မာတိကာသို့ ခုန်သွားရန်

တင်ကျည်း

ဝီကီပီးဒီးယား မှ

တင်ကျည်း ဆိုသည်မှာ မြန်မာဘုရင်များလက်ထက် တပ်မတော်သုံး လက်နက်တစ်မျိုးဖြစ်သည်။

တင်ကျည်းနှင့်ဝါးရင်းတုတ်

[ပြင်ဆင်ရန်]

တင်ကျည်းဆိုသည်မှာ ကျစ်လျစ် မာကျောသော ဝါးအမျိုးအစားများဖြစ်ကြသည့် ဝါးရင်း(အခေါင်းမပါသောဝါး)များကို မီးသင်းပြီး မာကျောအောင်ပြုလုပ်ထားသည့် တုတ်ရှည် လက်နက်တစ်မျိုး ဖြစ်သည်။

ဝါး နှင့် ပြုလုပ်ထားပြီး လက်နှစ်ဖက်နှင့် ကိုင်တွယ်အသုံးပြု၍ရသည့် လက်နက်ဖြစ်သည်။ ဝါးရင်းဖြင့် ပြုလုပ်ထားခြင်းကြောင့် ဝါးရင်းတုတ်ဟု အလွယ်တကူခေါ်ဆိုကြရာမှ နှောင်းလူတို့သည် တင်ကျည်းနှင့် ဝါးရင်းတုတ် မကွဲပြားတော့ဘဲ မှားယွင်းခေါ်ဝေါ်ကြသည်။

ပြုလုပ်ခြင်း

[ပြင်ဆင်ရန်]

လတ်တလောခုတ်ထားသော အနေတော် လက်တစ်ဆုပ် လုံးပတ်ရှိ ဝါးကို အကိုင်းအခက်ရှင်းပြီး လိုအပ်သော အရှည် အတိုင်းအတာအတိုင်း ခုတ်ဖြတ်ရသည်။ စံသတ်မှတ်ချက်အနေဖြင့် တင်ကျည်းသည် အသုံးပြုတဲ့သူ၏ အရပ်(ခြေဖြားမှ ခေါင်းထိ)အထက် တစ်ထောင့်တစ်ထွာခန့် ပိုရှည်အောင် ပြုလုပ်ကြသည်။ ပြီးနောက် နွားမဒါန်း၏ ကျင်ငယ်ရည်ဖြင့် (၂ )ရက် မှ (၃) ရက်ခန့်အထိ စိမ်ထားရပြီး၊ နေပြင်းပြင်းတွင် (၂) ရက် (၃) ရက်ခန့် လှန်းကာ အစိုဓာတ်ကိုဖယ်ထုတ်ရသည်။ ထို့နောက်ဝါးအကြောမာစေရန် အပြန်ပြန် အလှန်လှန် မီးပြပြီး ဖြောင့်စင်းလာစေရန်  ပေပေါ်တင်၍ တူဖြင့်ထုရသည်။ ၎င်းအဆင့်များ ပြီးသွားပါက မာကျောဖြောင့်စင်းနေသည့် တင်ကျည်းတုတ် ရရှိပြီဖြစ်သည်။

လက်နက်အဆင့်ရောက်အောင် မွမ်းမံခြင်း

[ပြင်ဆင်ရန်]

လက်နက်အဖြစ်အသုံးပြုရန် တင်ကျည်းတုတ်၏ ထိပ်နှစ်ဖက်ကိုချွန်ပြီး မာကျောလာ‌ စေရန်ပြုလုပ်ရသည်။ ထို့နောက် ထိပ်ပိုင်း၊ အလယ်ပိုင်း ၊ လက်ကိုင်နေရာနှင့် အောက်ပိုင်းနေရာများကို သေးသွယ်ကျစ်လျစ်သည့် လျှော်ကြိုးများဖြင့် တင်းတင်းကျပ်ကျပ်စည်းနှောင်ရသည်။ ၎င်းအဆင့်များ ပြီးသွားလျင် လှံကဲ့သို့ ထိုးနိုင်ပြီး တုတ်ရှည်ကဲ့သို့လည်း လှည့်ပတ်ကစားနိုင် ရိုက်နိုင်သည့်  တင်ကျည်းလက်နက်ကို ရရှိပါသည်။

လက်နက်၏စွမ်းရည်

[ပြင်ဆင်ရန်]

တင်ကျည်းလက်နက်သည် ဓားဖြင့်အလွယ်တကူ ပိုင်းဖြတ်၍ မရ‌နိုင်သည်အထိ မာကျောလှသည့်အပြင် ၎င်း၏ဝါးချွန်ထိပ်များသည် ကျွဲသားရေချပ်များ ကိုပင် ဖောက်နိုင်သည်။ ရိုက်နှက်ခံရရင်လည်း ကိုယ်တွင်းဒဏ်ရာရရှိနိုင်သည်။ ကိုင်တွယ်အသုံးပြုရာတွင် ကျစ်လျစ်ပေါ့ပါးပြီး သယ်ဆောင်ရလွယ်ကူသည်။ ထိုခေတ်က သံထည်လက်နက်များထက် ပြုလုပ်ရ လွယ်ကူလျင်မြန်သည်။ ‌ကုန်း‌ဘောင်ခေတ် အလောင်းမင်းတရားဦး‌အောင်ဇေယျ လက်ထက်တွင် ထိုတင်ကျည်းတပ် များသည် အလွန်အရေးပါခဲ့ပြီး တင်ကျည်းလက်နက် အသုံးပြုမှုများသည်လည်း များစွာ တွင်ကျယ်ခဲ့လေသည်။

အသုံးပြုခြင်း

[ပြင်ဆင်ရန်]

တင်ကျည်းလက်နက် အသုံးပြု တိုက်ခိုက်ရန်အတွက် ဓား၊ လှံတို့ကဲ့သို့ပင် သိုင်းပညာ သီးသန့်ရှိခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]

    အလောင်းမင်းတရားကြီး အရေး‌တော်ပုံကျမ်း