တိသရဏဂမနိယ

ဝီကီပီးဒီးယား မှ

အရှင်တိသရဏဂမနိယထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်၏။ ခုနစ်နှစ်သားဖြင့် ရဟန္တာဖြစ်ခဲ့သူလည်း ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

ဝိပဿီဘုရားလက်ထက်[ပြင်ဆင်ရန်]

ဝိပဿီမြတ်စွာဘုရား ပွင့်တော်မူချိန် ဖြစ်၏။ ထိုအချိန်တွင် အရှင်တိသရဏဂမနိယထေရ်သည် အမိအဖတို့ကို လုပ်ကျွေးပြုစုနေသည့် လုလင် ဖြစ်၏။ ထိုအချိန်ကာလတွင် လူတို့၏ သက်တမ်းမှာ အနှစ်နှစ်သိန်း ရှိ၏။ လုလင်သည် အမိအဖတို့ကို လုပ်ကျွေးနေရသဖြင့် ရဟန်းအဖြစ်ကို မရပေ။ ထို့ကြောင့် ဝိပဿီမြတ်စွာဘုရား၏ လက်ယာရံအဂ္ဂသာဝကဖြစ်သည့် နိသဘရဟန်းထံတွင် သရဏဂုံသုံးပါး ဆောက်တည်ခံယူ၏။ ထိုသရဏဂုံကို အနှစ်တစ်သိန်း ဆောက်တည်ကျင့်သုံးခဲ့၏။[၁]

စည်းစိမ်တို့ကို ခံစားရခြင်း[ပြင်ဆင်ရန်]

သရဏဂုံသုံးပါးကို ဆောက်တည်ခဲ့သည့်အတွက် သေလွန်သော် များစွာသော အကျိုးကျေးဇူးတို့ကို ခံစားခဲ့ရ၏။ သေလွန်သည့်အခါတွင် တာဝတိံသာနတ်ပြည်သို့ ရောက်ခဲ့၏။ အကြိမ်ရှစ်ဆယ် သိကြားမင်းအဖြစ်ကို ရခဲ့၏။ ခုနစ်ဆယ့်ငါးကြိမ် စကြဝတေးမင်း ဖြစ်ခဲ့၏။ ပဒေသရာဇ်မင်းအဖြစ်မူ မရေတွက်နိုင်အောင် ဖြစ်ခဲ့၏။

ထိုကဲ့သို့ သရဏဂုံသုံးပါးကို ဆောက်တည်ခဲ့သည့် ဘဝမှစ၍ အရှင်တိသရဏဂမနိယထေရ်သည် မကောင်းသူတို့ ကျရောက်ရသည့် အပါယ်လေးဘုံသို့ လုံးဝမကျရောက်ခဲ့ရပေ။[၁]

ဂေါတမမြတ်စွာဘုရားလက်ထက်[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် သာဝတ္ထိပြည်တွင် ကြွယ်ဝချမ်းသာသော အမျိုး၌ လူဖြစ်၏။ တစ်နေ့သောအခါ ကလေးသူင်တို့ဖြင့် မြို့သို့ထွက်ကာ သွားရာ ရဟန်းတစ်ပါးနှင့် ကြုံကြိုက်၏။ ထိုရဟန်းသည် အရှင်တိသရဏဂမနိယထေရ်ကို သရဏဂုံပေး၏။ ထိုသို့ သရဏဂုံပေးသောအခါ အရှင်တိသရဏဂမနိယထေရ်သည် ယခင်ဘဝက ဆောက်တည်ခဲ့သည့် သရဏဂုံကို သတိရကာ ထိုနေရာတွင်ပင် အရဟတ္တဖိုလ်သို့ ရောက်လေ၏။ ထိုသို့ ရဟန္တာဖြစ်သည့်အချိန်တွင် အရှင်တိသရဏဂမနိယထေရ်သည် ခုနစ်နှစ်သား အရွယ်သာ ဖြစ်၏။ ထို့နောက် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းပြုလေ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ သုဘူတိဝဂ်