တစ်ကောင်ဘွား

ဝီကီပီးဒီးယား မှ
လှော်ထားပြီးသော တစ်ကောင်ဘွား ကော်ဖီစေ့များ

တစ်ကောင်ဘွား (အင်္ဂလိပ်: Peaberry) ဆိုသည်မှာ အထူးတန်းဝင် ကော်ဖီစေ့တစ်မျိုး၏ အမည် ဖြစ်သည်။ စပိန်ဘာသာဖြင့် caracolillo ဟု ခေါ်သည်။ ပုံမှန်အားဖြင့် ကော်ဖီသီး (ကော်ဖီချယ်ရီ)​ များတွင် မျိုးအောင်သော ကော်ဖီစေ့ နှစ်စေ့ ပါဝင်လေ့ရှိပြီး အချို့သော ကော်ဖီသီးများထဲတွင် တစ်ကောင်ဘွားဖြစ်မည့် ကော်ဖီစေ့ တစ်စေ့သာ အောင်နေတတ်သည်။ တစ်ကောင်ဘွား ကော်ဖီစေ့များသည် ပုံမှန်ကော်ဖီစေ့များထက် ပိုမိုလုံးဝန်းပြီး ပြည့်ဝိုင်းသော ပုံသဏ္ဌာန်ရှိသည်။ ပုံမှန်ကော်ဖီစေ့များသည် ကော်ဖီသီးထဲတွင် မျက်နှာချင်းဆိုင် ဖွံ့ဖြိုးခဲ့ရသဖြင့် မျက်နှာပြင်ဘက် ပြားချပ်ပြီး ကျောဘက်တွင်သာ ခုံးသည်။ ကော်ဖီတစ်ပင်တွင် ထွက်သမျှကော်ဖီသီးထဲမှ ငါးရာခိုင်နှုန်းခန့်သာ တစ်ကောင်ဘွားကော်ဖီစေ့ ထွက်နိုင်သည်။

လှော်ခြင်း[ပြင်ဆင်ရန်]

တစ်ကောင်ဘွားကော်ဖီစေ့များကို လှော်ပုံလှော်နည်းသည် ပုံမှန်ကော်ဖီစေ့များကဲ့သို့ မဟုတ်ပါ။ ပုံမှန်ကော်ဖီစေ့များနှင့် ကွဲပြားသော ပုံသဏ္ဌာန်ကြောင့် ရောလှော်လျှင် အကျက်မညီမှု ဖြစ်ပွားစေသဖြင့် ရွေးထုတ်ပြီး သီးသန့်လှော်ရသည်။ ပုံမှန်ကော်ဖီစေ့များကဲ့သို့ ပြားချပ်သည့်မျက်နှာပြင် မရှိဘဲ ပိုမိုလုံးဝန်းသည့်အတွက် လှော်အိုးထဲတွင် လွတ်လပ်စွာလိမ့်နိုင်ပြီး အလွယ်တကူ အကျက်ညီညာသည်။ လှော်ပြီးချိန်တွင် ပိုမိုထူးကဲသော ကော်ဖီအနံ့အရသာ ထွက်ပေါ်လာစေသည် ဟု သိရသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]