တာတက်ပွဲတော်

ဝီကီပီးဒီးယား မှ

တာတက်ပွဲတော်သည် ဓနုတောင်ရိုးတိုင်းရင်းသားတို့၏ ရိုးရာပွဲတော်များအနက် စိတ်ဝင်စားဖွယ် အကောင်းဆုံး ပွဲတော်တစ်ခုဖြစ်သည်။ တာတက်ပွဲသည် နှစ်သစ်ရက်ကို ပွဲတော်နေ့အဖြစ် ရာသက်ပန်သတ်မှတ်ထားသည်။ ပွဲတော်ကို သင်္ကြန်အတက်နေ့မှစပြီး ကဆုန်လပြည့်ကျော် ၅ ရက်နေ့အထိ တစ်ရွာပြီးတစ်ရွာ ဆက်တိုက်ကျင်းပကြသည်။ တာတက်ပွဲဟူသည်မှာ ရိုးရာနှစ်သစ်ကူးပွဲတော်တစ်ခုပင် ဖြစ်သည်။ မြေလတ်ဒေသတွင် နေထိုင်ကြသော ဓနု၊ တောင်ရိုး၊ ပအိုဝ်း တိုင်းရင်းသားများ မိမိတို့ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာရှိ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ကာ စုပေါင်းလှူဒါန်းပွဲပင် ဖြစ်သည်။ တစ်ရွာနှင့်တစ်ရွာ လက်စားချို၊လက်စားဆပ်(သူ့ရွာသွား ကိုယ့်ရွာလာ အပြန်အလှန်) စနစ်ဖြင့် ရှေးအစဉ်အလာမပျက် ရွာစဉ်ဆက်ကာ လှည့်လည် ကျင်းပကြခြင်း ဖြစ်သည်။


တာတက်ပွဲကျင်းပပုံမှာ မိမိတို့ရွာအတွက် ပွဲတော်ကျင်းပမည့်ရက်တွင် ရွာသူရွာသားများသည် သံဃာတော်များအား ဆွမ်း၊ ခဲဖွယ်များဆက်ကပ် လှူဒါန်းကြသည်။ သံဃာတော်များအတွက် အလှူဝတ္ထုများကို ပဒေသာပင်များတွင် သီးပေးကြသည်။ ပဒေသာပင်ကို ကြည်ညိုဖွယ်ရာဖြစ်အောင် ေဝဝေဆာဆာမွမ်းမံကြသည်။ မိမိတို့ခြံထွက်ဖြစ်သော သီနှံများကိုလည်း ပဒေသာပင်တွင်ချိတ်ဆွဲကြသည်။ ထိုသို့ ရွာတစ်ရွာတွင် တာတက်ပွဲကျင်းပလျှင် ၁၀-မိုင်၊၁၂-မိုင်ခန့်အတွင်းရှိ အခြားဓနု၊ တောင်ရိုး ကျေးရွားများကလည်း ထိုတာတက်ပွဲသို့လှူဖွယ်ဝတ္ထုများကို အိုးစည်ဝိုင်းများ အကအခုန်များဖြင့် ယူဆောင်လာပြီးလှူဒါန်းကြသည်။ ထိုသို့ လာရောက် လှူဒါန်းသည်ကို လက်စားချို သည်ဟုခေါ်သည်။ ထိုထိုရွာများမှ ထိုသို့လာရောက်လှူဒါန်းထားလျှင် ထိုထိုရွာတို့တွင် အလားတူ တာတက်ပွဲ ကျင်းပသောအခါတွင်လည်း မိမိတို့ရွာမှအိုးစည်ဝိုင်းများဖြင့် သွားရောက်လှူဒါန်းကြရသည်။ ထိုသို့ သွားရောက်လှူဒါန်းကြသည်ကို လက်စားဆပ် သည်ဟုခေါ်သည်။ ထိုကဲ့သို့သော တာတက်ပွဲများသည် လူကြီးသူမများအဖို့ ဘာသာရေး၊ သာသနာရေးသက်သက်ဖြစ်သော်လည်း လူငယ်လူရွယ်များအတွက်မူ လူမှုရေးကိစ္စများပါ သယ်ဆောင်လာသည်။ ထို့ပြင် လူပျို၊အပျိုတို့အဖို့ မိန်းမပိုးရန်၊ လူပျိုလှည့်ရန် အခွင့်အရေးအကောင်းဆုံး အချိန်အခါပင် ဖြစ်သည်။ ထိုဒေသရှိ အပျိုစင်များ အလှပြိုင်ကြသည့်ပွဲဖြစ်သည်သာမက အပျို၊လူပျိုများ ဆုံစည်းပေးရာပွဲလည်းဖြစ်သဖြင့် ကာလသားအမျိုးသား၊ အမျိုးသမီးများ တာတက်ပွဲသို့ မသွားစရမနေနိုင် သူ့ထက်ငါ အပြိုင်အဆိုင်သွားရောက်စုစည်းကြသော ဖူးစာဆုံပွဲ ဟုလည်းဆိုနိုင်သည်။ နှစ်ပေါင်းများစွာနွှဲလာကြပြီးသော အဖိုးအို၊ အဖွားအိုများပင် လူငယ်လူရွယ်များ၏ အိုးစည်သံ၊ မောင်းသံကြားရလျှင် အိုရာမှ ပျိုလာသကဲ့သို့ အားသစ်ခွန်သစ်များလည်း တိုးပွားလာကြသည်။ လုလင်ငယ်၊လုံမငယ်များအတွက်ကား ဆိုဖွယ်ရာမရှိ၊ ထို့ထက်အဆများစွာ ကဲပါလိမ့်မည်။ ထို့သို့ လက်စားချို၊လက်စားဆပ်စနစ်ဖြင့် ရောက်ရှိလာကြသောရွာများမှ အိုးစည်အဖွဲ့သားများ၊ရွာသူရွာသားများသည် မိမိတို့၏ လှူဒါန်းဖွယ်ရာများကို ကိုင်ဆောင်ပြီး နံနက် ၁၀ နာရီခန့်မှစပြီး တစ်ရွာပြီးတစ်ရွာ ကျောင်းနှင့်ဘုရားကို လင်္ကျာရစ်သုံးကြိမ် လှည့်လည်ကြသည်။ ထိုသို့ လှည့်လည်သည်ကို ပွဲတက်သည် ဟုခေါ်သည်။ လူပျိုများတလှည့် အပျိုများတလှည့် သံချပ်များ အပြိုင်ဆိုင် ထိုးကာ ကခုန်ပျော်ပါးကြသည်။ အိုးစည်ဝိုင်းအတွင်းသို့ မည်သူမဆို ဝင်ရောက်ကခုန်ခွင့်ရှိသည်။ ထိုသို့ကခုန်ပြီးသောအခါ ပွဲတော်ကြီး ပြီးဆုံးလေတော့သည်။