တည်ပင်
တည်ပင်သည် အက်ဗနီပင်မျိုးဖြစ်သည်။ ရုက္ခဗေဒ အလို အားဖြင့် ‘ဒိုင်အော့စပိရော့’(Diospyros) မျိုးစိတ်ဖြစ်၍ ‘အက်ဗိနေစီအီး’မျိုး ရင်းတွင် ပါဝင်သည်။ အဓိကအားဖြင့် တည်ပင်မျိုးပေါင်း ၃ မျိုးရှိသည်။ သို့သော် တစ်မျိုးနှင့်တစ်မျိုးမှာ ဆင်တူယိုးမှား ဖြစ်သည်။ အရှေ့တိုင်းများတွင် စိုက်ပျိုးကြသော တည်ပင် တစ်မျိုးကို ‘ဒိုင်အော့စပိရော့ကာကီး’(Diospyros kaki)ဟုခေါ်သည်။ အထူးအား ဖြင့် ယင်းကို တရုတ်နိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသ များတွင် စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံတွင်လည်း စိုက်ပျိုးကြ သည်။ တည်သီးများကို အင်းဝခေတ်က တရုတ်နိုင်ငံမှ အမြောက်အမြား တင်သွင်းခဲ့သည်ဟုဆိုသည်။ ထိုတည်ပင်မျိုး ကို ပြင်သစ်နိုင်ငံတောင်ပိုင်းနှင့် အမေရိကန်ပြည်ထောင်စု တို့၌လည်း စိုက်ကြသည်။
ထိုတည်ပင်များ၏ အရွက်မှာကြီး၍ တောက်ပသော အစိမ်း နက်ရောင်ရှိသည်။ အပွင့်အရောင်မှာ စိမ်းဝါဝါဖြစ်သည်။ အသီး သည် ခရမ်းချဉ်သီးနှင့် ပုံသဏ္ဌာန်တူသည်။ အရောင်မှာ အဝါမှ အနီအထိ အမျိုးမျိုးရှိသည်။ ကောင်းစွာမှည့်မှပင် စား၍အရသာ ရှိသည်။ တည်သီးကို လတ်လတ်ဆတ်ဆတ်ဖြစ်စေ၊ အခြောက် လှန်း၍ဖြစ်စေ၊ ယိုထိုး၍ဖြစ်စေ စားကြသည်။
အမေရိကန်ပြည်ထောင်စုတွင် အရိုင်းပေါက်သော ‘ဒိုင်အော့စပိရော့ ဗာဂျင်နီအားနာ’(Diospyros virginiana)ခေါ် တည်ပင်မျိုးရှိသည်။ ထိုတည်ပင် မျိုးသည် ပေပေါင်း ၃၀ မှ ၅၀ အထိမြင့်သည်။ အရွက်မှာ ငှက်ပျောဖူးပုံသဏ္ဌာန်ရှိသည်။ အသီးများမှာ အချင်း လက်မ ဝက်မှ ၂ လက်မအထိရှိသည်။ အသီးထဲရှိအသားသည် လိမ်မော်ဝါရောင်ရှိ၍ အစေ့များပါရှိသည်။ မမှည့်မီ အလွန် တစ်ရာဖန်၏။ မှည့်လာသောအခါ အနံ့အရသာ အထူးကောင်း ပေသည်။ ထိုတည်ပင်၏အသားမှာ ကျစ်လစ်၍မာသည်။
ရက်ကန်းလွန်းနှင့် ဂေါက်သီးရိုက်တံများ ပြုလုပ်ရာတွင် အသုံး ပြုကြသည်။ မြန်မာနိုင်ငံ၌လည်း သစ်သားကောင်းရနိုင်သော တည်ပင်မျိုးများရှိသည်။
‘ဒိုင်အော့စပိရော့လိုတပ်’(Diospyros lotus)ဟုခေါ်သော တည်ပင်တစ် မျိုးကို အီတလီနိုင်ငံနှင့် အရှေ့တိုင်းနိုင်ငံများတွင် စိုက်ကြ သည်။ မြန်မာနိုင်ငံ၌လည်း ထိုတည်ပင်မျိုးကို တွေ့ရသည်။ [၁]
ကိုးကား[ပြင်ဆင်ရန်]
- ↑ မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)
See also[ပြင်ဆင်ရန်]
![]() |
Wikimedia Commons တွင် Diospyros နှင့် ပတ်သက်သော မီဒီယာ ရှိသည်။ |
![]() |
ဝီကီမျိုးစိတ်တွင် Diospyros နှင့် ပတ်သက်သော အချက်အလက်များ ရှိသည်။ |