တင်ရွှေ၊ ဦး (မုံရွာ)

From ဝီကီပီးဒီးယား
Jump to navigation Jump to search

၁၉၃ဝ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့တွင် အဘ ဦးဘတိုး၊ အမိ ဒေါ်သောင်းစိန်တို့မှ မုံရွာမြို့နယ် ကိုးတန်း (ခိုးသန်း) ရွာတွင် မွေးဖွားခဲ့သည်။ ၁၉၅ဝ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်တွင် ပညာ သင်ကြားခဲ့သည်။ မန္တလေးတက္ကသိုလ် ကျောင်းသား ခေါင်းဆောင်ဟောင်းလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းရာမှာ တတ်သိပညာရှင်အဖွဲ့ကနေ ပါဝင်ခဲ့ပြီး ဗဟို ကော်မတီဝင်တဦး အဖြစ်နဲ့ မန္တလေးတိုင်း စည်းရုံးရေးမှူး အဖြစ် တာဝန် ယူခဲ့သူ ကွယ်လွန်သူ မုံရွာ တင်ရွှေရဲ့ ရုပ်ပုံလွှာကို ဖွဲ့နွဲ့ထားတဲ့ ဆရာ မောင်စွမ်းရည် ရဲ့ “ဒို့ သူငယ်ချင်း၊ ဒို့ ခေါင်းဆောင် မုံရွာ တင်ရွှေ” ကို မိုးမခ ကွန်ရက် စာမျက်နှာ ကနေ ပြန်လည် ကူးယူ ဖော်ပြ လိုက်တာ ဖြစ်ပါသည်။ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး၊ ကျောင်းသားတပ်မတော်က ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ ဒေါင်းအိုးဝေ၊ အတွဲ (၁)၊ အမှတ် (၂)၊ ဇွန်လ ၁၉၉၇ မှာ ပါတဲ့ “ဦးတင်ရွှေ (မုံရွာ) ၏ အတ္ထုပ္ပတ္တိ အကျဉ်းချုပ် [၁၉၃ဝ - ၁၉၉၇] ကိုပါ ကောက်နှုတ်သည်။


ဦးတင်ရွှေ (မုံရွာ) ၏ အတ္ထုပ္ပတ္တိ အကျဉ်းချုပ် [၁၉၃ဝ - ၁၉၉၇][edit]

၁၉၅ဝ ခုနှစ်မှ ၁၉၅၈ ခုနှစ် အတွင်း ရန်ကုန်နှင့် မန္တလေး ကျောင်းသား လှုပ်ရှားမှုတွင် ရှေ့တန်းမှ ပါဝင် လှုပ်ရှားခဲ့သည်။ မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်လည်း ဖြစ်သည်။ ၁၉၆၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘီအေဘွဲ့ ရခဲ့သည်။

၁၉၆ဝ မှ ၇၆ ခုနှစ်အထိ သံရုံးတရုံးတွင် ဘာသာပြန် အယ်ဒီတာ အဖြစ် ဝင်ရောက် လုပ်ကိုင်သည်။ ၁၉၆ဝ မှ ၆၃ ခုနှစ်များ အတွင်း ဆရာကြီး သခင် ကိုယ်တော်မှိုင်း ဦးဆောင်ခဲ့သော ပြည်တွင်း ငြိမ်းချမ်းရေး အဖွဲ့တွင် ပါဝင်ခဲ့ပြီး အတွင်းရေးမှူး အဖွဲ့ဝင် တဦး ဖြစ်ခဲ့သည်။ ရန်ကုန်ခရိုင် ပြည်တွင်း ငြိမ်းချမ်းရေး အဖွဲ့၏ အတွင်းရေးမှူး တာဝန်ယူခဲ့သည်။ ဆရာကြီး သခင် ကိုယ်တော်မှိုင်း နှင့် အတူတွဲလုပ်ရာမှ ဆရာကြီး အတ္ထုပ္ပတ္တိကို ရေးသားရန် ကြိုးစား အားထုတ်ပြီး ဆရာကြီး အကြောင်း ဆောင်းပါး အများအပြား ရေးသားခဲ့သည်။

ရှေ့နေ လောကတွင် ကျော်ကြားသော ပုဂ္ဂိုလ် တဦးဖြစ်၍ ရှေ့နေ အသင်းတွင် ဒု-ဥက္ကဋ္ဌ ဖြစ်သည်။ မုံရွာ တင်ရွှေ အမည်ဖြင့် ‘ပြစ်မှုဆိုင်ရာ ဥပဒေ’ စာအုပ်ကို ရေးသား ပြုစုခဲ့သည်။

မဆလခေတ် ၁၉၈၃ - ၈၄ မှာ နိုင်ငံရေး အကျဉ်းသားတွေ အဖမ်းဆီး ခံရတဲ့အခါတွင် (ပဲခူးရိုးမက ရောက်လာတဲ့) ရဲဘော် အားလုံးရဲ့ တရားခံ အကျိုးဆောင် အဖြစ် တရားရုံးတော်မှာ ရဲဝ့ံပြောင်မြောက်စွာနဲ့ တိုက်ပွဲဝင်ခဲ့တဲ့ ပြည်သူ့ ဘက်တော်သား တစ်ဦး ဖြစ်ပါသည်။

၈၈ ရှစ်လေးလုံး အရေးတော်ပုံတွင် စစ်ပြီးခေတ်နှင့် လွတ်လပ်ရေး ရပြီးခေတ် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်ဟောင်းများနှင့် လက်တွဲပြီး တိုက်ပွဲဝင်ခဲ့သည်။ မြန်မာနိုင်ငံ ရှေ့နေ အသင်းမှာလည်း တိုက်ပွဲဝင်ခဲ့သည်။

NLD စတင် တည်ထောင်စဉ်က ဗဟို ဦးစီးအဖွဲ့ဝင် တဦးဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အတတ်ပညာရှင် ၁၄ ဦးတွင် တဦး အပါအဝင် ဖြစ်သည်။ မန္တလေးတိုင်း NLD တာဝန်ခံ ဖြစ်ပြီး၊ အဖွဲ့ချုပ်၏ တာဝန်များကို တက်ကြွစွာ ထမ်းဆောင်ခဲ့သည်။

၁၉၉ဝ ခုနှစ်၊ စက်တင်ဘာလတွင် ပြည်သူလူထုအား မငြိမ်မသက် ဖြစ်စေရန် လုပ်ဆောင်မှုနှင့် စင်ပြိုင် အစိုးရ ဖွဲ့စည်းရန် ကြိုးပမ်းမှုတို့ကြောင့် နဝတက ထောင်ချခဲ့သည်။ ထောင်ဒဏ်ကို နောက်ပိုင်းတွင် နဝတက ထပ်၍ တိုးခဲ့သည်။ ဦးတင်ရွှေအား မည်သည်ထောင်တွင် ထားသည်ကို မသိခဲ့ရချေ။ ၁၉၉၇ ခုနှစ် အတွင်းတွင် နှလုံးရောဂါကြောင့် ၂ ကြိမ်တိုင်အောင် ဆေးဝါး ကုသ ပေးခဲ့ရသည်ဟု နဝတက ထုတ်ဖော် ပြောဆိုခဲ့သည်။

ဤသို့ နဝတ စစ်အာဏာရှင်များ၏ ဖမ်းဆီး ထောင်သွင်း အကျဉ်းချထားခြင်း ခံနေရာက ၁၉၉၇ ခုနှစ်၊ ဇွန်လ ၈ ရက် တနင်္ဂနွေနေ့တွင် ဦးတင်ရွှေ (မုံရွာ) သည် အသက် ၆၇ နှစ် အရွယ်တွင် ရန်ကုန် ဆေးရုံကြီး၌ သူရဲကောင်း ပီသစွာ ကျဆုံးသွားခဲ့သည်။

ဒို့ သူငယ်ချင်း၊ ဒို့ ခေါင်းဆောင် မုံရွာ တင်ရွှေ[edit]

မုံရွာ တင်ရွှေ ဆိုတာ အများ ပေးတဲ့ ကလောင် နာမည်ပါ။ ကျနော်တို့က အမည်ရင်း အတိုင်း ‘ကိုတင်ရွှေ’ လို့ဘဲ ခေါ်ပါတယ်။ သူကလဲ ကျနော့်ကို နာမည်ရင်း အတိုင်း ‘ကိုဝင်းဖေ’ လို့ပဲ ခေါ်ပါတယ်။ သူက မုံရွာက ဆိုပေမယ့် ကျနော် မန်းတက္ကသိုလ်ကို ရောက်တဲ့ နှစ်မှာ ရန်ကုန် တက္ကသိုလ်က ပြောင်းလာ တာပါ။ ကျနော်က မြင်းခြံက ဆယ်တန်း အောင်လာ ခဲ့တာပါ။ သူ ဘယ်ဘာသာ ယူလို့ ဘယ်အတန်းတွေ တက်နေမှန်း ခု စာရေးမယ်လို့ စဉ်းစားတော့မှ တယောက်နဲ့ တယောက် ကျောင်းစာ ကိစ္စတွေ ဘာမှ မပြော ခဲ့ဖူးတာကို ပြန်ပြီး စဉ်းစား မိပါတယ်။

ကျောင်းသားက ကျောင်းစာ မပြောရင် ဘာပြောကြသလဲ ဆိုတော့ ကျောင်းသား ဘဝနဲ့ ပညာရေး ဘဝ နိမ့်ကျ နေပုံ၊ နယ်တွေမှာ မိဘတွေက ပြည်တွင်း စစ်ဒဏ်ကြောင့် ဒုက္ခ ရောက်နေ ကြပုံတွေ ကိုပဲ ဆွေးနွေး မိကြ ပါတယ်။ စစ်တပ်မှာ တပ်ရင်း တခုရဲ့ စားရိတ်က မကွေး ကောလိပ်လို ကောလိပ်ကျောင်း တကျောင်းရဲ့ စားရိတ်ထက် ကုန်ကျ နေပါတယ်။ ပညာရေး စရိတ်ထက် စစ်ရေး စရိတ်က ကြီးလေးနေပါတယ်။ ပြည်တွင်းစစ် ဒဏ်တွေကြောင့် ဖြစ်ရတာ တွေပါ။

မုံရွာသား တယောက်ကို တွေ့ရင် အခြား တယောက်ဟာ မြင်းခြံသား ဖြစ်ဖို့ များပါတယ်။ မြင်းခြံသား တွေနဲ့ မုံရွာသားတွေ အတွဲ များပါတယ်။ စရိုက် တွေလည်း တူကြပါတယ်။ ရန်ကုန် တက္ကသိုလ် ရောက်သွားရင် မုံရွာ - မြင်းခြံသား တွေဟာ ရန်ကုန်က ကျောင်းသား တွေနဲ့ နေထိုင် ဆက်ဆံပုံ ခြားနား ကြတာတွေ ပိုပေါ်လွင် ပါတယ်။ ကိုတင်ရွှေက ရုပ်ရော စရိုက်ပါ အညာသား ပုံစံပါ။

အောက်သားတွေက ကျနော်တို့ကို အလက်စန္ဒြားဒူးမားရဲ့ ‘သူရဲကောင်း သုံးယောက်’ ဝတ္ထုထဲက ‘ဂေါ်စတွန် နယ်သားတွေ’ လို့ ခေါ်လေ့ ရှိပါတယ်။ အင်္ဂလိပ်လို ပြောတော့ ခံသာတာပေါ့။ အမှန်ကတော့ တောက တက်လာတဲ့ လူလည်တွေလို့ ပြောတာပါပဲ။ ကိုတင်ရွှေက အသားညိုညို၊ အရပ် ခပ်ပျပ်ပျပ်၊ မျက်မှန်နဲ့ပါ။ ဗိုလ်အောင်ကျော် ရုပ်မျိုးပါ။ မျက်နှာမှာ ပြုံးယောင်ယောင် ရှိပေမဲ့ ဟက်ဟက်ပက်ပက် ရယ်ခဲ ပါတယ်။ ကျနော်တို့ အတူ သွားလာ နေပေမဲ့ ကိုသာနိုး၊ ကိုဘဂျမ်း (တင်မိုး)၊ ကိုမိုးသူ တို့နဲ့ ကျနော်တို့ နေသလို ဖက်လှဲတကင်း နေလေ့ မရှိပါဘူး။

မုံရွာသား တော်တော်များများက အဆို အက အတီး အမှုတ်၊ အဟော အပြော ဝါသနာ ထက်သန် ကြပါတယ်။ ကိုတင်ရွှေ တယောက် ကတော့ အဲဒါတွေ ဘာမှ မလုပ်ပါဘူး။ ဒါပေမဲ့ စိတ်ထိခိုက် လွယ်ပြီး ခံစားမှု ပြင်းပါတယ်။ မန်း တက္ကသိုလ် အကြိုပွဲတော်မှာ ကျယ်ကျယ်ပြန့်ပြန့်နဲ့ လူစုံ တက်စုံ ပါစေချင် လို့တဲ့ …။ ပွဲဆပ်ကော်မတီ တွေမှာ ဆိုရှယ်လစ် ကျောင်းသား ဒီအက်စ်အို တွေကို သူက ဖိတ်ခေါ် ထည့်သွင်း ထားပါတယ်။ သဘောတရား အရ ကောင်းပါရဲ့။ ဒါပေမဲ့ အလွန် အရေးကြီးတဲ့ အချိန် မျိုးတွေမှာ အကျပ် ကိုင်ပြီး ပွဲပျက်အောင် လုပ်တာမျိုး ခံရတော့ သူမျက်ရည် ကျပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ဗိုလ်အောင်ကြီး ခလောက် ဆန်ပြီး ဒေါ်စုကို ဝန်းရံနေတဲ့ ကွန်မြူနစ် တွေကို ထုတ်ပေး ရမယ်လို့ ညီညွှတ်ရေး ပျက်မတတ် လုပ်ကြံ ခံရတဲ့ အခါ မှာလဲ သူခံပြင်းပြီး မျက်ရည် ကျခဲ့ ရှာတယ်လို့ ကြားသိ ရပါတယ်။ ခု ဒါတွေ ပြန်တွေးမိတော့ လူထု အပယ်ခံ တွေကို ကိုယ်က သဘောထား ကြီးကြီးနဲ့ မြောင်းပုပ်ထဲက ဆယ်တင် ခဲ့ပေမဲ့ အဆယ် မတော်ရင်လဲ ဒုက္ခ ပေးတတ် ပါကလားလို့ သင်ခန်းစာ ယူမိ ပါတယ်။

ကျနော်တို့ ဗိုလ်အောင်ဆန်းဟာ ဗမာ့ သမိုင်းမှာ ဘေးရောက် သွားတဲ့ ပုဂ္ဂိုလ်ကျော် တွေကို ဗမာ့ လွတ်လပ်ရေး အတွက် သဘောထား ကြီးကြီးနဲ့ ပြန်လည် သိမ်းသွင်း ခဲ့ဖူးတယ်။ ဒေါက်တာ ဘမော် ဆိုရင် သခင် အောင်ဆန်း အတွင်းရေးမှူး လုပ်တဲ့ တို့ဗမာ အစည်းအရုံးကြီးက ၁၃ဝဝ ပြည့် အရေးတော်ပုံကြီးမှာ “ဒေါက်တာ ဘမော် အို့ - အို့၊ မီးဒုတ် မီးဒုတ် ရှို့ - ရှို့” လို့အော်ပြီး ဖြုတ်ချ ခဲ့တာပါ။

ဘကြီး ဘဖေ ဆိုရင် ဆရာကြီး မှိုင်းက “တောင်ကျရေ နွားနှစ်ကောင် မဝ သလိုပ၊ မောင်ဘဖေ ငါးထောင် ရသောကြောင့်” လို့ ကော်တုပ် ခံခဲ့ရပြီး ဝံသာနု အရေးတော်ပုံကြီးရဲ့ ဘေးကို ရောက်သွား သူပါ။ ဦးဘဖေဟာ အခွင့်အရေးတွေ အလွဲသုံးစား လုပ်တာ လက်ပူး လက်ကြပ် လုပ်တာ အမိ ခံခဲ့ရလို့ ဗိုလ်ချုပ် အောင်ဆန်း ကပဲ ထုတ်ပယ် ပစ်ခဲ့ရ ပါတယ်။

ဒေါက်တာ ဘမော် ကတော့ မဆိုးပါဘူး။ ဖက်ဆစ် တော်လှန်ရေး လုပ်ကြတာကို သိပေမယ့် လုံးဝ သစ္စာ မဖောက်ခဲ့ ရှာပါဘူး။ သဘောထား ကြီးတဲ့ အလုပ်တွေဟာ ကောင်းပေမယ့် သတိကြီးကြီး ထားရမှာပါ။ ဒုက္ခ ပေးရင် ဗိုလ်အောင်ကြီးလို လူတွေက အလွန် ဆိုးပါတယ်။ ကိုတင်ရွှေ မျက်ရည် ကျခဲ့ရ လောက်အောင် ဆိုးခဲ့တာ ခုတော့ သမိုင်းက ရက်တိုတိုလေး အတွင်းမှာပဲ ဘယ်သူ ဘီလူးမ၊ ဘယ်သူ မိခင်ရင်း ဆိုတာ ခွဲခြား ပြသွား ခဲ့ပါပြီ။

ကိုတင်ရွှေမှာ တခု ထူးခြားတာက ကျနော်တို့နဲ့ တွဲနေတုန်းက တွေ့မြင်ရ သလောက် ဆိုရင် လုံးဝ အသောက်အစား အပျော်အပါး မရှိ၊ လူကြီးဆန်ဆန် နေတတ်တဲ့ စရိုက်ပါပဲ။ သူနဲ့ ကိုသာနိုးနဲ့ ဆိုရင် ရွယ်တူတွေပါ။ တခါတလေ ကိုသာနိုးက သူ့ကို ‘ဘော်ရွှေ’ လို့ အမှတ်မထင် ခေါ်လိုက် တတ်ပါတယ်။ “ဘာလဲဗျ ဘော်ရွှေ ဆိုတာ …” လို့ ကျနော်တို့ မေးတော့ နှစ်ယောက်လုံး စပ်ဖြဲဖြဲပဲ လုပ်နေ ကြပါတယ်။ ဘေးလူ တယောက်က “ဘော်လ်ရှီဗစ် တင်ရွှေ …” ပေါ့ဗျာလို့ ဝင်ဖြေ ပါတယ်။ ဟုတ်လေသလား မသိပါ။ ရွယ်တူ သူငယ်ချင်းတွေ ဖြစ်ပေမယ့် ကိုသာနိုးနဲ့ ကျနော်တို့၊ တကသရဲဘော်၊ တပ်ဦး ရဲဘော်တွေကို ကိုတင်ရွှေက ဆူပူ ကြိမ်းမောင်း တတ်တာတွေ ရှိပါတယ်။

တခါက တန်ဆောင်မုန်း လပြည့်ည ပွဲတော်တခုမှာ ကျနော်တို့ တတွေ စစ်ကိုင်း တောင်ရိုးမှာ ခပ်ထွေထွေနဲ့ သီဆို ကခုန် နေကြ ပါတယ်။ ကိုတင်ရွှေနဲ့ ကိုဘဂျမ်း (တင်မိုး) တို့က မသောက်မစားတဲ့ လူမင်းသားတွေပါ့။ ကျနော်တို့ကို ဆူပူ ကြိမ်းမောင်းပြီး ထမင်းဆိုင်မှာတောင် ကျနော်တို့နဲ့ အတူမစားပဲ တခြား စားပွဲမှာ ခွဲစား ပါတယ်။

တက္ကသိုလ် တွေမှာ အဲဒီတုန်းက ကျောင်းသား ညီညွှတ်ရေး တပ်ဦး (Student United Front - အတိုကောက် SUF) ဆိုတာ ရှိပါတယ်။ ကိုတင်ရွှေက တခါတလေ ရန်ကုန်မူနဲ့ ဆပ်ဖ်လို့ပြောရင် ဘာပြောမှန်း မသိလိုက် ပါဘူး။ ကျနော်တို့က ကျောင်းသား သစ်တွေကိုး။ တဖက်က ခေါ်တာက မြေပေါ် ကွန်မြူနစ် (ပမညတ အဖွဲ့) က မွေးထားတဲ့ ကျောင်းသားတွေတဲ့။ ကျနော့်ကိုတော့ ဘယ်အဖွဲ့ကမှ မွေး မမွေး မသိခဲ့ရိုး အမှန်ပါ။ ကိုယ်မသိဘဲနဲ့ အမွေး ခံနေရ သလားတော့ မသိပါ။ ဒါပေမဲ့ စစ်စုံထောက် မှတ်တမ်း တွေမှာတော့ အမှန်အတိုင်း ပါနိုင် ပါတယ်။

တခြား တဖက်မှာ ရွေးကောက်ပွဲ အမြဲ ရှုံးနေတဲ့ အတိုက်အခံ အဖွဲ့အစည်း ကတော့ (Democratic Student Organization အတိုကောက် DSO ) ပါတဲ့။ ဖဆပလ အစိုးရ အဖွဲ့ထဲက ဆိုရှယ်လစ်တွေ မွေးထားတာလို့ အဆို ရှိပါတယ်။ ဒါတွေ အားလုံး အကြောင်းကို မောင်သာရရဲ့ “ကျဉ်တုပ်ခံဝံ့၊ မခံဝံ့” ဝတ္ထုမှာ ဖတ်ကြည့် ပါလေတော့။

ကျနော် တက္ကသိုလ် ရောက်စက ကျောင်းသား သမဂ္ဂ ရုံးခန်း၊ ဝါးကပ် တဲလေးကို နေ့စဉ်လောက် သွားပြီး စာနယ်ဇင်းတွေ ဖတ်ပါတယ်။ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုအောင်ကျော်တို့ သမိုင်းနဲ့ ကျနော်တို့က ကြီးပြင်း လာခဲ့ရတာ မဟုတ်လား။ တကသမှာ ရုပ်ပုံဆိုလို့ သခင် ဗဟိန်းရဲ့ ပုံလေး တပုံပဲ ရှိပါတယ်။ ဒါပေမဲ့ ကျနော်က ကျေးတောသား တယောက် နတ်ကွန်း နတ်စင် သွားသလို သွားနေ ခဲ့တာပါ။ တကသ ရုံးခန်းမှာ တံမျက်စီး လှည်းတယ်။ သောက်ရေအိုး လှယ်တယ်။ စားပွဲကြီးပေါ်မှာ ဆေးတွေ၊ စုတ်တွေ ညစ်ပေ နေတာ တွေ့ရင် ဆေးကြော သန့်ရှင်းတယ်။ စုတ်တွေ ညစ်ပတ်အောင် အမြဲ လုပ်သူက ခုအခါ ပန်းချီဆရာ အမည်ခံနေတဲ့ ဒါရိုက်တာ မောင်မိုးသူပါ။

တကသထဲက လူတွေနဲ့လည်း ကျနော် ဘယ်သူနဲ့မှ မသိပါဘူး။ ထောက်လှမ်းရေး လုပ်နေ သလားလို့ အထင်ခံရ နိုင်တာလဲ ကျနော် သတိ မထားခဲ့ပါဘူး။ ဒါပေမဲ့ ကိုတင်ရွှေ တကသ အတွင်းရေးမှူး အရွေးခံရတဲ့ နှစ်မှာပဲ ကျနော်လဲ မယောင်မလည်နဲ့ တကသ စာကြည့်တိုက်မှူး ရာထူးကြီးကို ရလိုက် ပါတော့တယ်။ ၁၉၅၈ ရောက်တော့ မောင်သာနိုး၊ မောင်မိုးသူတို့နဲ့ တခါ အမှုဆောင် ထပ်ဖြစ် ပြန်ပါတယ်။ အဲဒီနှစ်က စစ်အစိုးရ စပြီးတက်တဲ့ အိမ်စောင့် အစိုးရ ခေတ်ဆိုတော့ ပွဲကြမ်းတဲ့ နှစ်ပါပဲ။

ကိုတင်ရွှေနဲ့ အမှုဆောင် အဖွဲ့မှာ ပါဝင် နေစဉ်မှာပဲ ပွဲတော်တွေ တော်တော်များများ ဖြစ်ပါတယ်။ အမှုဆောင်တွေ ဘယ်သူတွေ ဆိုတာ ကိုးကားစရာ နှစ်လည် မဂ္ဂဇင်း မရှိတော့ သိပ်မမှတ်မိတော့ဘူး။ မန္တလေး သီးခြား တက္ကသိုလ် အကြိုပွဲ၊ မန္တလေး ကောလိပ် ငွေရတုပွဲ၊ မန်းရာပြည့်ပွဲ (၁၉၅၉ - မောင်ပေါက်စည်၊ ဥက္ကဋ္ဌ၊ မောင်စွမ်းရည်က ရွေးကောက်ပွဲ အရာရှိ)။ ဒီပွဲတွေမှာ ရန်ကုန်က တေးရေး အဆိုတော် မြတ်လေး၊ စန္ဒရား ချစ်ဆွေ၊ အဆိုတော် မင်းနောင်၊ ပန်းချီောင်ငွေထွန်း၊ ဘောလုံးသမား ကောလိပ်ဂျင် နေဝင်း စတဲ့ ရဲဘော်များကို ကျနော်တို့က ဆက်တိုက် ဧည့်ခံ ကျွေးမွေးရလို့ သူတို့နဲ့ သိကျွမ်း ရင်းနှီးသွားခွင့် ကြုံခဲ့ပါတယ်။ သူတို့ ဆီကိုလဲ တခေါက်တပြန် ရောက်ခွင့် ကြုံပါတယ်။

ကျနော်တို့ အမှုဆောင် အဖွဲ့ဝင် တဦး အဖြစ် မှတ်မိ နေတာကတော့ မန္တလေး အမျိုးသားကျောင်း ဆရာဟောင်း၊ ဦးချစ်ရဲ့ သမီး ဆိုတဲ့ မမြဆွေပါပဲ။ ရန်ကုန် တက္ကသိုလ် ပညာရေး နှီးနှော ဖလှယ်ပွဲ သွားကြတော့လည်း အတူတူပဲ။ သူက ဘီအီးဒီ တက်ဖို့ ရန်ကုန် ပြောင်းသွားတော့ မမြသူလို့ နာမည် ပြောင်းသွားတယ်။ ကိုတင်ရွှေ မမြသူနဲ့ ဖူးစာဖက် သွားတော့ ကိုတင်ရွှေက “ဆွေ”၊ “မဆွေ” စသဖြင့် မူလ နာမည်နဲ့ပဲ ခေါ်တာ သတိ ထားလိုက် ခဲ့မိပါတယ်။ ဒါကြောင့် သူတို့ ဇနီးမောင်နှံဟာ နှစ်ယောက်လုံး ကျနော့် သူငယ်ချင်းတွေ ပါပဲ။

နောက်တော့ ကိုတင်ရွှေ တယောက် ရန်ကုန်ကို ပြန်ပြောင်း သွားပြန်တယ်။ ဥပဒေဘွဲ့ ဘီအယ်လ် တက်ဖို့ ဖြစ်မယ်။ ဟိုခေတ်က ကျောင်းသားကြီး တွေဟာ ကိုနု၊ ကိုအောင်ဆန်းတို့ အစဉ်အလာ အတိုင်း နိုင်ငံရေး ဆက်လုပ်ဖို့ ဥပဒေဘွဲ့ ယူလေ့ ရှိကြပါတယ်။ ဦးချမ်းအေး (မောင်စူးစမ်း)၊ ဦးဘကောင်း၊ ဦးကိုယု၊ ဆရာ မြသန်းတင့်၊ ဒေါ်မြင့်မြင့်ခင် စတဲ့ ကျောင်းသားတွေဟာ ဥပဒေ တက်ခဲ့ကြသူတွေပါ။ နောင်မှ သိရတာက ကိုတင်ရွှေဟာ ရန်ကုန် တက္ကသိုလ်မှာ ပထမ တကြိမ် တက်စဉ်ကပဲ နောင် “ပီသုံးလုံး” ခေါင်းဆောင် ဦးခင်မောင်မြင့်၊ အိမ်မဲ အမတ် ဖြစ်လာတဲ့ အဖွဲ့ချုပ် ဦးတင်ထွတ် (ခု ဩစတြေးလျ) တို့ဟာ ပင်းယဆောင်မှာ အတူ နေခဲ့ကြပြီး သဟာယနဲ့ စာဖတ်သင်းမှာ အမှုဆောင်တွေ အတူ လုပ်ခဲ့ ဖူးသတဲ့။ ကိုတင်ရွှေက အတွင်းရေးမှူးတဲ့။ သူတို့ တဖွဲ့လုံး ရှစ်လေးလုံးမှာ ပြန်ဆုံ ကြလေရဲ့တဲ့။

ကိုတင်ရွှေ ‘ရိုး … အ …’ ရာ မှာတော့ ရန်ကုန်၊ မန္တလေး တက္ကသိုလ် နှစ်ခုစလုံးမှာ ကျော်ကြား ခဲ့ပါတယ်။ “အညာသား အ တတ” ဆိုတဲ့ ပုံတို ပတ်စ မှန်သမျ မုံရွာသား ပုံပြင်လို့ နာမည်တပ်ပြီး ကိုတင်ရွှေကို ချစ်စနိုး နောက်ကြတာ ဖြစ်ပါတယ်။ အထူးသဖြင့် သူနဲ့ အနီးကပ် နေတဲ့ မင်းလှ ညွှန့်ကြူးက ဒီလို ပုံပြင်တွေကို တီထွင်ရာမှာ အာဝဇ္ဇန်း အရွှင်ဆုံးမို့ တကသ ခေါင်းဆောင်တွေက သိပ်မနောက် ပါနဲ့လို့ မေတ္တာ ရပ်ခံရဖူး ပါသတဲ့။ ကိုတင်ရွှေဖို့ “မုံရွာသား ပုံပြင် တပုဒ်” ကို ကျနော် ကြားဖူးတာ နမူနာ ပြောပြချင်ပါ သေးတယ်။

ကိုတင်ရွှေ တကသ ခေါင်းဆောင် အဖြစ်နဲ့ တရုတ်ပြည်က ဖိတ်ကြားလို့ သွားရဖူးတယ်။ နိုင်ငံခြား ခရီးသွား သူတွေရဲ့ ထုံးစံ အတိုင်း ဘောင်းဘီရှည် တထည်နဲ့ လည်စည်း တခု အဖတ်တင် ကျန်တယ်။ တနေ့တော့ အဲဒီ ဘောင်းဘီရှည် ဝတ်ပြီး နေဝင် ဆည်းဆာချိန်မှာ အင်းလျား ကန်ပေါင်အတိုင်း လမ်းလျှောက် ထွက်လာသတဲ့။ ရင်းနှီးတဲ့ ကျောင်းသူ တစုနဲ့ မျက်နှာချင်းဆိုင်မှာ တွေ့ကြတော့ “ဒို့ ရဲဘော်ကြီး ကိုတင်ရွှေ တယောက် ချောလို့ လှလို့ ပါလား …” လို့ နှုတ်ဆက်သတဲ့။ ဒီတော့ ကိုတင်ရွှေက “ချောမှာ လှမှာ ပေါ့ဗျာ၊ ဆီးစပ် အောက်မှာကိုး …” လို့ ပြန်ပြော လိုက်သတဲ့။ ဒီပုံပြင်လေးက ဟာသ မြောက်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ မန်းတက္ကသိုလ် ကျောင်းသားတွေ ရှေ့မှာ ပြောကြတော့ ကျနော်က ဖြည့်စွက် လိုက်ပါတယ်။ ဒီ အညာသား ကိုတင်ရွှေဟာ “ဆည်းဆာ” နဲ့ “ဆီးစပ်” တော့ မမှားနိုင်ဘူး။ အောက်သားတွေသာ စကား ပီသအောင် မပြောတတ်လို့ မှားနိုင်တာလို့။

နောက်တခု ခေတ်စားခဲ့တဲ့ ပုံပြင် တပုဒ် ကတော့ ကိုတင်ရွှေ ကိုယ်တိုင်လိုလို၊ သူ့ဘကြီး တယောက်လိုလို ဓားပြ အတိုက်ခံရတဲ့ အကြောင်း ပါပဲ။ ဇာတ်ကောင်က တရွာ တပုဒ်ဆန်း ဖြစ်နေပါတယ်။ တခါတုန်းက တောလမ်းတခု လူပြတ်တဲ့ နေရာမှာ မုံရွာသား ဦးကြီးတယောက် ဓားပြ တိုက်ခံရသတဲ့။ ဓားပြက သူ့ကိုယ်ပေါ်ကို အနှံ့ စမ်းသပ် နှိုက်ချွတ်ပြီး ပိုက်ဆံ ရှာပေမဲ့ မတွေ့တော့ စိတ်ပျက်တာနဲ့ “ဒီမုံရွာသားက မွဲလိုက်တာကွာ၊ ဘယာကြော် တကွင်း ဖိုးတောင် မပါဘူးဟ …” လို့ ထုတ်ဟ ပြောဆို လိုက်သတဲ့။ ဒီမှာတင် ဓားပြ တိုက်ခံရတဲ့ မုံရွာသားက မခံနိုင် ဖြစ်လာပြီး “အောင်မယ်၊ ကိုယ့်လူက ဓားပြ လုပ်ပြီး တယ်ညံ့တာကိုး။ ဖိနပ်ကြား ထဲမှ မရှာဘဲ၊ ဘယ်တွေ့ မလဲကွ …” လို့ ပြန်အော်သတဲ့။ မုံရွာသားရဲ့ မာနပေါ့လေ။ ငွေပါချင် ပါသွားပစေ။ သိက္ခာ ကျတော့ မခံဘူးတဲ့။ ဒါနဲ့ သူ့ငွေလည်း ဓားပြ လက်ထဲ ပါသွားရောတဲ့။ ဒီလို မုံရွာသား ပုံပြင်တွေ အများကြီးပါ။ ကိုတင်ရွှေ ရိုးတာလဲ အမှန်ပါပဲ။

ကိုတင်ရွှေ ရန်ကုန် ရောက်သွား ပြီးနောက် ကိုသာနိုး၊ ကိုတင်မိုးနဲ့ မေမြို့ မိုးကြည် တို့လည်း ရှေ့ဆင့် နောက်ဆင့် ဆိုသလို ရန်ကုန်ကို ပြောင်းသွား ကြတယ်။ သူတို့ အားလုံး လူထု သတင်းစာ နဲ့ရော အထက် ဗမာနိုင်ငံ စာရေးဆရာ အသင်းနဲ့ရော အဆက် မပြတ်ကြဘူး။ ကိုတင်ရွှေက (၁၉၆ဝ - ၁၉၆၃) အတွင်းမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေး အဖွဲ့မှာ အတွင်းရေးမှူး အဖွဲ့ဝင် ဖြစ်လာတယ်။ သူတို့က ဆရာကြီးကို ကမ္ဘာ့သတင်း၊ ဗမာ့ သတင်းတွေ ဖတ်ပြ ကြတယ်။ ဆရာကြီးရဲ့ မှတ်ချက် ဝေဖန်ချက်တွေ ကိုလည်း နာယူ မှတ်သား ကြတယ်။ ဆရာကြီး ဆီက ရှေးဟောင်း နှောင်းဖြစ်တွေနဲ့ နိုင်ငံရေး အမြင်၊ စာပေ အမြင်တွေလဲ မှတ်သား နာယူကြတယ်။ ဒါကြောင့် ကိုတင်ရွှေဟာ မှိုင်းဗေဒ ပညာရှင် တဦးလို့ အသိအမှတ် ပြုခံရ လောက်အောင် ဆရာကြီး အကြောင်း တွေကို သိကျွမ်း လာပြီး ဆောင်းပါးတွေ ရေးပါတယ်။

စာဆိုတော်နေ့မှာ မန္တလေး အနောက်ကျုံးထိပ်က၊ ဓမ္မဗိမာန်မှာ ကျင်းပတဲ့ စာတမ်း ဖတ်ပွဲမှာလဲ ဆရာကြီး သခင် ကိုယ်တော်မှိုင်းခေတ်၊ သခင် ကိုယ်တော်မှိုင်းစာ ဆိုတဲ့ စာတမ်း တစောင်ကို ၁၉၆၇ မှာ လာဖတ်တယ်။ သူများတွေ ရေးဖူးတာနဲ့ မတူပါဘူး။ ဆရာကြီးရဲ့ နိုင်ငံရေး အမြင်နဲ့ စာပေ အမြင် တွေကို စေ့ငု တင်ပြ ထားတယ်။ အဲဒီစာတမ်းဟာ ၁၉၆၈ မှာ သီးခြား စာအုပ်လေး ထွက်လာ ပါတယ်။ လူထု သတင်းစာ ကိုလဲ မှိုင်း စာပေ ဆောင်းပါးတွေ ပို့ပါတယ်။ ဒါလဲ ကိုတင်မိုးက စာအုပ်ကလေး ဖြစ်အောင် လုပ်ပေး ခဲ့ပါတယ်။ ကျနော်ရဲ့ ‘အနီနဲ့ အပြာ’ ကဗျာ စာအုပ် ထုတ်တဲ့ မန္တလေး သပြေ စာအုပ်တိုက်က ထုတ်ပေးတာပါ။

ကျနော် ရန်ကုန်ရောက်တဲ့ ၁၉ရဝ ခု နောက်ပိုင်းမှာ ကိုတင်ရွှေဟာ ဆရာကြီး သခင် ကိုယ်တော်မှိုင်းရဲ့ လေးချိုး ပေါင်းချုပ် တအုပ် ထုတ်ဖို့ ပြင်ဆင် ပြီးပါပြီ။ မှိုင်းရာပြည့် အထိမ်းအမှတ် အဖြစ် လေးချိုး ၁ဝဝ ရွေးချယ်ရာမှာ ဆရာကြီးရဲ့ ပြဇာတ်ခေတ်က စပြီး ရွေးချယ် ပါတယ်။ ဆရာကြီး မင်းသုဝဏ်က အနီးကပ် ညွှန်ကြားပြီး အမှာစာရော၊ ရာပြည့် အထိမ်းအမှတ် ကဗျာရော စာအုပ် ရှေ့ဆုံးက ထည့်ခွင့်ရလို့ အထူး ဂုဏ်ယူရမယ့် စာအုပ်ပါ။ ဆရာ ဒဂုန်တာရာနဲ့ စာပေဗိမာန် ဦးထင်ကြီးတို့ ကလဲ ကူညီ ပါတယ်။ သူ့ရဲဘော် မောင်သာနိုး၊ တင်မိုးနဲ့ မုံရွာ မောင်ရှင် တို့ကလဲ ကူညီ အားပေး ပါတယ်။ တပုဒ်ချင်းရဲ့ ရှေ့မှာ ဒီကဗျာကို ဘယ်တုန်းက၊ ဘယ်မှာ၊ ဘယ်လို ရေးခဲ့ပြီး ဘာအဓိပ္ပါယ် ရှိတယ် ဆိုတဲ့ မှတ်စု တိုလေးတွေ တခုစီ ထဲ့ပေးထားလို့ စီစဉ် ပြုစုရာမှာ အကောင်းဆုံး လေးချိုး ပေါင်းချုပ် စာအုပ် တအုပ် ဖြစ်လာ ခဲ့ပါတယ်။

လေးချိုး ပေါင်းချုပ် နှစ်အုပ် ထွက်ပြီးသားပါ။ ပထမ တအုပ်က ဆရာကြီး ကိုယ်တိုင်စုပြီး မောင်လှ မအမာတို့ ထုတ်ပေတော့လို့ ပေးအပ် ခဲ့တာပါ။ ရွှေကိုင်းသား ဦးသောဘိတက တည်းဖြတ် အမှာ ရေးတာပါ။ ဒါပေမဲ့ နှောင်းလူတွေ လေ့လာ နားလည်ဖို့ တပုဒ်စီ အတွက် မိတ်ဆက်စာ ကတော့ ကိုတင်ရွှေရဲ့ စာအုပ်ကျမှ ပါနိုင်တာပါ။ ဒုတိယ စာအုပ်မှာလဲ ပထမ စာအုပ်မှာထက် စုံသွားပေမဲ့ စီစဉ်ပုံမှာတော့ ကိုတင်ရွှေရဲ့ စာအုပ်ကို မမီပါဘူး။

ကိုတင်ရွှေဟာ ရန်ကုန်မှာ နေရင်း သူ့ခေတ်က ထုံးစံ အတိုင်း ဝမ်းရေးအရ ဆိုဗီယက် ပြန်ကြားရေး ဌာနမှာ ဝင်ရောက် လုပ်ကိုင်ပါတယ်။ အဲဒီ ကာလမှာ ဖဆပလ အစိုးရရဲ့ အဓိက အတိုက်အခံ အဖွဲ့က ပမညတပါ။ မြေပေါ် ကွန်မြူနစ် တွေလို့ ခေါ်လေ့ ရှိပါတယ်။ သူတို့ အဖွဲ့နဲ့ နီးစပ်သူတွေက အဲသလိုပဲ ရုရှား၊ တရုတ် စတဲ့ ကွန်မြူနစ် ပြန်ကြားရေး ရုံးတွေမှာ ဝင်ပြီး လုပ်လေ့ ရှိပါတယ်။ လင်းယုန် ဘဝင်း၊ မောင်လင်းယုန် (ရှမ်းပြည်)၊ ဦးဌေးမြိုင် (ဒဂုန်တာရာ မဟုတ်) စတဲ့ လက်ဝဲဂိုဏ်း စာရေး ဆရာတွေလည်း ဒီလိုပဲ ဝင်လုပ် ကြပါတယ်။ ရုရှားနဲ့ တရုတ် ကွန်မြူနစ်တွေ နှစ်ဂိုဏ်း ကွဲတော့ ဗမာပြည်မှာလဲ ဂယက် ရိုက်ပါတယ်။ ကျနော်တို့ ကိုတင်ရွှေက ဆိုဗီယက် ပြန်ကြားရေး ဌာနမှာ အလုပ်လုပ်ရင်း တရုတ် ကွန်မြူနစ် ခေါင်းဆောင် ချူအင်လိုင်းရဲ့ အတ္ထုပ္ပတ္တိ စာအုပ်ကို ဘာသာပြန် ထုတ်ဝေေတော့ အလုပ် ပြုတ်ပါတယ်။ ဒါပေမဲ့ လျော်ကြေး ရလိုက်တယ် လို့တော့ ကြားလိုက် ပါတယ်။ ချူအင်လိုင်း စာအုပ်က ရတဲ့ စာမူခနဲ့လား၊ လျော်ကြေး နဲ့လား မသိ၊ ခု အင်းစိန် နံ့သာကုန်း လမ်းမှာ ရှိတဲ့ အိမ်တဆောင်တော့ အဖတ် တင်လိုက် ပါတယ်။

ချူအင်လိုင်း စာအုပ်က ကျေးဇူးပြုတဲ့ အိမ်မှာပဲ ကိုတင်ရွှေ ကွယ်လွန်ခြင်း နှစ်လည် ဆွမ်းကပ်တဲ့ ပွဲများကို လုပ်လေ့ ရှိပါတယ်။ အဲဒီ အိမ်မှာပဲ အဘ သခင် အုန်းမြင့် ဆုံပေးလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့ ကဗျာ ဆရာများ ကဗျာ ကိစ္စ ကဗျာ အကြောင်း ဆွေးနွေး ကြတာတွေကို သတိရ မိပါတယ်။ ဗိုလ်ချုပ် တင်ဦးပါ စိတ်အား ထက်သန်စွာ ပါဝင် ဆွေးနွေးလို့ အံ့အား သင့်ရပါတယ်။ သူများ ထင်သလို နိုင်ငံရေး မဆွေးနွေး ကြဖူးပါဘူး။

ရန်ကုန်မှာ ကျနော် မကျန်းမာဘူး ကြားရင် အရင်ဆုံး ပေါက်လာ တတ်တာက ကိုတင်ရွှေပါ။ သင့်တော်ရာ ဆေးပုလင်း လေးတွေလည်း ပါလာ တတ်ပါတယ်။ ရှစ်လေးလုံး ကာလ မှာတော့ ကျောင်းသား သမဂ္ဂ အမှုဆောင်ဟောင်းတွေ အဖွဲ့ ဖွဲ့စည်းပြီး ပါဝင် လှုပ်ရှားကြလို့ အဲဒီ ကိစ္စ အတွက် သူ ကျနော့်ဆီ လာပါ သေးတယ်။ မန္တလေး တကသ ခေါင်းဆောင်ဟောင်း၊ မြင်းခြံ ကိုအောင်သူ ရန်ကုန် ဆင်းလာပြီး ဦးခင်မောင်မြင့်တို့ ကိုညိုဝင်း တို့နဲ့ ပီကျူ့ ဖွဲ့မယ် လုပ်တော့ ကျနော်နဲ့ တင်မိုးက ငြင်းလိုက်ကြောင်း၊ အုပ်စုဖွဲ့ပြီး အဖမ်းခံ သလို ဖြစ်မှာ စိုးကြောင်း ပြောပြ လိုက်ပါတယ်။

နောက်တခါ လာတော့ သူနဲ့အတူ ကျနော်တို့ ပါဝင်တဲ့ တကသ အမှုဆောင် အဖွဲ့ ဓာတ်ပုံ တခု ပေးသွား ပါတယ်။ သူပါတဲ့ အမှုဆောင် ဟောင်းများရဲ့ လှုပ်ရှားမှု တခုကို ကျနော် မသွားနိုင် ခဲ့ပါဘူး။ ကျနော်တို့ ဝဂ္ဂီ ရပ်ကွက်နဲ့ ကြံတော နာနတ်တော ရပ်ကွက် တုတ်တပြတ် ဓားတပြတ် ရန်ဖြစ် ကြပြီး ရက်ကွက် မီးတင်ရှို့မယ် ကြားလို့ ဘယ်မှ မထွက်နိုင် တော့ပါဘူး။ နောက်တော့ အဖွဲ့ချုပ်ရုံးကို မကြာမကြာ ရောက်ပါတယ်။ ကျနော် အစိုးရ အလုပ် မထွက်သေးလို့ အပြင် တာဝန်တွေပဲ ခိုင်းစရာ ရှိတာ ခိုင်းပါတယ်။ကိုဝင်းတင်၊ ကိုဝင်းခက်၊ ကိုတင်ရွှေ၊ ကိုမိုးသူ၊ ကိုဝံသ၊ ဦးချမ်းအေး၊ ကိုထွေးမြင့်၊ ဗိုလ်သော်က စတဲ့ အဖွဲ့ချုပ်ဝင်တွေ ရှိရာကို ကျနော် ရုံးမတက် သေးဘဲ သွားနေ ပါတယ်။ လိုအပ်တဲ့ စာအုပ် စာတမ်း တချို့ ရှာပေး ရပါတယ်။

ကိုတင်ရွှေနဲ့ ကိုကြီးကောင်း (တကသ ဘကောင်း)၊ ကိုသိန်းတင် စတဲ့ ရဲဘော် တော်တော်များများကို တော်ဘုရားလေး အိမ်မှာ အစုလိုက် ဆုံကြရ ဖူးတာ ကိုလည်း အမှတ်တရ ဖြစ်နေ ပါသေးတယ်။ ဒေါ်စု မိခင် ဒေါ်ခင်ကြည် ဈာပန ပို့ဆောင်ရင်း ဆုံမိ ကြတာပါ။ ဒေါ်ခင်ကြည် ရုပ်ကလာပ်ကို သီပေါ မဟေသီ စုဖုရားလတ်ရဲ့ ဂူသချုႋင်း ရှိရာ နယ်မြေ အတွင်းမှာ ဆရာကြီး သခင် ကိုယ်တော်မှိုင်း၊ ဦးသန့် တို့နဲ့ မြေတကွက် ထဲမှာ ဂူသွင်း သင်္ဂြိုဟ်ဖို့ ကိစ္စနဲ့ ရောက်ရှိ နေကြတာပါ။

ကိုတင်ရွှေက ရောက်ရာ အရပ်မှာ ဒေါ်စု ထူးချွန် ထက်မြက်ကြောင်းကို ပြောပြလေ့ ရှိပါတယ်။ မင်းသားကြီး တော်ဘုရားလေးက “မင်းသားနီ” လို့ သူ့ အသိုင်းအဝိုင်းက နာမည် ပေးလောက်အောင် စိတ်အား ထက်သန်တဲ့ မာက်စ်ဝါဒ ပီပီ ခုလို မေးပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က လူတန်းစား အမြင် ဘယ်လို ရှိသလဲ …” တဲ့။ ကျနော်က “မင်းသားကြီးရယ် ခုဟာက လူတန်းစား တိုက်ပွဲ မဟုတ်ပါဘူး။ ဒီမိုကရေစီ တိုက်ပွဲ မဟုတ်လား” လို့။ ကိုတင်ရွှေက ကျနော့်ကို “ဒေါ်စုက သူ့ဖခင် အကြောင်း ရေးထားတဲ့ စာအုပ် တအုပ် ရှိတယ် ပြောတယ်၊ ဖတ်ဖူး ကြသလား …” တဲ့။ ကျနော် မနှစ်က (၁၉၈၇) ဖတ်လိုက်ရ ပါတယ်။ ကျနော်နဲ့ ကိုသာနိုး ဒီအကြောင်းတွေ ရေးပြီး ပါပြီ။ ကိုသာနိုးက “သမီးရေးတဲ့ အဖေ အကြောင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကိုဝံသရဲ့ အတွေးအမြင် စာစောင်မှာ ရေးတယ်။ ကျနော်က “အမေ ဒေါ်ခင်ကြည်ကို တွေ့ဆုံပြီး သင့်ဘဝမှာ ရေးတယ်လေ …” ဆိုတော့ ကိုတင်ရွှေက စိတ်ဝင်တစားနဲ့ “သူ့ အဖေ ကွန်မြူနစ် ကလာပ်စည်း ဖွဲ့တဲ့ အကြောင်း ဘယ်လို ရေးသလဲ …” တဲ့။ “အထူး မပါ, ပါဘူး ကွန်မြူနစ် ဝါဒပဲ ဖြစ်ဖြစ်၊ ဘာဝါဒပဲ ဖြစ်ဖြစ် အစွန်းရောက်တာ၊ တင်းကြပ်တာတွေ မကောင်းကြောင်း၊ မကြိုက်ကြောင်းပဲ ရေးတာပါ …” လို့ ပြောရင်း စာအုပ် ရနိုင်တဲ့ နေရာကို ပြောပြ လိုက်ပါတယ်။ ကျနော့်ဆီမှာ ရှိတာက မူပွားထားတဲ့ စာအုပ်ကလေးပါ။ ဒေါ်ခင်ကြည်၊ ဒေါ်စုနဲ့ ကျနော်တို့ စကား ပြောနေတဲ့ ဓာတ်ပုံတွေရော၊ စာအုပ်ရော၊ ခွပ်ဒေါင်း အလံရော၊ ကျနော့် ဇနီးက တခြား ပို့လိုက်လို့ အိမ်မှာ မရှိတော့ ပါဘူး။ (ဒေါ်အောင်ဆန်းစုကြည်က သူ့ဖခင် စတင် တည်ထောင် ပေးခဲ့တဲ့ တော်လှန်ရေး ခေတ်ဦး ကာလ ဗမာပြည် ကွန်မြူနစ် ပါတီရဲ့ ကဏ္ဍကို သုတေသန ပြုပြီး စာတမ်း တစောင် ရေးထားတာ ကျိုတို တက္ကသိုလ်မှာ ရှိပါတယ်။ ပုံနှိပ် ဖြန့်ချိဖို့ ကောင်းပါတယ်။)

ကိုတင်ရွှေဟာ ခံယူချက် စွဲမြဲ ခိုင်မာသူ၊ ဆင်ဆင်ခြင်ခြင်နဲ့ ခေါင်းအေးအေး လုပ်တတ်သူပါ။ အညာသား လူရိုးကြီး ပုံစံ အပြည့် ရှိပါတယ်။ ကျနော်ကို တချို့ ရဲဘော်ဟောင်း တွေက အလုပ် ထွက်ပြီး နိုင်ငံရေး လုပ်ဖို့ ပြောကြပေမယ့် ကိုဝင်းတင်နဲ့ ကိုတင်ရွှေ တို့က မပြောကြ ပါဘူး။ စာအုပ် စာတမ်းတွေ (အထူးသဖြင့် ပညာရေးနဲ့ ပတ်သက်တဲ့ စာအုပ် စာတမ်းတွေ) ရှာဖွေ စုဆောင်း ထားဖို့ပဲ ပြောပါတယ်။ ကိုထွေးမြင့် ကလဲ စာအုပ်ပဲ ရှာခိုင်း ခဲ့ပါတယ်။ သူတို့ တတွေဟာ တသက်လုံး ရိုးရိုးသားသား ယုံယုံကြည်ကြည်နဲ့ အဖိနှိပ်ခံ ပြည်သူတွေ ဘက်က အမြဲ ရပ်ကြ ပါတယ်။ လက်ညီ တက်ညီလဲ ရှိကြပါတယ်။ ကိုတင်ရွှေနဲ့ ကိုဝင်းတင်ကို မန္တလေး နိုင်ငံရေး အဖွဲ့အစည်းတွေ ကလဲ သူတို့မန္တလေးသား အဖြစ်နဲ့ လက်ခံ အားကိုး ကြလို့ သူတို့ အဖွဲ့တွေမှာ နာယက အဖြစ်နဲ့လဲ တင်မြှောက် ထားကြ ပါတယ်။

ခု မန္တလေးတိုင်းမှာ ကိုတင်ရွှေကို ဆက်ခံ ဆောင်ရွက် နေတဲ့ ကျောက်ပန်းတောင်းက ရဲဘော် “ဘိုဇံ” ဆိုတာလဲ မန်းတကသ ခေါင်းဆောင်ဟောင်း တယောက်ပါပဲ။ ကျောင်းသား ဘဝ ကတည်းက လက်တွဲခဲ့ကြ သူတွေပါ။ တကယ်တမ်း ပြန်ကြည့် လိုက်တော့ တပြည်လုံးမှာ အဖွဲ့ချုပ် အစ ရှိတဲ့ ဒီမိုကရေစီရေး တိုက်ပွဲဝင် အဖွဲ့အစည်း တွေမှာ အနည်းနဲ့ အများ ပါဝင် လှုပ်ရှား နေကြ သူတွေဟာ ကျနော်တို့ ခေတ်ကတည်းက ဗကသ၊ တကသ ခေါင်းဆောင် တွေချည်း ဖြစ်နေကြလို့ သမိုင်းပေး တာဝန် ကျေပွန်ပြီး အရေးကြီးရင် သွေးစည်းကြတဲ့ သူတို့တတွေ အတွက် ဝမ်းမြောက် ဂုဏ်ယူ မဆုံးပါဘူး။

တချို့ အသက်ပေး သွားကြ ရှာပါပြီ။ အဖွဲ့ချုပ် ခေါင်ဆောင်တွေကို ဗိုလ်အောင်ကြီး အချက်ပြ လိုက်ပြီး ကတည်းက ဖမ်းကြတာ အကုန်ပါပဲ။ ကိုတင်ရွှေလဲ အစက ရှောင်နေ သေးပေမဲ့ သိပ်မကြာလိုက်ဘဲ အဖမ်း ခံပါတယ်။ စစ်တပ် အကျဉ်းထောင်ရဲ့ ဒဏ်ရာ ဒဏ်ချက်တွေကြောင့် ကိုတင်ရွှေ၊ ဗိုလ်သော်က၊ ကိုသိန်းတင်၊ ကိုတင်မောင်ဝင်း၊ ကိုညိုဝင်း၊ ကိုခင်မောင်မြင့်၊ မြို့မ တင်အေး စတဲ့ ရဲဘော်များဟာ ထောင်ထဲနဲ့ ထောင်ဘူးဝ အထွက်မှာပဲ ထမ်းပိုး မချွတ်ဘဲ ကျဆုံး သွားခဲ့ ရှာပါပြီ။ မန်းတက္ကသိုလ် ကျောင်းသား သမဂ္ဂ ခေါင်းဆောင် ရဲဘော်ဟောင်းကြီး၊ အဖွဲ့ချုပ် ခေါင်းဆောင် တဦး ဖြစ်သူ ကျနော်တို့ ခေါင်းဆောင်၊ ကျနော်တို့ အကို၊ မှိုင်းဗေဒ ပညာရှင် စာရေးဆရာ ရဲဘော် တင်ရွှေကို ဒီဆောင်းပါးနဲ့ အမှတ်တရ အလေးပြု လိုက်ပါတယ်။ရဲဘော် တင်ရွှေ ရောက်ရာ ဘဝမှာ သူ အသက် ပေးပြီး တောင်းဆိုခဲ့တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ဘဝကို အပြည့်အဝ ရရှိ ပါစေသတည်း။

ကိုးကားချက်[edit]

  1. မောင်စွမ်းရည်၊ ဧပြီ ၂၊ ၂ဝဝ၈၊ နယူးယောက်