည်းများ လှူဒါန်းလျက်ရှိရာ ၁၉၉၃ ခုနှစ်၊ ဧပြီလမှ ၁၉၉၄ ခုနှစ်၊ ဇန်နဝါရီလအထိ ပြည်တွင်းပြည်ပ အလှူရှင် ရ၁ ဦးက ‌ငွေကျပ် ၁၀ သိန်း‌ကျော်နှင့် အ‌မေရိကန်‌ဒေါ်လာ ၂,၇၁၀၊ အလှူရှင် ၂၂ဦးက ‌ငွေကျပ် သုံးသိန်း‌ကျော်နှင့် အ‌မေရိကန်‌ဒေါ်လာ ၃,၅၀၀ တန်ဖိုးရှိသည့် ပစ္စည်းများကို လှူဒါန်းခဲ့ကြသည်။ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး‌ရေးပရဟိတ(ကျား)ကျောင်း ဖွံ့ဖြိုး‌ရေးလုပ်ငန်းများ ယခုထက်ပိုမို တိုးတက်‌အောင် ‌ဆောင်ရွက်နိုင်ရန် ‌ငွေနှင့် ပစ္စည်းများ လိုအပ်‌နေဆဲဖြစ်သည်။ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး‌ရေးပရဟိတ(ကျား)ကျောင်းသည် ယခုကဲ့သို့ နယ်စပ်‌ဒေသအသီးသီးမှ တိုင်းရင်းသားက‌လေးများအား ‌လေ့ကျင့်ပြုစုပျိုး‌ထောင်‌ပေးလျက်ရှိရာ နိုင်ငံကြီးအကဲများ၏ မိန့်မှာချက်များနှင့် အကြံ‌ပေးအဖွဲ့၏လမ်းညွှန်ချက်များအား အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်သွားရန်၊ ‌ကျောင်းသားများအား နိုင်ငံအကြီးအကဲများ ‌မျှော်မှန်းထားသည့် ဘက်စုံထူးချွန်‌သော ‌ကျောင်းသားများ ဖြစ်လာ‌စေရန် အတွက် လေ့ကျင့်ပြုစု ပျိုး‌ထောင်သွားရန်၊ ‌ကျောင်းတွင်းရှိ ဖွံ့ဖြိုး‌ရေး လုပ်ငန်းများအား ‌ကျောင်း၏ဝန်‌ဆောင် မှုစရိတ် ထိန်းသိမ်းနိုင်‌ရေးအတွက် ‌ဆောင်ရွက်သွားရန်၊ ‌ကျောင်းသားများ၏ စားဝတ်နေ‌ရေး၊ ပညာသင် ကြား‌ရေး၊ ကျန်းမာ‌ရေး၊ လူမှု‌ရေး စသည်တို့ မြင့်မားတိုးတက်‌စေ‌ရေးအတွက် ‌ဆောင်ရွက်သွားရန်ဟူ‌သော ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ပြီး‌ဆောင်ရွက်လျက်ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

မြန်မာ့စွယ်စုံကျမ်း အတွဲ ၅