တင့်ဆွေ၊ ဦး၊ သံအမတ်ကြီး
ဦးတင့်ဆွေသည် ကျောင်းဆရာအဖြစ်ဖြင့်လည်းကောင်း၊ စာရေးဆရာ အဖြစ်ဖြင့်လည်းကောင်း၊ သတင်းစာဆရာအဖြစ်ဖြင့်လည်းကောင်း၊ သီဟိုဠ်နိုင်ငံ အတွက် မြန်မာသံအမတ်အဖြစ်ဖြင့်လည်းကောင်း၊ ထင်ရှားခဲ့သော ပုဂ္ဂိုလ် ဖြစ်ပေသည်။ ဦးတင့်ဆွေကို ရန်ကုန်မြို့ ၂၅ လမ်း(စာဆိုတန်း) ၌ အဖ စာတော်ပြန်ဝန်ထောက် ဦးဖိုးဖြူ၊ အမိ ကဝိမျက်မှန် စာပုံနှိပ်တိုက်ပိုင်ရှင် ဒေါ်အေးမေတို့မှ ခရစ် ၁၉၀၆ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် ဖွားမြင်သည်။ အဖဖြစ်သူ ဦးဖိုးဖြူ သည် လောကုပ္ပတ္တိကျမ်း၊ ဗုဒ္ဓုပ္ပတ္တိကျမ်းများကို ပြုစုခဲ့သော ကျမ်းပြုပုဂ္ဂိုလ်ကြီးတစ်ဦးလည်းဖြစ်၍ အမိဖြစ်သူ ဒေါ်အေးမေ ကား စပယ်ပင်၊ ရွှေပြည်စိုး၊ သုံးဘုံ၊ တနန်းပျော် ရင်သွေးတော် အစရှိသော ဝတ္ထုများကိုရေးသားခဲ့သူ ရာဇဝတ်ဝန်ထောက် ဦးလတ်၏ အစ်မ တဝမ်းကွဲဖြစ်သည်။ မွေးချင်း ၇ ယောက် ရှိသည့်အနက် ဦးတင့်ဆွေသည် ဆဋ္ဌမမြောက် သားဖြစ်သည်။ စာသင်အရွယ်ရောက်သော်၊ ဦးတင့်ဆွေ သည် ရန်ကုန်မြို့ ဘီဂင်းဒတ် အင်္ဂလိပ်ကျောင်းတွင်စတင်၍ ပညာဆည်းပူးသည်။
ထိုနောက် အစိုးရအထက်တန်းကျောင်းသို့ ပြောင်းကာဆက်လက်၍ ပညာသင်ယူနေစဉ် ၁၉၂၀ ပြည့်နှစ် ပထမကျောင်းသားသပိတ် ဖြစ်ပေါ်လာသောအခါ အစိုးရကျောင်းကို သပိတ်မှောက်၍ တည်ထောင်စဖြစ်သော ရန်ကုန်မြို့၊ မြို့မအမျိုးသား အထက်တန်းကျောင်းတွင် ဆက်လက်ပညာသင်ယူခဲ့သည်။ မြို့မအမျိုးသားအထက်တန်းကျောင်းမှ ၁၀ တန်း အောင်မြင်သောအခါ ရန်ကုန်တက္ကသိုလ်ကျောင်း၌ ဆက်လက်၍ ပညာဆည်းပူးရာ ၁၉၃၁ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ ထိုနောက် မြို့မ အမျိုးသားအထက်တန်းကျောင်းတွင် အထက်တန်းပြဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်ယင်း ဥပဒေပညာကို သင်ယူပြန်ရာ ဥပဒေ ဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။
၁၉၃၅ ခုနှစ်၌ ဦးတင့်ဆွေသည် ကျေးလက်တောရွာ ပြုပြင်ရေးပညာရပ်များကို လေ့လာရန်အတွက် အစိုးရ ပညာတော်သင် အဖြစ်ဖြင့် အင်္ဂလန်ပြည် အိတ်ဇီတာကောလိပ်သို့ ရွေးချယ်စေလွှတ်ခြင်းခံရသည်။ ဦးတင့်ဆွေသည် အိတ်ဇီတာကောလိပ်မှ ဆရာဖြစ်ဒီပလိုမာဘွဲ့ကို ရရှိခဲ့သည်။ ဦးတင့်ဆွေသည် အင်္ဂလန် နိုင်ငံ၌ ပညာတော်သင်အဖြစ် သင်ကြားနေစဉ်အတွင်း ဥရောပတိုက်နိုင်ငံများသို့လှည့်လည်ကာ ဒေသန္တရ ဗဟုသုတများကို လေ့လာဆည်းပူးခဲ့သေးသည်။
မြန်မာနိုင်ငံသို့ ပြန်ရောက်သောအခါ ဦးတင့်ဆွေသည် မန္တလေးမြို့ အစိုးရဆရာဖြစ်သင် နော်မန်ကျောင်းတွင် ကျောင်းအုပ်ကြီးအဖြစ်ဆောင်ရွက်သည်။ ၁၉၃၉ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးဖြစ်စတွင် ပြည်ထဲရေးနှင့် ကာကွယ်ရေးဌာန လက်အောက်၌ ဝါဒနှင့် သတင်းဖြန့်ချိရေး အရာရှိအဖြစ် အမှုထမ်းခဲ့သည်။ ဦးတင့်ဆွေသည် ၁၉၄၀ ပြည့်နှစ် အသက် ၃၄ နှစ်အရွယ် တွင်ဥပဒေပြုအမတ်၊ မြေပိုင်ရှင်ဦးဘဗြူနှင့် ဇနီး ဒေါ်ဒေါ်သိန်း တို့၏သမီး နိုင်ငံကျော်စန္ဒယားချန်ပီယံ ဦးကျော်၏အစ်မဖြစ်သူ ဒေါ်ထားရီနှင့် ထိမ်းမြားခဲ့ရာ သမီးတစ်ယောက်သာ ထွန်းကားခဲ့လေသည်။
ဂျပန်ခေတ်တွင် ဦးတင့်ဆွေသည် မန္တလေးမြို့မှ ထုတ်ဝေသော တိုင်းချစ်သတင်းစာတွင် ခေတ္တမျှ အယ်ဒီတာလုပ်ခဲ့ပြီး နောက် ဝန်ကြီးချုပ်ရုံးတွင် အတွင်းဝန်အဖြစ်ဖြင့်လည်းကောင်း၊ သာသနာရေး၊ နိုင်ငံတော်ကြီးပွားရေး၊ ဝါဒဖြန့်ချိရေး ဝန်ကြီးဌာနတွင် အတွင်းဝန်အဖြစ်ဖြင့်လည်းကောင်း ဆောင်ရွက်ခဲ့လေသည်။ ၁၉၄၃ ခုနှစ် တွင် ဦးတင့်ဆွေသည် ဒေါက်တာဗမော်၊ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြတို့အမှူးပြုသောအဖွဲ့တွင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်၍ ဂျပန်ပြည်၊ ဖိလစ်ပိုင်၊ ဖော်မိုးဆား၊ စင်္ကာပူတို့သို့ လိုက်ပါလှည့်လည်ခဲ့ဘူးသည်။
ဒုတိယကမ္ဘာစစ်ကြီး အပြီးတွင် ဦးတင့်ဆွေသည် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော ဘားမင်းသတင်းစာ အယ်ဒီတာချုပ် အဖြစ်ဖြင့် ဆောင်ရွက်လေသည်။ ထို့ပြင် ဦးတင့်ဆွေသည် ယူနက်စကိုကော်မရှင်၏ မြန်မာနိုင်ငံဆိုင်ရာအဖွဲ့တွင် ဒုတိယ ဥက္ကဋ္ဌအဖြစ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံ ပညာရေးစုံစမ်းရေးကော်မတီ ဝင်အဖြစ်ဖြင့်လည်းကောင်း၊ ရုပ်ရှင်ဆင်ဆာလူကြီးအဖြစ်ဖြင့်လည်းကောင်း၊ သတင်းစာ အကြံပေးအဖွဲ့ဝင်အဖြစ်ဖြင့်လည်းကောင်း ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ တာဝန်များကို ထမ်းရွက်ခဲ့သေးသည်။
၁၉၅၀ ပြည့်နှစ် ဇန်နဝါရီလတွင်ကား ဦးတင့်ဆွေသည် သီဟိုဠ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်း ခံရခဲ့ပေသည်။ သံအမတ်ကြီးအဖြစ် ဝတ္တရား ရွက်ဆောင်နေစဉ် အတွင်း ဦးတင့်ဆွေသည် ၁၉၅၂ ခုနှစ်၌ နယူးယော့မြို့တွင် ကျင်းပခဲ့သော ကမ္ဘာ့ကုလသမဂ္ဂ အစည်းအဝေးကြီးသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်တော်အဖြစ် တက်ရောက်ခဲ့သေးသည်။
သို့ရာတွင် ဦးတင့်ဆွေ ကျင်လည်ခဲ့သော ဘဝအမျိုးမျိုးတို့တွင် စာရေးဆရာဘဝကိုမူ တကဏ္ဍခွဲခြား ဖော်ပြရပေလိမ့်မည်။ ဦးတင့်ဆွေသည် စာရေးဆရာ ဦးတင့်ဆွေအဖြစ်ဖြင့် ကွယ်လွန်သည့်တိုင်အောင် ထင်ရှားခဲ့သောပုဂ္ဂိုလ်ဖြစ်သည်။ ၁၉၄၉ ခုနှစ်၌ မြန်မာနိုင်ငံ စာရေးဆရာအသင်း၏ ဥက္ကဋ္ဌအဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံခဲ့ရသည်။ ဦးတင့်ဆွေသည် ကျောင်းသား ဘဝကပင် ကဝိမျက်မှန်မဂ္ဂဇင်း၌ ‘တာတေ’၊ ‘ရွှေဘိုမောင်လတ်တူ’ဟူသော ကလောင်အမည်များဖြင့် ဝတ္ထုတိုနှင့် ကဗျာ အမြောက်အမြားကို ရေးသားခဲ့ပေသည်။ ဖခင်သည်လည်းကောင်း၊ ဦးလေးသည်လည်းကောင်း စာပြုပုဂ္ဂိုလ် စာဆိုတော် အကျော်အမော်များချည်း ဖြစ်ကြသဖြင့် ဦးတင့်ဆွေ၌ စာပေအရေးအသား ဗီဇအခံသည် မွေးကတည်းက ပါလာဟန်တူသည်။ ‘ရွှေဘို မောင်လတ်တူ’ ဟူသော ကလောင်အမည်ဖြင့် ဦးတင့်ဆွေ ရေးသားခဲ့သည့် ဝတ္ထုများအနက် ‘ရတီမှန်’ အမည်ရှိသောဝတ္ထု ရှည်ကြီးကား အပြီးသို့မရောက်ချေ။ ဆောင်းပါးများကိုကား ဦးတင့်ဆွေသည် နာမည်ရင်းဖြင့်ပင် ရေးသားလေ့ရှိ၍ လူလားမြောက်သည့်အရွယ်ကပင် ရန်ကုန်ဂေဇက်နှင့် ရန်ကုန်တိုင်း သတင်းစာများတွင် ဆောင်းပါးများ ရေးသားခဲ့ဘူးသည်။
စစ်ပြီး ခေတ်၌ ဦးတင့်ဆွေသည် သွေးသောက်၊ ရှုမဝ၊ ပဒေသာ၊ ကြေးမုံ၊ တော်ဝင်နှင့် မြဝတီမဂ္ဂဇင်းများတွင် ဒေသန္တရ၊ ရာဇဝင်၊ ကိုယ်ကျင့်တရား၊ ကလေးသူငယ်နှင့် အမျိုးသမီးများအား စောင့်ရှောက်ကာကွယ်ရေး ဆောင်းပါးများကို ရေးသားခဲ့ပေသည်။ ကွယ်လွန်သည်အထိ စုစုပေါင်း စာအုပ် ၅ အုပ်ကို လည်း ဦးတင့်ဆွေသည် ရေးသားပြုစုခဲ့၏။ ယင်းစာအုပ်များမှာ လန်ဒန်ဆောင်းပါး၊ ရင်သွေး၊ ကလေးလောက ဒီမိုကရေစီစိတ်ထား နှင့် တက်လူနှင့်တက်လမ်းတို့ဖြစ်သည်။ ထို့ပြင် ဦးတင့်ဆွေ ကွယ်လွန်ပြီးသည့်နောက်မှ သူရေးသားခဲ့သော ဆောင်းပါးအချို့ ကို ‘၂၄ နာရီ’ဟူသော အမည်ဖြင့် သွေးသောက်စာအုပ်တိုက်မှ ပုံနှိပ်ထုတ်ဝေခဲ့ပေသည်။
ဦးတင့်ဆွေသည် ဆောင်းပါးများကို ရေးသားသောအခါ ယောနိသော မနသိကာရတည်းဟူသော ကောင်းစွာနှလုံးသွင်း ခြင်းနှင့် မိမိကိုယ်ကို နှိမ့်ချခြင်း၊ မိမိကိုယ်ကို မိမိကိုယ်တိုင် သုံးသပ်ဆင်ခြင်ခြင်း သဘောတို့ကို ထည့်သွင်းရေးသားလေ့ရှိ သည်။ ယောနိသော မနသိကာရမှာ ဦးတင့်ဆွေ၏ စာရိတ္တ အရင်းခံလည်းဖြစ်သည်။ သူသည် ပကတိတည်ငြိမ်သောစိတ်နှင့် အစဉ်ပြုံး၍ နေတတ်ခြင်းကြောင့် လူချစ်လူခင်ပေါများသော ပုဂ္ဂိုလ်ဖြစ်ပေသည်။ သူကိုယ်တိုင်ကလည်း ရပ်မှုရွာမှုအသင်း အဖွဲ့ကိစ္စများတွင်ပါဝင်ကာ ကူညီဆောင်ရွက်လေ့ရှိသည်။
ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြားနေစဉ်အခါက တက္ကသိုလ်ကျောင်းသားသမဂ္ဂနှင့် သုစရိတယုဝ အသင်းများကို စတင်တည်ထောင်သူများ အနက်တစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။ ထိုခေတ်က သုစရိတယုဝ အသင်းသည် သေရည်သေရက် ရှောင်ကြဉ်ခြင်းနှင့် ပိတ်ပင်ခြင်းတို့ကို လှုံ့ဆော်အားပေးသောအသင်း ဖြစ်သည်။
၁၉၅၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံတော်အစိုးရသည် ဦးတင့်ဆွေအား သီဟိုဠ်နိုင်ငံအတွက် သံအမတ်ခန့်အပ်လေသည်။ ၁၉၅၃ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် ဦးတင့်ဆွေသည် သံအမတ်ဝတ္တရားကို ထမ်းရွက်နေစဉ် အတွင်း ကိုလံဘိုမြို့တွင် ကွယ်လွန်ခဲ့ရာ သူ၏ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို ရန်ကုန်မြို့သို့ ယူဆောင်လာကာ တခမ်းတနား သဂြိုဟ်ကြလေသည်။
ကိုးကား
[ပြင်ဆင်ရန်]မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)