တိုင်းပြည်

ဝီကီပီးဒီးယား မှ

နိုင်ငံ (သို့) တိုင်းပြည်ဆိုသည်မှာ ပထဝီနိုင်ငံရေးနှင့် နိုင်ငံတကာနိုင်ငံရေးအရ နေရာ သတ်မှတ် ပိုင်းခြားထားသော အုပ်ချုပ်ခွင့်ရ နယ်မြေ ဖြစ်သည်။ နိုင်ငံတော်ဟူသော အခေါ်အဝေါ်နှင့် ထိုစကားလုံးနှင့်တွဲ၍ပါလာသော လူတို့၏စိတ်တွင်းမှ ခံစားချက်၊ခံယူချက်နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များမှာ မိုးပေါ်မှကျလာသည်မဟုတ်ပဲ အုပ်ချုပ်သူလူတန်းစားများမှ ဆယ်စုနှစ်၊ရာစုနှစ်ပေါင်းများစွာ ပြုစုပျိုးထောင်လာခဲ့သော အရာတခုဖြစ်သည်။ လူအများအား နိုင်ငံတော်ဟူသော ဝေါဟာရအောက်တွင် တစည်းတလုံးထဲဖြစ်စေရေးအတွက် ပြောဆိုသောဘာသာစကားကို တတ်နိုင်သမျှတခုတည်းဖြစ်စေခြင်း၊ လူမျိုးစုနွယ်များ အသွယ်သွယ်ဖြစ်နေသည်ကို တတ်နိုင်သမျှ ကွဲပြားမှုနည်းအောင်ပြုလုပ်ခြင်းများမှာ အခြေခံကျသော နိုင်ငံတော်ယုံကြည်ချက်တခုဖြစ်လာစေရေးနည်းလမ်းများဖြစ်ကြသည်။ အုပ်ချုပ်သူများက ထိုပန်းတိုင်များသို့ရောက်ရှိရေးအတွက် အနုနည်းရော အကြမ်းနည်းပါ နည်းမျိုးစုံသုံးခဲ့ကြသည်။ ဥပမာအားဖြင့် အာဖရိကတွင်ရှိသော ဇူလူးတို့မှာ သာမန်လူအများထင်ထားသကဲ့သို့ လူမျိုးစုတခုမဟုတ်ပဲ ရှာကာ(Shaka)ဟူသော ခေါင်းဆောင်တဦးက လွန်ခဲ့သောရာစုနှစ်နှစ်ခုလောက်စတင်၍ မျိုးနွယ်စုငယ်အများအပြားကို တစုတစည်းထဲဖြစ်အောင် ကြိုးစားထားမှုမှ ဖြစ်ပေါ်လာသောရလဒ်ပင်ဖြစ်သည်။ ပြင်သစ်နိုင်ငံသည်လည်း ထွေပြားနေသောလူမျိုးစုများကို ပါရီမြို့တော်မှ အုပ်ချုပ်သူလူတန်းစားက တစုတစည်းတည်းဖြစ်အောင် ကြိုးပမ်းလာကြရာမှ လက်ရှိအခြေအနေတွင် ပြင်သစ်နိုင်ငံရှိသာမန်လူအများစု၏ စိတ်အတွင်း၌ ပြင်သစ်နိုင်ငံသားဟူသော ခံယူချက်၊အဓိပ္ပာယ်ဖွင့်ဆိုချက်များများဖြစ်ပေါ်လာစေခဲ့ခြင်းဖြစ်သည်။ ဆိုလိုရင်းမှာ နိုင်ငံအသီးသီး၌ဖြစ်ပေါ်နေသော မည်သည့်နိုင်ငံ၏ နိုင်ငံသားဟူသော ခံယူချက်များမှာ အစကတည်းက အလိုလိုတည်ရှိနေသည်မဟုတ်ပဲ လူသားများက လိုသလိုဖန်တီးယူထားသော ခံယူချက်များသာဖြစ်သည်ဟူလို။ ထိုအချက်ကို အများဆုံးမျက်ကွယ်ပြုသောသူများမှာ အမျိုးသားရေးဝါဒီများဖြစ်ပြီး ထိုသူတို့၏ ခံယူချက်များအလွန်အကျွံ ဖြစ်လာသောအခါ သူတို့ယုံကြည်မှုတည်ဆောက်ထားသော နိုင်ငံတနိုင်ငံ နိုင်ငံသားတခု၊လူမျိုးတမျိုးဟူသော ခံယူချက်၏ အကြောင်းပြချက်ဖြင့် ဖိနှိပ်မှုခံရသော လူမျိုးစုငယ်များကလည်း သူတို့ကဲ့သို့ပင် အမျိုးသားရေးအမြင်များ တန်ပြန်ခံယူကာ အစဦးက နိုင်ငံတော်တခုတည်းဟူသော ခံယူချက်ပြိုကွဲပြီး နိုင်ငံတော်ငယ်များအစိတ်စိတ်ကွဲနိုင်မည့် အန္တာရာယ်ရှိလာနိုင်၏။

ထိုကဲ့သို့သော နိုင်ငံတခုအတွင်း၌ နိုင်ငံတော်တခုတည်းဟူသော ခံယူချက်ဖြစ်လာစေရေး အတွက် ထိုနိုင်ငံဟုခေါ်တွင်သော လူမျိုးစုများတခုထက်ပို၍ရှိနေနိုင်သော နယ်နမိတ်တခုအတွင်း၌ရှိနေသောလူအများနှင့် သဟဇာတဖြစ်အောင် နှစ်ပေါင်းများစွာ ပုံမှန်ထိန်းသိမ်းစောင့်ရှောက်ထားသော နိုင်ငံအုပ်ချုပ်ဖွဲ့စည်းပုံစနစ်တခု(Political Institution)ရှိရန်လိုအပ်၏။ ထိုကဲ့သို့ နိုင်ငံဖွဲ့စည်းပုံအဆောက်အအုံသည် ထိပ်ဆုံးမှ အုပ်ချုပ်သူခေါင်းဆောင်တဦးတည်း၏ တွေးခေါ်ကြံစည်ပုံ၊ အကောင်အထည်တခုတည်းအပေါ်တွင် တည်မှီမနေသင့်ပဲ ခေါင်းဆောင်သူကွယ်လွန်သွားသော်လည်း ကျန်ရှိနေသောစနစ်ကို လူအများက ဆက်လက်လိုက်နာနေစေရန် လိုအပ်၏။ ယူဂိုဆလားဗီးယားခေါင်းဆောင်ကြီး ဂျိုးဇစ်တီးတိုး(Josip Tito)သည် သူ၏နိုင်ငံကို တည်ဆောက်ရာတွင် အမှီအခိုကင်းသော နိုင်ငံအုပ်ချုပ်ဖွဲ့စည်းပုံစနစ်တခုကို ပြုစုပျိုးထောင်ခြင်းထက် သူ၏အတွေးအခေါ်နှင့် ထင်မြင်ယူဆများကို အခြေပြုကာ နိုင်ငံကို သူ၏အယူအဆအားစမ်းသပ်သည့် ပုံစံမျိုးဖြင့် အုပ်ချုပ်ခဲ့သောကြောင့် သူသေဆုံးပြီးသည့် နောက်ပိုင်းဆယ်စုနှစ်တခုကျော်ရုံသာရှိသေးသော ကာလပြီးသည့်နောက် အစိတ်စိတ်အမြွှာမြွှာကွဲလိုက်သည့် နိုင်ငံများမှာ ဆိုဗီယက်ပြည်ထောင်စုကွဲပုံနှင့် သူမသာကိုယ်မသာရှိလှသည်။ ကွဲပြားသွားသော ဖြစ်စဉ်များအတွင်းဖြစ်ပေါ်ခဲ့သော သွေးချောင်းစီးမှုများမှာလည်း ကြောက်ခမန်းလိလိရှိလှသည်။ လျှို့ဝှက်ကူးယူအသံဖမ်းထားသော တိတ်ခွေများမှအစပြု၍ ဖြစ်ပွားခဲ့သော ဝါတားဂိတ်အရှုပ်တော်ပုံ(watergate scandal)တွင် အဓိကစွပ်စွဲခံရကာ နာမည်ပျက်၍ နုတ်ထွက်ခဲ့ရသော အမေရိကန်သမ္မတ ရစ်ချက်နစ်ဆင်လက်ထက်ရှိ အမေရိကန်ပြည်ထောင်စုတွင် နစ်ဆင်နုတ်ထွက်ပြီးနောက် တက်လာသော သမ္မတ ဂျွန်ဆင်သည် ရွေးကောက်ပွဲနိုင်၍တက်လာသောသမ္မတမဟုတ်သောလည်း လွှတ်တော်များအတည်ပြုသမ္မတသာဖြစ်သော ဂျွန်ဆင်ကို နိုင်ငံသာများက အထူးတလည်ကန့်ကွက်မနေပဲ လက်ခံလိုက်ကြပြီး အမေရိကန်ပြည်ထောင်စုကြီးမှာလည်း မပြိုကွဲသွားခဲ့ပါ။ ယူဂိုဆလပ်မှ တီးတိုး၏အခြေအနေနှင့် ယှဉ်ပြရခြင်းမှာ သိပ်မဆိုင်သလိုရှိသော်လည်း ထိုအမေရိကန်ပြည်ထောင်စုတွင် ကြုံရသောအခြေအနေကိုကြည့်ခြင်းအားဖြင့် လူပုဂ္ဂိုလ်အပေါ်မူတည်မှမရှိပဲ နှစ်ပေါင်းများစွာထိန်းသိမ်းလာခဲ့သော အမေရိကန်၏ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံ၏အမြင့်ဆုံးခေါင်းဆောင်ဖြစ်သည့် သမ္မတထက် ပို၍အရှိန်အဝါကြီးနေဆဲဖြစ်ပြီး နစ်ဆင်ပြုတ်သွားသော်လည်း တရားဥပဒေစိုးမိုးမှုယိုင်ဆင်းမသွားပဲ ဆက်လက်ဩဇာရှိနေဆဖြစ်သည်ကိုကြည့်၍ ဖွဲ့စည်းအုပ်ချုပ်ပုံအဆောက်အအုံရေရှည်ခိုင်မြဲစေရေးမှာ ခေါင်းဆောင်ကောင်းရှိရေးထက် ပို၍အရေးကြီးကြောင်းသိနိုင်သည်။

နိုင်ငံတနိုင်ငံတွင် ဖွဲ့စည်းအုပ်ချုပ်ပုံစနစ်တခုတည်ဆောက်ရာတွင် ကွဲပြားမှုရှိနိုင်သော လူမျိုးစုများရှိသည့် နယ်မြေအစုစုကို နိုင်နင်းစွာအုပ်ချုပ်နိုင်ရေး အရေးကြီးသည့်အလျောက် ၎င်းကိုအခြေခံ၍ ကွဲပြားသော အုပ်ချုပ်သောပုံစံနှစ်ခုရှိ၏။ အများရင်းနှီးကြားဖူးပြီးသားဖြစ်သော ပြည်ထောင်စုစနစ်(unitary system)နှင့် ဖက်ဒရယ်စနစ်(federal system)တို့ဖြစ်ကြသည်။ ပြည်ထောင်စုစနစ်တွင် မြို့တော်မှ တိုက်ရိုက်အုပ်ချုပ်သည်ကများပြီး ဒေသငယ်များမှာ ကိုယ်ပိုင်စီမံပိုင်ခွင့်(autonomy)အနည်းငယ် သို့မဟုတ် လုံးဝမရလေ့မရှိပဲ ဖက်ဒရယ်စနစ်အတွင်းတွင်ရှိသော ပြည်နယ်အစိုးရများမှာမူ အတိုင်းအတာတခုအထိ ကိုယ်ပိုင်နိုင်ငံရေးဘဝတခုရရှိပြီး ဗဟိုမှ ဥပဒေလမ်းကြောင်းအရ ပယ်ဖျက်ခွင့်၊ပြုပြင်ပြောင်းလဲပိုင်ခွင့်များမရှိသော လုပ်ပိုင်ခွင့်များကို ရရှိထားသော ဒေသခံအစိုးရငယ်များရှိ၏။ တရုတ်၊ဆွီဒင်၊ပြင်သစ်နှင့် ဂျပန်စသည့် နိုင်ငံများမှာပြည်ထောင်စုစနစ်ကျင့်သုံးသော နိုင်ငံများဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၊ဆွစ်ဇလန်၊ဘရာဇီးနှင့် ဂျာမဏီနိုင်ငံများမှာ ဖက်ဒရယ်စနစ်ကျင့်သုံးသောနိုင်ငံများဖြစ်ကြသည်။

ကမ္ဘာ့ နိုင်ငံများ မြေပုံ

နိုင်ငံများ ပေါ်ပေါက်လာပုံ[ပြင်ဆင်ရန်]

နိုင်ငံများပင် မပေါ်ပေါက်သေးသော ယဉ်ကျေးမှု တဖြည်းဖြည်း တိုးတက်လာသော လူ့အဖွဲ့အစည်းများ စတင်ပေါ်ပေါက်ခါစ သမိုင်းမတင်မီခေတ်တွင် လူသားများသည် အတူတကွ စုပေါင်းနေထိုင်၍ ရှာဖွေရရှိသမျှသော အစားအသောက်၊ ပိုင်ဆိုင်မှုတို့ကို မျှဝေစားသုံး၍ အတူတကွ စုပေါင်းနေထိုင် အမဲလိုက် ခဲ့ကြလေသည်။

လက်နက်များကို တိုးတက် တီထွင် လာနိုင်သည်နှင့်အမျှ တောကောင်ကြီးများကို သတ်စားနိုင်လာရာ သစ်သီးသစ်ဥ ရှာစားခဲ့ရသော လူသားများကဲ့သို့ နေ့စဉ်နေ့တိုင်း နာရီမလပ် အဆာခံစေရန် အချိန်ပြည့် အစာရှာနေရသော ဘဝမှ ကင်းလွတ်လာသည်။ အသားများများ စားနိုင်သဖြင့် ဗိုက်ဝလာကာ တီထွင်ရန် အချိန်ပေးနိုင်လာရာမှ ပိုမို စုံလင်သည့် လက်နက် ကိရိယာများနှင့် အိမ်၊ လက်မှုပညာ အစချီသည့် ယဉ်ကျေးမှု များကို တည်ထောင် နိုင်လာသည်။

သမိုင်းဦး ဘုံမြေခေတ် လူသား ယဉ်ကျေးမှု တိုးတက်လာမှု[ပြင်ဆင်ရန်]

နှောင်းပိုင်းတွင် လူသားများက အလေ့ကျ ရှာဖွေတွေ့ရှိသော အစေ့များကို စားသောက်ရန် ချက်ပြုတ်ရင်း မြေပြင်ပေါ် ကျသည်မှ အပင် ပေါက်လာသည်ကို တွေ့ရှိကာ စိုက်ပျိုးရေးကို စတင် သိရှိ နားလည်ကြသော ကာလတွင် မြေယာ ပိုင်ဆိုင်မှုများ ပေါ်ပေါက် လာကြသည်။ တဖန် တိရစ္ဆာန်များကို ပျော်ရွှင်မှုနှင့် ဂုဏ်ယူဖွယ်ရာ ဖြစ်စေခြင်း အလို့ငှာ အရှင် ဖမ်းယူ ထိမ်းသိမ်းထားကြ ရာမှ မွေးမြူရေးကို နားလည်လာသော အခါ နေရာ အနှံ့ ရွှေ့ပြောင်း အမဲလိုက် နေထိုင်နေရန် မလိုအပ် တော့ပဲ မိမိ၏ ခြံတွင်းတွင်ပင် အစာကို လိုသလောက် သိုလှောင်ထားနိုင်သော အဆင့်သို့ လူသားများမှာ ပြောင်းလဲ တိုးတက်လာခဲ့ လေတော့သည်။

ထိုအခါ နေရာ ရွှေ့ပြောင်းနေထိုင်ခြင်း မပြုတော့ပဲ ကျယ်ဝန်း ပြန့်ပြူးသော မြက်ခင်းပြင်ကြီး၌ စိုက်ပျိုးလိုသည်များကို စိုက်ပျိုး၍ တိရစ္ဆာန်များကို စားကျက်လွှတ် မွေးမြူထားခြင်းဖြင့် ဖြုတ်ယူ ရွှေ့ပြောင်းရ လွယ်သည့် သားရေ တဲအိမ်များမှ တဆင့် ခိုင်ခံ့သည့် အုတ်အိမ်များ အဆင့်သို့ တိုးတက်လာသော ခေတ်သို့ ရောက်ရှိလာသည်။

ပုဂ္ဂလိက ပိုင်ဆိုင်မှုများ တိုးတက် ပွားများလာမှု[ပြင်ဆင်ရန်]

လူမျိုးစုများတွင် တိရစ္ဆာန်များကို မွေးမြူလာရာ အချိန်များ ရွေ့လျားလာသည်နှင့် အမျှ မျက်စိတစ်ဆုံးသော မြက်ခင်းပြင်တွင် တိရစ္ဆာန်များလည်း များသည်ထက် များလာသလို သားရဲတိရစ္ဆာန်များ၏ ခြိမ်းခြောက်မှု မရှိတော့သလောက် ဖြစ်သဖြင့် မျိုးနွယ်စုတွင်လည်း လူဦးရေ များလာသည်။ ပိုကျယ်လာသော လယ်ကွင်းများတွင် အလုပ်လုပ်ရန်နှင့် မွေးမြူထားသော တိရစ္ဆာန်များကို ထိမ်းကျောင်းနိုင်ရန် လူဦးရေ များများ လိုအပ်လာသည်။ ထိုအချိန်တွင် ချမ်းသာသော လူမျိုးစုမှ ဆင်းရဲသော လူမျိုးစုအား စစ်တိုက်ကာ စစ်သုံ့ပန်းကျွန်များအဖြစ် ဖမ်းဆီးယူကာ မိမိတို့အတွက် လိုအပ်သော လုပ်အားကို ဖြည့်တင်းခြင်းဖြင့် စစ်ပွဲများ၊ ပစ္စည်းလုပွဲများ ပေါ်ပေါက်လာသည်။

ထို ပစ္စည်းလု၊ လူဖမ်းကာ ကျွန်အဖြစ် အသုံးချသည့် စစ်ပွဲများကို ကာကွယ်နိုင်ရန် မျိုးနွယ်စုများသည် ရှေးကထက် ပို စုစည်း နေကြပြီး လူမျိုးစု ခေါင်းဆောင်၏ ခေါင်းဆောင်မှု အောက်တွင် မိမိတို့၏ ပိုင်ဆိုင်မှုကို လုံခြုံစေရန် ခံတပ်နှင့် စုပေါင်းနေသည့် ရွာများ တည်ဆောက် လာကြသည်။

နိုင်ငံများ ပေါ်ပေါက်လာခြင်း[ပြင်ဆင်ရန်]

အချိန်ကာလ ရွေ့လျားလာသည်နှင့် အမျှ မျိုးနွယ်စုများသည် ပိုမို၍ ကြီးသည်ထက် ကြီးမား လာကြပြီး ရှိရင်းစွဲ ဒေသ၏ တိရစ္ဆာန် စားကျက်က အလုံအလောက် မကျယ်ပြန့်တော့၍သော် လည်းကောင်း၊ လူဦးရေ သိပ်သည်း မှုကြောင့်သော် လည်းကောင်း နယ်မြေသစ်များ ရှာဖွေကာ ရွာကလေးများ တည်ထောင်ကြပြန်သည်။ ထွက်ခွာလာသော ရွာနှင့် ရွာသစ်များမှာ အမျိုးများသာ ဖြစ်သောကြောင့် လူမျိုးစု တစ်စုတည်းကဟု မှတ်ယူကာ ထိုကဲ့သို့ ရွာများ စုစည်း နေထိုင်ကြခြင်းဖြင့် မြို့တော်များ ပေါ်ပေါက်လာကြ ပေတော့သည်။

ထိုကဲ့သို့ လူဦးရေ တိုးတက်လာမှုနှင့် အတူ အသစ်၊ အသစ် ထပ်မံ ပေါ်ပေါက်လာသော မြို့တော်များ၏ စုပေါင်းခြင်းမှ နိုင်ငံများ စတင် ပေါ်ပေါက်လာကြခြင်း ဖြစ်ပေသည်။

ဝေါဟာရ[ပြင်ဆင်ရန်]

နိုင်ငံ ဟူသည့် ဝေါဟာရအား တိုင်းပြည်၊ နိုင်ငံတော်၊ အစိုးရကိုပါ ရည်ညွှန်း၍ အသုံးပြုလေ့ ရှိသည်။ များသောအားဖြင့် နိုင်ငံများတွင် ဌာနေ ဒေသခံ လူမျိုးများ၏ ကိုယ်ပိုင် အုပ်ချုပ်သော အစိုးရ တစ်ရပ်က အုပ်စိုးလေ့ရှိသည်။ ကိုယ်ပိုင် အုပ်ချုပ်ခွင့် မရရှိသော်လည်း ထိုနိုင်ငံ ကိုယ်၌က ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရှိခဲ့သော နိုင်ငံတစ်နိုင် ဖြစ်ခဲ့သည်က တစ်ကြောင်း၊ စုစည်းထားကာ အမည် တစ်ခုတည်း ခေါ်ဆိုသော နိုင်ငံစု တစ်ခုမှ ဖြစ်၍သော် လည်းကောင်း အချို့ အကြောင်းအရာ များတွင် နိုင်ငံ တစ်နိုင်ငံ သတ်သတ် အဖြစ် သတ်မှတ်ခြင်း ခံရသော ပြည်နယ်ကြီးများလည်း ရှိတတ်သည်။

ဥပမာအားဖြင့် စုစည်းထားသော ဘုရင်အုပ်စိုးသည့် တိုင်းပြည် (United Kingdom)မှ အင်္ဂလန်စကော့တလန်နှင့် ဝေလ နယ်တို့ ဖြစ်ကြသည်။ သို့သော် အမေရိကန် ပြည်ထောင်စု မှ စုစည်းထားသည့် ပြည်နယ်များကမူ နိုင်ငံဟောင်းများ မဟုတ်ခဲ့သည့် အားလျော်စွာ နိုင်ငံဟု ခေါ်ဆိုသုံးစွဲ ခံရနိုင်ခြင်း မရှိချေ။

အချို့နိုင်ငံများ တွင်မူ မိမိနိုင်ငံကို မှီခိုသော ပင်လယ်ရပ်ခြား နယ်မြေများ ရှိပြန်သည်။ ဗြိတိသျှ ဗားဂျင်း ကျွန်းများနယ်သာလန် အနောက် ကျွန်းစု နှင့် အမေရိကန် ဆမိုဝါ တို့ကဲ့သို့ ဖြစ်သည်။ ထိုနယ်မြေများမှာ သီးခြား နယ်မြေတွင် ရပ်တည်နေကြ သော်လည်း မှီခိုသည့် နိုင်ငံနှင့် မည်မျှ ကွာဝေးသည် ဖြစ်ပါစေ ထိုနိုင်ငံ၏ အမည်ကိုသာ ဖော်ပြကြလေသည်။

နိုင်ငံ၊ တိုင်းပြည်များကို တစ်ပြည်ထောင်စနစ်ဖြင့်သော်လည်းကောင်း၊ ပြည်ထောင်စုစနစ်ဖြင့်သော်လည်းကောင်း ဖွဲ့စည်းပုံဖော်ကြသည်။ ထင်ရှားသည့် ပြည်ထောင်စုနိုင်ငံအချို့မှာ အမေရိကန်ပြည်ထောင်စု၊ဂရိတ်ဗြိတိန် နှင့် ဂျာမဏီ နိုင်ငံတို့ဖြစ်ကြသည်။

နိုင်ငံတစ်နိုင်ငံ၏ အခြေခံ အချက်အလက်များ[ပြင်ဆင်ရန်]

နိုင်ငံ တစ်နိုင်ငံတွင် နိုင်ငံအား ထိရောက်စွာ အုပ်ချုပ်နိုင်သည့် အစိုးရတစ်ရပ်နှင့် ကာကွယ်ရေးအတွက် စစ်တပ် ရှိသည်။ ယေဘုယအားဖြင့် တူညီသော ယဉ်ကျေးမှု၊ ဘာသာစကားနှင့် အခြား အခြေခံ အချက်အလက်များကို လက်ခံ ထားရှိသော ပြည်သူလူထု ရှိသည်။ ထို့ပြင် ကိုယ်ပိုင် အမျိုးသားရေးဆိုင်ရာ ယဉ်ကျေးမှုစရိုက်လက္ခဏာများ လည်းအသီးသီးရှိကြသည်။ တိကျသော ပထဝီအရ သတ်မှတ်ထားသော မြေနေရာ ရှိသည်။ ထို့နောက်ဆုံး နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ဆက်ဆံရေး၌ အခြားနိုင်ငံများက အဆိုပါ နိုင်ငံတစ်နိုင်ငံ တည်ရှိနေပါသည်ဟု တရားဝင် အသိအမှတ်ပြုခြင်း ရှိစေရပေမည်။

မှီငြမ်း[ပြင်ဆင်ရန်]